DVB Logo
Home
မြန်မာသတင်း
ဖေ့စ်ဘွတ်ခ်ကတဆင့် ယာဉ်မောင်းလိုင်စင်အတု ပြုလုပ်ပေးသူများကိုဖမ်းဆီး
DVB
·
June 5, 2018
ဖေ့စ်ဘွတ်ခ်ကတဆင့် ယာဉ်မောင်းလိုင်စင်အတု ပြုလုပ်ပေးသူများကိုဖမ်းဆီး
1 / 4
Donate to DVB

 

လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘွတ်ခ်ကတဆင့် ယာဉ်လိုင်စင်/ယာဉ်မောင်းလိုင်စင် ပြုလုပ်ပေးမယ်လို့ ဖော်ပြပြီး လိုင်စင်အတုပြုလုပ်ရောင်းချသူတွေကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

မတ်လ ၁၀ ရက်နေ့က ဖေ့စ်ဘွတ်ခ်မှာ Wai Yan နာမည်အကောင့်ကနေ ရန်ကုန်တိုင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန အနောက်ပိုင်းခရိုင်ဦးစီးမှူး လက်မှတ်ပါတဲ့ ယာဉ်မောင်းလိုင်စင်အတုတွေ ပြုလုပ်ပေးနေတယ်လို့ ဖော်ပြထားတာကို တွေ့လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းဖော်ထုတ်ရေး တပ်ဖွဲ့ဝင်တွေနဲ့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ဝန်ထမ်းတွေ ပူးပေါင်း ဖမ်းဆီးတာလို့ ရဲတပ်ဖွဲ့ ကထုတ်ပြန်ပါတယ်။

မေလ ၂၅ ရက်က လိုင်စင်ပြုလုပ်ပေးမယ့်သူရဲ့ ဖုန်းနံပါတ်ကို ရဲတပ်ဖွဲ့က ဆက်သွယ်ခဲ့ရာမှာ တောင်ဥက္ကလာပမြို့နယ်၊ ဘေလီတံတားအဆင်း လက်ဖက်ရည်ဆိုင်မှာ စမ်းချောင်းမြို့နယ်နေ မမေပွင့်ဖြူ (၂၆)နှစ်နဲ့ အင်းစိန်မြို့နယ်နေ မထိုက်ဇာခြည်သင်း (၂၆) နှစ်တို့ ရောက်ရှိလာပြီး ယာဉ်မောင်းလိုင်စင်ကို ၂၅၀၀၀၀ ကျပ်နဲ့ ပြုလုပ်ပေးမယ်လို့ ပြောဆိုပြီး စရံငွေ ၅၀၀၀၀ ကျပ်ပေးရမှာဖြစ်ကာ လိုင်စင်ကို ဇွန် ၁ ရက်နေ့မှာ ရရှိမှာဖြစ်တယ်လို့ ချိန်းဆိုခဲ့ပါတယ်။

ဇွန် ၁ ရက်နေ့လည်မှာ သင်္ဃန်းကျွန်းမြို့နယ်၊  ငမိုးရိပ်ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်သို့ မမေပွင့်ဖြူနဲ့ မထိုက်ဇာခြည်သင်းတို့ ရောက်လာတဲ့အတွက် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေဟာ သူတို့ရဲ့အိတ်အတွင်း ရှာဖွေခဲ့ရာ ယာဉ်မောင်းလိုင်စင် အတု၊ ပြေစာ၊ ဓာတ်ပုံ၊ လက်ကိုင်ဖုန်း (၃) လုံး၊  လိပ်စာကတ်နဲ့ ငွေ ၁၅၃,၆၅၀ ကျပ် တွေ့ရှိသိမ်းဆည်း ရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မဂျူလီယာ(ခ)မဂျူလီယာနူးကို စစ်ဆေးရာ We Chat မှ ခင်မင်ရင်းနှီးသူ ထွန်းလှိုင်ဆို သူထံက ယာဉ်မောင်း လိုင်စင်(၁)ခုကို ငွေ ၉၀,၀၀၀ ကျပ်နဲ့ မှာယူရကြောင်း၊ လိုင်စင်ကို ထွန်းလှိုင်ချိန်းဆိုတဲ့နေရာကို သွားရောက် ယူဆောင်ရကြောင်းပေါ်ပေါက်တဲ့အတွက် We Chat က တဆင့် ထွန်းလှိုင်ကို ဆက်သွယ်ခဲ့ရာ သူ ချိန်းဆိုတဲ့ လှိုင်မြို့နယ်၊ အမှတ် (၁၃) ရပ်ကွက်၊  စတိုးဆိုင်အရှေ့မှာ ယာဉ်မောင်းလိုင်စင်အတုနဲ့အတူ ထွန်းလှိုင်ကို ဖမ်းမိခဲ့ပါတယ်။

အမှတ် (၁၃)ရပ်ကွက်ရှိ ထွန်းလှိုင်နေထိုင်တဲ့ အိမ်သို့သွားရောက် ရှာဖွေရာ လိုင်စင်အတုပြုလုပ်ရာမှာ အသုံးပြုတဲ့ ကာလာပရင်တာ၊ စမတ်ကတ်ထုတ်တဲ့စက်၊ လက်တော့ပ်၊ CD နဲ့ ဆက်စပ်ပစ္စည်း တွေ တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ထွန်းလှိုင်အားစစ်ဆေးခဲ့ရာ ယာဉ်မောင်းလိုင်စင်အတုပြုလုပ်ရာမှာ လှိုင်သာယာမြို့နယ်၊ အမှတ်(၆) ရပ်ကွက် နေဇော်လင်းအောင် (၄၆)နှစ်နဲ့အတူ ပြုလုပ်ခဲ့ကြောင်း ပေါ်ပေါက်တဲ့ အတွက် ဇော်လင်းအောင်နေအိမ်ကို သွားရောက်ရှာဖွေရာ ယာဉ်မောင်းလိုင်စင်အတု ပြုလုပ် ရာမှာ  အသုံးပြုတဲ့ယာဉ်မောင်းလိုင်စင် စစ်ဆေးတဲ့စက်၊ လက်တော့ပ်၊ စာရွက်စာတမ်းတွေ သိမ်းဆည်းရမိတဲ့အပြင် လိုင်စင်မဲ့ယာဉ်တွေဖြစ်တဲ့ Alphard (၁) စီးနဲ့ Mark-II (၁) စီး သိမ်းဆည်းရမိခဲ့ပါတယ်။

ဒါ့အပြင်လှိုင်သာယာမြို့နယ်၊  FMI ဝင်းထဲက နေအိမ်မှာလည်း အတု ပြုလုပ် ကြောင်းပေါ်ပေါက်တဲ့အတွက် ဆက်လက်ရှာဖွေခဲ့ရာ ဆော့ဖ်ဝဲ(၂)ခွေ၊ စမတ်ကတ် ထုတ်တဲ့စက်၊  လက်တော့လ် (၁)လုံး၊ ယာဉ်မောင်းလိုင်စင်ကတ်အတု ပြုလုပ်ရာမှာ အသုံးပြုတဲ့ ကတ်တွေ၊ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တာပါ။

ယာဉ်မောင်းလိုင်စင်နဲ့ ယာဉ်လိုင်စင်တွေကို အတုပြုလုပ်ရောင်းချသူ မမေပွင့်ဖြူပါ (၅) ယောက်တို့ကို သက်ဆိုင်ရာရဲစခန်းတွေမှာ အသီးသီးအမှုဖွင့် အရေးယူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013