DVB Logo
Home
မြန်မာသတင်း
စစ်ဘေးရှောင်ပြည်သူတွေရဲ့ လိုအပ်ချက်ကို အာရုံစိုက်ကူညီရန် အိုင်စီအာစီ တိုက်တွန်း
DVB
·
June 5, 2018
စစ်ဘေးရှောင်ပြည်သူတွေရဲ့ လိုအပ်ချက်ကို အာရုံစိုက်ကူညီရန် အိုင်စီအာစီ တိုက်တွန်း
Donate to DVB

ကချင်ဒေသစစ်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေဟာ မြို့ပေါ်ရှိ ဘုရားကျောင်းတွေမှာ ယာယီခိုလှုံနေကြရပြီး သူတို့အတွက်လိုအပ်တဲ့ အကူအညီတွေကို အာရုံစိုက်လုပ်ပေးသင့်တယ်လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (အိုင်စီအာစီ)က တိုက်တွန်းပါတယ်။

အာဏာပိုင်တွေအနေနဲ့ ကချင်ပြည်နယ်မှာ စစ်ဘေးရှောင်စခန်းတွေ ထပ်ဖွင့်ခွင့်မပေးတဲ့အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။

အိုင်စီအာစီအဖွဲ့ရဲ့ မြန်မာနိုင်ငံ တာဝန်ခံ Fabrizio Carboni ကတော့ “ကျနော်တို့ နားလည်ဖို့ လိုအပ်တာက စစ်ဘေးရှောင်စခန်းတွေနဲ့ ဖြေရှင်းလို့မရပါဘူး ဆိုတာပါပဲ။ ကျနော်တို့တွေအနေနဲ့ အဲဒီပြည်သူတွေ ဘာလိုအပ်နေလဲ ဆိုတာကိုပဲ အာရုံစိုက်သင့်တယ်။ သူတို့တွေက ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြသူတွေပါ။ ဒါကြောင့် စစ်ဘေးရှောင်စခန်း အကြောင်းအရာအပေါ် အာရုံစိုက်ဖို့ မသင့်ပါဘူး”လို့ ဒီဗွီဘီနဲ့ သီးသန့် တွေ့ဆုံမေးမြန်းစဉ်မှာ ပြောပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်ပြည်သူတွေကို အမြန်ဆုံး နေရပ်ပြန်နိုင်အောင် လုပ်ဆောင်ပေး သင့်ပြီး၊ အဲဒီလိုလုပ်ဆောင်မှသာ သူတို့ရဲ့ဘ၀ကို ပြန်အစပြုနိုင်မယ်လို့လည်း ပြောပါတယ်။

လက်ရှိမှာတော့ မြန်မာအစိုးရအနေနဲ့ ပြည်နယ်လေးခုမှာရှိတဲ့ မြို့နယ် ၁၅ ခုက ဒုက္ခသည်စခန်းတွေကို ပိတ်သိမ်းဖို့ မဟာဗျူဟာတခု ရေးဆွဲနေပြီး ပြီးစီးပါက မဖြစ်မနေ ပိတ်ရမယ်လို့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ညွှန်ကြားရေးမှူး  ဒေါက်တာအောင်သူရိန်က ပြောပါတယ်။

“အချိန်သတ်မှတ်ပြီး လုပ်မှာတော့ မဟုတ်ပါဘူး။ သူတို့ကို နေရပ်ပြန်ခိုင်းဖို့ဆိုတာက သူတို့အတွက် အလုပ်အကိုင်တွေ ဖန်တီးပေးရမယ်။ ပညာရေးကအစ အကုန်ဖန်တီး ထောက်ပံ့ ပေးနိုင်ပြီးမှသာလျှင် ပိတ်ဖို့လုပ်မှာပါ။ အဲဒါတွေကို ဘယ်လိုလုပ်ရမယ်ဆိုတာ မဟာဗျူဟာထဲမှာ ပါမှာပါ”လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ကချင်၊ ကရင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်တွေက အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို အဲဒီပြည်နယ်တွေမှာ သီးခြားစီ လုပ်ဆောင်သွားဖို့ကိုလည်း ဝန်ကြီးဌာနဘက်က စီစဉ်နေပါတယ်။

ဝန်ကြီးဌာနရဲ့စာရင်းအရ အဆိုပါ မြို့နယ်လေးခုက မြို့နယ် ၁၅ ခုမှာ စစ်ဘေးရှောင် ပြည်သူ တသိန်းခွဲကျော်ရှိနေပြီး စခန်းပေါင်းငယ်ပေါင်း ၁၄၀ ရှိနေတယ်လို့ သိရပါတယ်။

ကချင်လူငယ်ထုလှုပ်ရှားမှုကော်မတီက ခေါင်းဆောင်တဦးဖြစ်တဲ့ မဆွတ်ဆိုင်းထွယ် ကတော့ အစိုးရအနေနဲ့ ပြည်နယ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုသာ ဦးစွာဆောင်ရွက်သင့် ပြီးမှသာ စစ်ဘေးရှောင်စခန်းတွေ ပိတ်ဖို့ ဆောင်ရွက်သင့်တယ်လို့ ဆိုပါတယ်။

“၇ နှစ်နီးပါး ရှိနေပြီ။ ထွက်ပြေးလာခဲ့ကြရတာ။ ကချင်မှာ ပိတ်သိမ်းလို့ရတဲ့ စခန်း မရှိသေးဘူး။ နောက်ပြီး အဲဒီက ပြည်သူတွေထွက်ပြေးခဲ့တဲ့နေရာတွေမှာ တပ်မတော်ဘက်က တပ်စွဲထားတုန်းပဲ။ အဲဒါတွေကို အရင်လုပ်ပေးသင့်ပါတယ်”လို့ မဆွတ်ဆိုင်းထွယ်က ပြောပါတယ်။

ကရင်ပြည်နယ်၊ မြိုင်ကြီးငူဒေသမှာလည်း တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်စခန်း နှစ်ခုအသစ် ထပ်မံပေါ်ပေါက်ခဲ့ပြီး အဲဒီစခန်းနှစ်ခုမှာ အိမ်ထောင်စုပေါင်း ၉၄၄စုနဲ့ လူဦးရေ ၅၆၀၂ဦးရှိတယ်လို့ စခန်းကြီးကြပ်ရေးမှူး ဦးထွန်းက ဆိုပါတယ်။

“ပြန်ချင်စိတ်တော့ရှိကြတယ်။ ဒါပေမယ့်လုံခြုံမှုရှိမှပြန်လို့ရမှာလေ။ နောက်ပြီးအခုဆိုရင် စားနပ်ရိက္ခာလည်းမလောက်ဘူး”

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကတော့ စခန်းတွေ ပိတ်သိမ်းနိုင်ဖို့အတွက် နိုင်ငံတော်က ဦးဆောင်သွားမှာဖြစ်ပြီး နိုင်ငံတကာက လက်ခံနိုင်တဲ့ မဟာဗျူဟာစီမံချက်ကိုလည်း ချမှတ်ရမယ်လို့ ဇွန် ၂ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စီမံချက်ရေးဆွဲနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲမှာ ပြောပါတယ်။

သတင်း - ရဲမွန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013