
စစ်ကိုင်တိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ သက်ပေးအုပ်စု၊ တာတိုင်းကျေးရွာရှိ မူလတန်း ကျောင်းဆောင်သစ်က ဆောက်လုပ်ပြီး မကြာခင်မှာ အောက်ခြေဖောင်ဒေးရှင်းကနေ စတင်ကာ အက်ကွဲနေတာကြောင့် အန္တရာယ်ရှိနေတဲ့အတွက် ဒေသခံတွေက အသစ်ဆောက်လုပ်ပေးဖို့ လိုလားနေကြတာပါ။
အလျား ၆၀ ပေ၊ အနံ ၃၀ ပေရှိတဲ့ နံကပ် တထပ်ကျောင်းဆောင်ကို ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ ပညာရေးရန်ပုံငွေနဲ့ ပြည့်ကုဋေကုမ္ပဏီက တာဝန်ယူဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အထိ ကျောင်းဆောင်ကို အပ်နှံခြင်းမရှိသေးတဲ့ အပြင် ကျောင်းဆောင်က အသုံးမပြုရသေးခင်ကတည်းက ကြမ်းပြင်၊ နံရံတွေမှာ အက်ကွဲတာ တွေ ဖြစ်ပေါ်နေတာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကျောင်းကော်မတီနဲ့ ကျောင်းသားမိဘတွေကတော့ အသစ်ပြန်ဆောက်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ကုမ္ပဏီက အက်ကွဲကြောင်းတွေကို ဖာထေးတာတွေ ပြုလုပ်ပြီး အသေးစားပြင်ဆင်မှုတွေ လုပ်ဆောင်နေတဲ့အတွက် ကျောင်းဖြစ်မြောက်ရေးကော်မတီက မေ ၂၈ ရက်နေ့က တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တိုင်ကြားစာပေးပို့ထားပါတယ်။
ဒီကျောင်းဆောင်နဲ့ပတ်သက်ပြီး တိုင်းဒေသကြီးလွှတ်တော် ပို့/ဆက်/ဆောက်လုပ်ရေးကော်မတီကလည်း ဇွန် ၂ရပ်နေ့မှာ ကွင်းဆင်း စစ်ဆေးခဲ့ပါတယ်။
ခင်ဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းသင်းကြူက "ငလျင်လှုပ်တာ၊ မုန်တိုင်းတိုက်တာ စတဲ့ သဘာဝဘေးအန္တရာယ်လည်း မရှိဘူး။ ကုမ္ပဏီက ပြောတာတော့ အောက်မှာ ကျောက်ခံလို့ဆိုပြီးပြောတာ။ ဒါပေမယ့် ပို့/ဆက်ကော်မတီ ကနေ သူတို့ရှေ့တင် တိုင်ခြေတွေကို တူးကြည့်တော့ ဘာကျောက်ကြီးမှမခံဘူး။ BQ၊ QC တွေနဲ့ လုံးဝကိုက်ညီမှုမရှိဘူး။ အဲဒီနားက တစ်ရွာမှာလည်း တခြားကုမ္ပဏီတစ်ခုကနေ ပုံစီတူ အဆောက်အဦးတစ်ခုဆောက်တာ ဘာမှမဖြစ်ဘူး။ ကျောင်းက လူတောင်မနေရသေးဘူး အခုလို ဖြစ်နေတော့ ကလေးတွေအတွက် အရမ်းအန္တရာယ်များတယ်။”လို့ပြောပါတယ်။
အသေးစားပြင်ဆင်ရုံနဲ့မရဘဲ ကျောင်းဆောင်အသစ်ဆောက်မှသာ အဆင်ပြေမှာဖြစ်တယ်၊ လောလောဆယ် ကျောင်းသားတွေကို ဒီအဆောင်ထဲမှာ မထားဖို့ ပြောထားပြီး ဘေးလွတ်ရာမှာ ယာယီကျောင်းဆောင်ဆောက်ပြီး သင်ဖို့ ပြောထား တယ်။ ရေးရာကော်မတီကတော့ တွေ့ရှိချက်တွေကို လွှတ်တော်မှာ တင်သွင်းမယ်လို့လည်းဆိုပါတယ်။
အဆောက်အဦတွေ အရည်အသွေးပြည့်မှီတာမရှိရင်၊ စာချုပ်ပါစည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုက်ညီရင် ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်တဲ့အပြင် ဆောက်လုပ်တဲ့ ကုမ္ပဏီ တွေကိုလည်း တင်ဒါစည်းမျဉ်းစည်းကမ်း ဥပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောပါတယ်။ ဒါ့အပြင် Third Party တွေနဲ့လည်း စစ်ဆေးဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းအတွင်း တိုင်းဒေသကြီးရန်ပုံငွေ၊ ပြည်ထောင်စုရန်ပုံငွေနဲ့ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေထဲက အချို့မှာ အရည်အသွေးမမှီတဲ့အတွက် စိစစ်အရေးယူပေးဖို့ လွှတ်တော်က တဆင့် တင်ပြတောင်းဆိုတာတွေလည်းရှိနေပါတယ်။










