DVB Logo
Home
မြန်မာသတင်း
ဗီဇာစည်းကမ်းဖောက်ဖျက်သည့် တရုတ်နိုင်ငံသား ၄ ဦးကိုအရေးယူ
DVB
·
June 5, 2018
ဗီဇာစည်းကမ်းဖောက်ဖျက်သည့် တရုတ်နိုင်ငံသား ၄ ဦးကိုအရေးယူ
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ ဒုံဖီစံပြကျေးရွာမှာ ဗီဇာစည်းကမ်းဖောက်ဖျက်ကာ နေထိုင်ခဲ့တာကြောင့် တရုတ်နိုင်ငံသား လေးဦးကို လ.ဝ.က ဥပဒေအရ အမှုဖွင့် တရားစွဲဖို့ ရှိနေပါတယ်။

ဇွန်လ ၄ ရက်နေ့လယ်ပိုင်းက ဒုံဖီစံပြကျေးရွာမှာ တရုတ်နိုင်ငံသားတွေ ကွမ်းသီးနုတွေ ဝယ်ယူနေကြောင်း သတင်းရတာကြောင့် သွားရောက်စစ်ဆေးရာမှာ အဲဒီကျေးရွာရဲ့ အနောက်ဘက်မြေကွက်လပ်မှာရှိတဲ့ ကွမ်းသီးသိုလှောင်ထားတဲ့ ဂိုဒေါင်မှာတွေ့ရှိခဲ့တာပါ။

ရေးမြို့နယ် လ.ဝ.က မြို့နယ်ဦးစီးမှူး ဦးမျိုးခိုင်က “ပြည်ဝင်ခွင့်ဗီဇာ ရှိသော်လည်းပဲ ရေးမြို့နယ်က နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက်အရ မြို့ပေါ်ခွင့်ပြုချက်ရှိပြီး မြို့ပြင်ခွင့်ပြုချက်တောင်းခံရတဲ့ဒေသ ဖြစ်တယ်။ သူတို့ လေးဦးဟာ ဗီဇာစည်းကမ်း ဖောက်ဖျက်ပြီးတော့ နေထိုင်ခဲ့တာ ဖြစ်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

လွန်ခဲ့တဲ့ ၄ ရက်လောက်ကတည်းက နေထိုင်ခဲ့တဲ့ တရုတ်နိုင်ငံသား Mr.CAO.GUANGNING ၊ MR.CAO.CAN၊ MR.ZHAG.YOUFENGနဲ့  MR.ZHANGU တို့ကို ၁၉၄၇ ခုနှစ်၊ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၃(၁)နဲ့ တရားစွဲဆိုနိုင်ဖို့ လမိုင်း နယ်မြေရဲစခန်းမှာ အမှုဖွင့်လှစ်ထားတာပါ။

ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေအနေနဲ့ ဥပဒေကို သိရှိပြီး မိမိတို့ရပ်ရွာအတွင်း လာရောက်နေထိုင်ကြတဲ့ နိုင်ငံခြားသားတွေရှိပါက  သက်ဆိုင်ရာထွေ/အုပ်ကတဆင့် သတင်းပေးဖို့ လိုအပ်တယ်လို့ မြို့နယ်ဦးစီးမှူး ဦးမျိုးခိုင်က ပြောပါတယ်။

အဆိုပါတရုတ်နိုင်ငံသားတွေဟာ ဒုံဖီစံပြကျေးရွာအနီး ရော်ဘာခြံအတွင်း ၁ လသား အရွယ်ရှိတဲ့ ပုဇွန်နုသား ကွမ်းသီးနုတွေကို တလုံး ၂၅ ကျပ်အထိ ပေးဝယ်ယူပြီး ရန်ကုန်ကို တင်ပို့နေတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ရေးမြို့နယ်ဟာ ၂၀၁၆ နိုဝင်ဘာ ၁၅ ရက်ကထုတ်ပြန်တဲ့ နိုင်ငံတော်သမ္မတရုံးရဲ့ အမိန့်စာအရ နိုင်ငံခြားသားတွေအနေနဲ့ မြို့ပေါ်သွားလာခွင့်သာရှိပြီး မြို့ပြင်ခွင့်ပြုချက် တောင်းခံရတဲ့ မြို့နယ်တခု ဖြစ်တယ်လို့ ရေးမြို့နယ် လ.ဝ.က ရုံးက သိရပါတယ်။

သတင်း - ဝင်းနိုင်သက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013