
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ စစ်အာဏာရှင်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အထိနာနေတဲ့အတွက် တိုက်ပွဲဖြစ်နေတဲ့ ပတ်ဝန်းကျင်ကို လေကြောင်းက ဗုံးကြဲနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မေ ၁၀ ရက်က စတင်ပြီး စစ်တပ်ဟာ တောင်မော်ဦးရေတပ်ကနေ အင်အားစုပြီး စစ်ကြောင်းကို အဝတောင် ကာကင်းစခန်းကတဆင့် AA ထိန်းချုပ်နယ်မြေကို ထွက်လာရာလမ်းမှာ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်နေကြတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“အခုဖြစ်နေတဲ့နေရာက အရင် တခါမှမဖြစ်ဘူး၊ စစ်ကောင်စီဘက်က စစ်မျက်နှာသစ် ဖွင့်တာပါ။ ဒါပေမဲ့ AA ဘက်ကတော့ သူတို့ကို အမြဲစောင့်ကြည့်နေတော့ သူတို့စလှုပ်တဲ့ဘက် အသင့်အနေထားရှိတယ်။ တိုက်ပွဲက တော်တော်ပြင်းထန်နေပါတယ်။”
အခုလို စစ်တပ် ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းကို AA ဘက်က ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် မေ ၁၃ ရက် နေ့လယ်ဘက်မှာ စစ်တပ်ဘက်က အထိနာ အကျဆုံးများတဲ့အတွက် လေကြောင်းက ဂျက်ဖိုက်တာ ၂ စီးနဲ့ လာရောက်ပစ်ကူပေးခဲ့တယ်လို့ နောက်ထပ် စစ်ရေးသတင်းရင်းမြစ်ကလည်း ဆိုပါတယ်။
“မနေ့ကတော့ အထိနာတယ်လို့ သိရတယ်။ အဲဒါနဲ့ တိုက်ပွဲပတ်ဝန်းကျင်ကို ဂျက် ၂ စီးနဲ့ လာပြီး ဗုံးကြဲတယ်။ တိုက်ပွဲက ဆက်ရှိနေတယ်။”
အခုလို စစ်တပ်က အထိနာ အကျအဆုံးများပြီး ဂျက်တိုက်လေယာဉ်နဲ့ ဗုံးလာကြဲမှုကြောင့် အဝတောင်၊ မျှော့ချောင်း၊ ဒွေးချ၊ စံပယ်ချောင်း၊ စနဲ တို့က ဒေသခံတချို့ဟာ စစ်ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။
ကျောက်ဖြူမှာ စစ်တပ်က မင်းပြင်၊ သိုင်းချောင်းဘက်ကနေပြီး AA ထိန်းချုပ်နယ်မြေအတွင်း ထိုးစစ်တွေ အကြိမ်ကြိမ် ထိုးဖောက်ဝင်ရောက်ခဲ့ပေမဲ့ အောင်မြင်မှု မရတဲ့အပြင် အကျအဆုံး များတဲ့အတွက် အခုတဖန် တောင်မော်ဦးရေတပ်ဌာနမှ စစ်မျက်နှာသစ်ဖွင့်ကာ စတင်ထိုးစစ်ဆင်လာ ဖြစ်ပါတယ်။










