DVB Logo
Home
မြန်မာသတင်း
တိမ်းရှောင်ရွာသားများ အိမ်ပြန်ရေး တပ်အားလုံး ရုပ်သိမ်းရန်လိုကြောင်း ကေအန်ယူပြော
DVB
·
June 4, 2018
တိမ်းရှောင်ရွာသားများ အိမ်ပြန်ရေး တပ်အားလုံး ရုပ်သိမ်းရန်လိုကြောင်း ကေအန်ယူပြော
Donate to DVB

ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ရွာသားတွေ မိမိရွာတွေမှာ ပြန်လည်လုပ်ကိုင် စားသောက်နိုင်ဖို့ တိုးမြှင့်ထားတဲ့ တပ်အားလုံး ပြန်လည်ဆုတ်ခွာဖို့ လိုအပ်တယ်လို့  ကေအန်ယူ တပ်မဟာ-၅ ရုံးတာဝန်ခံ ဗိုလ်မှူးကလယ်ဒိုက ပြောပါတယ်။
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ခေးပူနဲ့ လယ်မူပလောဒေသမှာ လမ်းပြင်လမ်းဖောက်နေတဲ့ အစိုးရတပ်တချို့ မေ ၂၂ ရက်နေ့ကစပြီး ပြန်လည်ရုပ်သိမ်းသွားခဲ့ပါတယ်။
ခေးပူဒေသ အစိုးရတပ်တွေကို ပြန်ရုပ်သိမ်းသွားသလို လယ်မူပလောက တပ်တချို့ ပြန်လည်ဆုတ်ခွာခဲ့ပေမယ့် လယ်မူပလော ဒေသက တပ်စခန်းမှာ စစ်ဗျူဟာတခုနဲ့ တပ်ရင်းတခု ကျန်ရှိနေသေးတယ်လို့  ဗိုလ်မှူးကလယ်ဒိုက ပြောပါတယ်။
ခေးပူဒေသဘက် တပ်တွေပြန်ရုပ်သိမ်းသွားလို့ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ရွာသား တွေ ရွာပြန်ပြီး ပြန်လည်လုပ်ကိုင်စားသောက်နေကြပြီဖြစ်ပေမယ့် လယ်မူပလောဒေသက တပ် တွေရှိနေသေးလို့ အဲဒီဒေသက ကျေးရွာ လေးငါးရွာလောက် မပြန်ရဲကြသေးဘူးလို့ ပြောပါတယ်။

“ကျနော်တို့ တပ်မဟာ ၅ အနေနဲ့ ပြောချင်တာကတော့ သူတို့ ပြန်ဖို့သင့်တာပေါ့နော်။ မပြန်ဘဲနဲ့ ဆိုရင်တော့ ကျနော်တို့ ရွာသားတွေက အိမ်ပြန်ရဲမှာ မဟုတ်ဘူး။ သူတို့ ပြန်ဆင်းမှပဲ ကျနော်တို့ရွာသားတွေက အလုပ်အကိုင်တွေ ပြန်လုပ်စားလို့ရမယ်။ ပြန်ဆင်းတယ်ဆိုရင်လည်း အခုကတည်းကနေ ပြန်ဆင်းရမှာပေါ့နော်။ အခုလယ်တွေပြန်လုပ်ဖို့ အချိန်ရောက်နေပြီဆိုတော့ မပြန်ဘဲ နောက်ထပ်အချိန်တွေ ဆွဲပြီးနေမယ် ဆိုလို့ရှိရင်တော့ အဲဒီမှာရှိတဲ့ လယ်လုပ်စားတဲ့ လူထုတွေကတော့ ပြန်လုပ်စားရဲမှာ မဟုတ်ဘူး။ လာမယ့်နှစ်အတွက် စားနပ်ရိက္ခာနဲ့ ပတ်သက်ပြီး အခက်အခဲ ကြုံတွေ့ရနိုင်တာပေါ့နော်။ ”

ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းက ခေးပူနဲ့ လယ်မူပလောအကြား လမ်းဖောက်လုပ်ဖို့ဆိုပြီး တပ်မတော်က စစ်တပ်အင်အား ၈၀၀ ခန့်တိုးခဲ့တာပါ။
အခုလမ်းဖောက်လုပ်ဖို့ စက်ယန္တရားတွေကို ပြန်လည်ရုပ်သိမ်းသွားပြီး အဲဒီလမ်း ဖောက်လုပ်တဲ့အစီစဉ် ရပ်ဆိုင်းထားပါတယ်။
ဒါပေမယ့် တပ်တချို့ ကျန်ရှိနေသေးတဲ့အပေါ် ဒေသခံတွေ စိုးရိမ်ပူပန်နေဆဲဖြစ်နေတာပါ။
ပြီးခဲ့တဲ့ မေလ ၂၉  ရက်နေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ တပ်မတော်ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ လွယ်မူပလောဒေသမှာ တပ်တွေ ပြန်မရုပ်သိမ်းတာဟာ ကေအန်ယူကို တိုက်ဖို့မဟုတ်ဘဲ နယ်မြေလုံခြုံရေးနဲ့ ကာကွယ်ရေး အတွက်ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုးက ပြောပါတယ်။
ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး ဗိုလ်မှူးကလယ်ဒိုက “နိုင်ငံတော် လုံခြုံရေးအတွက် ဆိုလို့ ရှိရင်လည်း ဒါက ဒီကျနော်တို့ အန်စီအေရဲ့ စာချုပ် ကတိက၀တ်အတိုင်း ပြောမယ်ဆိုရင်တော့ ကျနော်တို့ အထက်ကနေပြီးတော့ အချင်းချင်း သဘောတူညီမှုရရှိတဲ့အထိ ညှိနှိုင်းဆွေးနွေးဖို့ လိုတာပေါ့။ အခုက ညှိနှိုင်းဆွေးနွေးမှုမရှိဘဲနဲ့ ချက်ချင်းအကြောင်းကြားပြီး တက်လာတဲ့ အခါကျတော့ ဒါက ကျနော်တို့ အန်စီအေရဲ သဘောတူညီချက်အတိုင်း မသွားတဲ့အခါကျတော့ ပြသနာတွေ တက်တာပေါ့နော်။”

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ရဲ့ မေ ၁၇ ရက်က ရန်ကုန်မှာ တွေ့ဆုံရာမှာ ခေးပူ-လယ်မှုပလော ကားလမ်းကို ယာယီရပ်ဆိုင်းဖို့၊ ကားလမ်းဖောက်ရာမှာ လုံခြုံရေး တာဝန်ယူထားတဲ့တပ်တွေ ပြန်ရုပ်သိမ်းသွားဖို့နဲ့ ဒေသခံ တိုင်းရင်းသားတွေ အေးချမ်းစွာ နေထိုင်လုပ်ကိုင် လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်ဖို့ သဘော တူညီမှုရရှိခဲ့ပါတယ်။

ဖာပွန်ခရိုင်၊ လူသောမြို့နယ် ခေးပူနဲ့ လယ်မူပလောရွာကြားမှာ ကားလမ်းဖောက်လုပ်ဖို့  ပြီးခဲ့တဲ့မတ်ဆန်းကစပြီး အစိုးရတပ်က စစ်အင်အားတိုးချဲ့ ဝင်ရောက်လာတာကြောင့် ပစ်ခတ်မှု တွေ ဖြစ်ပွားခဲ့ပြီး ဒေသတွင်း ကျေးရွာ ၁၆ ရွာ၊ လူပေါင်း ၂၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ဒီနေ့အထိ တပ်တချို့ ပြန်လည် ရုပ်သိမ်းလိုက်တဲ့အတွက် ကျေးရွာ ၁၀ လောက်က ဒေသခံတွေ မိမိရွာကို ပြန်လည်ဝင်ရောက်သွားပေမယ့် ၆ ရွာလောက်က ကျန်ရှိနေ ဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013