DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်မှ မွေးရာပါသွေးကြောထုံးဝေဒနာရှင် ခွဲစိတ်ကုသနိုင်တော့မည်
DVB
·
June 4, 2018
ရှမ်းပြည်မှ မွေးရာပါသွေးကြောထုံးဝေဒနာရှင် ခွဲစိတ်ကုသနိုင်တော့မည်
Donate to DVB

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် လဲချားမြို့နယ်ရှိ အမျိုးသမီးတဦးဟာ ပါးစပ်မှာ မွေးရာပါအမှတ် ပါလာပြီး တဖြည်းဖြည်း မျက်နှာတပြင်လုံး ပြန့်ပွားကြီးထွားကာ နာကျင်မှုကြောင့် ပြောဆိုစားသောက်မှု အခက်အခဲ ဖြစ်နေပါတယ်။

သူကတော့ လဲချားမြို့နယ် မတ်လန်းရွာရှိ အသက် ၅၂ နှစ် ဒေါ်နန်းမိုင် ဆိုသူဖြစ်ပြီး နှစ်ရှည်လများ ဝေဒနာခံစားနေရတာပါ။ လွန်ခဲ့တဲ့ရက်ပိုင်းကတော့ ရွာကို အလည်လာတဲ့ နန်းမြမွန်းက တွေ့မိခဲ့လို့ သနားကရုဏာနဲ့  ဆေးကုသမှုရရှိရေး ဆောင်ရွက်ပေးခဲ့တာပါ။

ဒေါ်နန်းမိုင်ကို တွေ့စက သူ့ပါးစပ်မှာ လောက်ကောင်တွေ တွယ်နေတာ တွေ့လို့ သနားပြီး ဇာဂနာနဲ့ ထုတ်ပေးခဲ့သလို ဆေးကုသမှုရရေး ဓာတ်ပုံရိုက်ပြီး သူ့ဖေ့စ်ဘွတ်ခ်အကောင့်ပေါ် တင်ခဲ့တယ်လို့ လဲချားမြို့သူ နန်းမြမွန်းက ဒီဗွီဘီကို ပြောပါတယ်။

“ပြီးခဲ့တဲ့ နယုန်လပြည့်နေ့က ကျမသူငယ်ချင်းဆီ သွားလည်ရင်း အဲဒီအဒေါ်ကို တွေ့တာပါ၊ သူက ပါးစပ်ကို တချိန်လုံး အဝတ်နဲ့ သုတ်နေလို့ အနီးကပ်သွားကြည့်တော့ နှုတ်ခမ်းတွေတွဲ၊ ပါးစပ်ပြဲပြီး ပြည်တွေတည်၊ လောက်ကောင်တွေ ထွက်နေတယ်။ ကျမအထင် ဆယ်ကောင်လောက် ရှိမယ်ထင်တယ်။ ကျမလည်း မနေနိုင်လို့ ဇာဂနာနဲ့ ဆွဲထုတ်တာ ၈ ကောင် ရတယ်။ သူက လောက်တက်နေတာ သူ့ကိုယ်သူ မသိရှာဘူး။ သူ့အမေကလည်း အသက် ၈၀ ကျော် မျက်စိမှုန်နေလို့ မတွေ့ဘူးလေ။ အဲဒီအဒေါ်က မျက်နှာမှာ အမှတ်ပါလာတာ မွေးကတည်းက၊ အစားမှားရင်း အကြီးကြီး ဖြစ်လာတာတဲ့၊ အထူးသဖြင့် အသားစားရင် ယားလာပြီး သူ့လက်နဲ့ ကုတ်တော့ အနာဖြစ်လာတယ်။ ဆေးရုံလည်း မသွားချင်ဘူးတဲ့၊ သားအမိ ၂ ယောက်တည်း နေတာ၊ သူတို့ကိုကြည့်ရတာ အတော်လည်း နွမ်းပါးပါတယ်။”

သူမက ဒေါ်နန်းမိုင်ရဲ့ ဓာတ်ပုံကို လူမှုကွန်ရက်ပေါ် တင်လိုက်ပြီးတဲ့နောက် နေပြည်တော် ဇမ္ဗူသီရိအထူးကုဆေးရုံကြီးမှ ဒေါက်တာမင်းဇော်အောင်က ခွဲစိတ်ကူညီပေးမယ့်အကြောင်း ဆက်သွယ်လာတဲ့အတွက် ဒီကနေ့ နေပြည်တော်ကို ခရီးထွက်နေကြောင်း၊ ဒေါ်နန်းမိုင် ဆေးကုရတော့မှာမို့ သူမ အပါအဝင် တရွာလုံး ဝမ်းသာနေကြပြီး ပိုက်ဆံစုကာ လူ ၁၀ ယောက်ကျော် ကား ၂ စီးနဲ့ အတူလိုက်ပါလာကြတယ်လို့  နန်းမြမွန်းက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကူညီမှုလက်ကမ်းခဲ့သူ ဇမ္ဗူသီရိ ခွဲခန်းနဲ့ ပလတ်စတစ်ဆာဂျရီ ခွဲစိတ်အထူးကုဆရာဝန်ကြီး  ဒေါက်တာ မင်းဇော်အောင်က လူနာနဲ့ မတွေ့ရသေးတဲ့အတွက် ရောဂါအကြောင်း ပြောပြလို့မရသေးကြောင်း၊ ဓာတ်ပုံကြည့်ခြင်းအားဖြင့် မွေးရာပါသွေးကြော ထုံးပြီး ပိုးဝင်တယ်လို့ ယူဆရကြောင်း၊ အကောင်းဆုံးဖြစ်အောင်တော့ ခွဲစိတ်ကုသပေးသွားမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“လူနာက ရောက်မလာသေးလို့ ပြောလို့မရသေးဘူး ခင်ဗျ၊ ဂဃနဏ မသိရသေးဘူး၊ ရောဂါရှာဖွေတာတွေ လုပ်ရဦးမယ်။ ဓာတ်ပုံထဲ ကြည့်ခြင်းအားဖြင့်တော့ မွေးရာပါအကြောထုံးတဲ့ဟာကို ပိုးဝင်တယ်လို့ ယူဆရတာပေါ့နော်။ ဒီရောဂါမျိုးက ရှားပါးတဲ့အပြင် သူတို့ နှစ်ရှည်လများ ပစ်ထားလို့ ခုလို အခြေအနေဆိုးတယ်လို့ ထင်ပါတယ်၊ ကျနော်တို့ အတိုင်းအတာ တခုထိတော့ ကုလို့ရမယ်၊ လုံးလုံးစင်းလုံးချောတော့ မဖြစ်နိုင်ဘူး။ သူ့ရဲ့မွေးရာပါ အရိုးတွေ၊ အဆစ်တွေ အသားအရေ တည်ဆောက်ပုံတွေက သွေးကြောထုံးတဲ့ဟာ ရှိတဲ့အတွက် နဂိုအရွယ်က တဖက်နဲ့တဖက် မညီတာက ဘယ်လိုမှ ပြန်ညှိလို့ မဖြစ်နိုင်ဘူး၊ မေ့ဆေးပေးရ အခက်အခဲရှိတယ်။ ဒါပေမယ့် တတ်နိုင်သမျှ သူ့ရဲ့နိစ္စဓူဝ စားရေးသောက်ရေး နေထိုင်ရေးမှာ သိပ်ပြီးတော့ အခက်အခဲမဖြစ်အောင်၊ လူဝင်ဆံ့အောင် တတ်နိုင်သမျှ ကြိုးစားပြီး လုပ်ပေးရမှာပေါ့။”

သူမအတွက် ဆေးကုသခမှာလည်း ဘယ်လောက်ကုန်ကျမလဲ ဆိုတာ ပြောလို့မရကြောင်း၊ ဒါပေမယ့် သူတို့ဟာ ဆင်းရဲနွမ်းပါးတယ်လို့ သိထားတဲ့အတွက် နီးစပ်ရာ အသိမိတ်ဆွေတွေဆီ အကူအညီတောင်းသွားမယ်လို့  ဆရာဝန်ကြီးက ပြောသွားပါတယ်။

ဒေါ်နန်းမိုင်ကို ကူညီထောက်ပံ့လိုသူ စေတနာရှင်တွေအနေနဲ့  သူမကို ပထမဆုံး သွားတွေ့ပြီး နေပြည်တော်ထိ လိုက်လံပို့ဆောင်ပေးသူ နန်းမြမွန်း ဖုန်းနံပါတ် ၀၉ ၄၀၄၆ ၄၃၂၈၈ ကို ဆက်သွယ်ကူညီနိုင်ပါတယ်။

Photo : Ng Mya Moon

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013