ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေ ကိုယ်ဝန်ရှိရင် မိခင်နိုင်ငံပြန်ပြီး သားဖွားဖို့ ဆိုတဲ့အစီအစဉ်ဟာ ထိုင်းဝန်ကြီးတဦးရဲ့ အကြံပြုချက်သာဖြစ်ပြီး လက်တွေ့ကျင့်သုံးဖို့ ပြဋ္ဌာန်းချက်မရှိသေးဘူးလို့ ထိုင်းအလုပ်သမား ကာကွယ်ရေးဌာနက ပြောပါတယ်။
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမတွေအနေနဲ့ ကိုယ်ဝန် ၃ လ ရရင် မိမိနိုင်ငံကို ပြန်သွားဖိုနဲ့ ကလေးမွေးပြီးရင် အလုပ်ပြန်လာလုပ်နိုင်တဲ့ကိစ္စမှာ ထိုင်း အလုပ်သမားဝန်ကြီး မစ္စတာ ဖဒိုမ်းချိုင်း ဆာ့ဆုမ်ဆပ်က မူကြမ်းရေးဆွဲဖို့ အကြံပြုချက်တရပ်အနေနဲ့ ပြောခြင်းသာဖြစ်ပြီး လက်တွေ့ကျင့်သုံးခြင်း မရှိသေးတဲ့ အကြောင်း ထိုင်းအလုပ်သမားဝန်ဆောင်မှုနဲ့ ကာာကွယ်ရေးဌာနရဲ့ အရေးပေါ်ဖုန်းလိုင်း ၁၅၄၆ ရဲ့ တာဝန်ကျဝန်ထမ်းက ပြောပါတယ်။
“လောလောဆယ် ဘာမှ အစီအစဉ်မရှိသေးပါဘူး။ ဒါဟာ ကျနော်တို့ အကြီးအကဲဆီက အကြံပြုချက်ပဲ ရှိပါသေးတယ်။ ဒါကိုပြဋ္ဌာန်းဖို့ မူကြမ်းရေးဆွဲမယ်ဆိုရင် ဌာနဆိုင်ရာတွေနဲ့ အစည်းအဝေး လုပ်ရပါဦးမယ်။ ဌာနဆိုင်ရာ တာဝန်ရှိသူတွေကနေ ဒီလိုပြဋ္ဌာန်းချက်ဟာ လက်ရှိအလုပ်သမားဥပဒေတွေနဲ့ ဆီလျော်မှု ရှိမရှိ ပြန်ပြီး သုံးသပ်ကြမှာပါ။ အလုပ်သမားတွေအနေနဲ့ ဘာမှတွေးပူပြီး စိတ်အနှောင့်အယှက် ဖြစ်စရာ မလိုပါဘူး” လို့ ထိုင်းဘာသာနဲ့ ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ကျန်းမာရေးအာမခံကတ်လုပ်ထားတဲ့ ရွှေ့ပြောင်းအလုပ်သမတွေ အနေနဲ့ ကိုယ်ဝန်ရှိတယ်ဆိုရင် အလုပ်သမားဥပဒေအရ မီးဖွားခွင့် ရက်ပေါင်း ၉၀ ကို လစာအပြည့်နဲ့ ခံစားခွင့်ရှိကြောင်း၊ အခွင့်အရေးခံစားခွင့် မရရင် သက်ဆိုင်ရာ မြို့နယ်အလုပ်သမားဝန်ဆောင်မှုနဲ့ ကာကွယ်ရေးဌာနတွေမှာ သွားရောက် တိုင်ကြားနိုင်တယ်လို့ အဲဒီဝန်ထမ်းက ပြောပါတယ်။
ကိုယ်ဝန်ဆောင်ရွှေ့ပြောင်းအလုပ်သမား ပြန်ပို့ရေး အစီအစဉ်ကို ရေးဆွဲဖို့ အလုပ်သမားဝန်ကြီးက လွှတ်တော်အစည်းအဝေးမှာ အကြံပြုကြောင်း ဇွန်လ ၂၆ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာနဲ့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပြီးတဲ့ နောက်ပိုင်း ရွှေ့ပြောင်းအလုပ်သမားတွေကြားမှာ ကယက်ရိုက်သွားခဲ့ပါတယ်။
ဒီလိုကိုယ်ဝန်ဆောင်တွေ ပြန်ပို့တာဟာ လူကုန်ကူးမှုပပျောက်ရေးနဲ့ ကလေးအလုပ်သမားကာကွယ်ရေးအတွက် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံဟာ လူကုန်ကူးမှု အန္တရာယ်က စောင့်ကြည့်ခံနေရတဲ့ နိုင်ငံတွေထဲမှာ ပါဝင်နေတဲ့အတွက် ဒီဥပဒေမူကြမ်း တင်ပြတာဖြစ်ကြောင်း ၀န်ကြီးရဲ့ ပြောဆိုချက်ကို သတင်းတွေမှာ ဖော်ပြထားပါတယ်။
ကိုယ်ဝန်ဆောင် ရွှေ့ပြောင်းအလုပ်သမားတွေကို ဒီလို အတင်းအကျပ် ပြန်ပို့မယ်ဆိုရင် ဒါဟာ မိခင်နဲ့ကလေးအခွင့်အရေး ချိုးဖောက်ရာကျကြောင်း၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို ပြန်ပို့ခြင်းကြောင့် လူကုန်ကူးမှုကို ပပျောက်အောင် လုပ်ဆောင်နိုင်မှာ မဟုတ်တဲ့အကြောင်း ၆ နိုင်ငံပါဝင်တဲ့ မဲခေါင်ရွှေ့ပြောင်းအလုပ်သမားကွန်ရက် ပြောရေးဆိုခွင့်ရှိသူ ဂျက်ကီဘွတ်လော့က ပြောပါတယ်။
ဒီလိုအလားတူအစီအစဉ်ကို ထိုင်းအစိုးရက စီစဉ်တာ အရင်က သုံးကြိမ်ရှိဖူးပြီး အလုပ်သမာအဖွဲ့နဲ့ အမျိုးသမီးအဖွဲ့အစည်းတွေ ၀ိုင်းကန့်ကွက်လို့ အစီအစဉ် ပျက်ပြားခဲ့တယ်။ ဒီတခေါက်လည်း ဒီအစီအစဉ်ကို ကန့်ကွက်ဖို့ အလုပ်သမား အဖွဲ့တွေကြားမှာ ဆွေးနွေးခဲ့ကြတယ်လို့ ရောင်ခြည်ဦးအလုပ်သမားခေါင်းဆောင် ကိုမိုးဆွေက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံက အလုပ်သမားပေါင်း ၃ သန်းလောက် တရားဝင်အနေနဲ့ရော တရားမ၀င်အနေနဲ့ပါ ၀င်ရောက် လုပ်ကိုင်နေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။











