DVB Logo
Home
မြန်မာသတင်း
အကျဉ်းသား စိတ်ပိုင်းဆိုင်ရာတိုးတက်မှု လေ့လာသင့်ဟု လူ့အခွင့်အရေးကော်မရှင် အကြံပြု
DVB
·
June 3, 2018
အကျဉ်းသား စိတ်ပိုင်းဆိုင်ရာတိုးတက်မှု လေ့လာသင့်ဟု လူ့အခွင့်အရေးကော်မရှင် အကြံပြု
Donate to DVB

အကျဉ်းသားလျှော့ချစိစစ်ရေးကော်မတီတွေကို တိုင်းနဲ့ ပြည်နယ်၊ ခရိုင်အလိုက်ဖွဲ့ပြီး အကျဉ်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေကို လေ့လာသင့်တယ်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က အကြံပြုပါတယ်။

လက်ခံနိုင်တဲ့ ဦးရေထက် အဆမတန်လူတွေကြပ်နေတဲ့ အကျဉ်းထောင်တွေက လူဦးရေ လျှော့ချဖို့အတွက် နည်းလမ်းတခုအနေနဲ့ အကြံပြုထားတာ ဖြစ်ပါတယ်။

အငြိမ်းစား အကျဉ်းထောင် အရာရှိတွေ၊ တရားသူကြီးတွေ၊  ရဲအရာရှိတွေ၊ ကျောင်းဆရာကြီးတွေနဲ့ စိတ်ပညာရှင်တွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ အကျဉ်းသား လျှော့ချစိစစ်ရေးကော်မတီတွေကို တိုင်းနဲ့ ပြည်နယ်အလိုက်ဖြစ်စေ၊ ခရိုင်အလိုက်ဖြစ်စေဖွဲ့ပြီး လစဉ် ဒါမှမဟုတ်၊ ၃ လတကြိမ်၊ ၆ လတကြိမ် အကျဉ်းသားတွေရဲ့ အခြေအနေကို လေ့လာဆန်းစစ်တာ၊ စိတ်ပညာရှင်တွေနဲ့ အကျဉ်းသားတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုးတက်မှုကို တနှစ်တကြိမ် ဖြစ်စေ အကဲခတ်တာတွေလုပ်ပြီး အခါအားလျော်စွာ အကျဉ်းသားတွေကို လွှတ်ပေးတာ၊ နေ့ကြီးရက်ကြီးနဲ့ နိုင်ငံတော်ရဲ့ ထူးမြတ်တဲ့ နေ့တွေမှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးတာတွေ လုပ်သင့်တယ်လို့ ဆိုပါတယ်။

၂၀၁၇ ခုနှစ်အတွင်း ကော်မရှင်က လေ့လာခဲ့တဲ့ အကျဉ်းထောင် ၂၆ ခုမှာ ဝင်ဆံ့အင်အားက ၃၁၃၄၀ ယောက်ဖြစ်ပြီး တကယ်လက်ခံထားရတာက ၅၀၀၄၂ ယောက်ဖြစ်ပါတယ်။

လက်ခံနိုင်တဲ့ အင်အားထက် ပိုပြီးလက်ခံထားရတဲ့အတွက် အကျဉ်းထောင်အုပ်ချုပ်သူ တွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်သလို နိုင်ငံရဲ့ ဘဏ္ဍာငွေ ပြုန်းတီးလာနိုင်တယ်လို့လည်း ဆိုပါတယ်။

အကျဉ်းသားကြပ်နေတာကြောင့် ထောင်တွင်းမှာ ရာဇဝတ်မှုတွေ ဖြစ်လာနိုင်သလို ဝမ်းရောဂါလိုမျိုး ကူးစက်ရောဂါတွေ ပိုဖြစ်လာနိုင်တယ်လို့လည်း သုံးသပ်ထားပါတယ်။

ဒီအကျဉ်းထောင်တွေရဲ့ အကျဉ်းသားနဲ့ အချုပ်သားဦးရေ ထက်ဝက်လောက်ဟာလည်း မူးယစ်ဆေးဝါးမှုနဲ့ ကျနေတာ ဖြစ်ပြီး အကျဉ်းသားဦးရေ လျှော့ချတဲ့အခါ ထည့်သွင်းစဉ်းစားဖို့ လိုတယ်လို့ ဆိုပါတယ်။

မူးယစ်ဆေး သုံးစွဲသူတွေ၊ မူးယစ်ဆေးပမာဏ နည်းနည်းနဲ့ ဖမ်းခံရသူတွေ၊ လက်ဝယ် မမိဘဲ အတူရှိနေလို့ အရေးယူခံရသူတွေ၊ သံသယကြောင့် အကျဉ်းကျခံရသူတွေ၊ အစဉ်အလာ အရ ဘိန်းမဲရှူကြတဲ့ တိုင်းရင်းသား အဘိုးအို၊ အဘွားအိုတွေ ရှိနေပြီး အကျဉ်းထောင်တွေမှာ ထားတာထက် လူမှုရေး ပြစ်ဒဏ်ပေးတာ စတဲ့ နည်းလမ်းတွေ သုံးသင့်တယ်လို့ ဆိုပါတယ်။

ပြီးတော့ သေမိန့်ချထားပေမယ့် ပြစ်ဒဏ်မပေးဘဲ အကျဉ်းချထားသူ ၅၃ ယောက်ရှိနေ တယ်လို့ ကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် သေဒဏ်ကနေ ထောင်ဒဏ်တသက်ကို လျှော့ချပေးခံရတဲ့ အကျဉ်းသားတွေလည်း အများအပြားရှိနေပြီး ထောင်ဒဏ်တသက် အကျဉ်းသားပေါင်း ၇၀၉ ယောက်ရှိနေတယ်လို့လည်း ဆိုပါတယ်။

သူတို့ဟာ အများအားဖြင့် လူသတ်တာ၊ မုဒိမ်းကျင့်တာ၊ အလောင်းဖျောက်တာ စတာတွေ ကျူးလွန်ခဲ့ပြီး တချိန်ချိန်မှာ လွတ်ငြိမ်းခွင့်ရမှာကို မျှော်နေတာကြောင့် ထိန်းသိမ်းရခက်တဲ့ လူတန်းစား ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် သူတို့ကို သီးသန့်အကျဉ်းထောင်တွေမှာ အထူးစည်းမျဉ်း စည်းကမ်းတွေ ချမှတ်ပြီး ထားဖို့ကိုလည်း လူ့အခွင့်အရေး ကော်မရှင်က အကြံပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013