DVB Logo
Home
မြန်မာသတင်း
ဒုက္ခသည်စခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် နိုင်ငံတော်က ဦးဆောင်မည်
DVB
·
June 3, 2018
ဒုက္ခသည်စခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် နိုင်ငံတော်က ဦးဆောင်မည်
Donate to DVB

 

ဒုက္ခသည်စခန်းတွေ ပိတ်သိမ်းနိုင်ရေးအတွက် နိုင်ငံတော်က ဦးဆောင်မှာဖြစ်ပြီး နိုင်ငံတကာ လက်ခံနိုင်တဲ့ မဟာဗျူဟာစီမံချက်ကိုလည်း ချမှတ်ရမယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးဝန်ကြီးက ပြောပါတယ်။

မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အကြောင်းအမျိုးမျိုးကြောင့် ဖွင့်လှစ်ထားရတဲ့ ဒုက္ခသည်စခန်းတွေ ပိတ်သိမ်းဖို့ မဟာဗျူဟာစီမံချက် ရေးဆွဲနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲမှာ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောခဲ့တာပါ။

“ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်တွေမှာရှိတယ်။ နောက်တချက်က ရခိုင်မှာကတော့ ပြည်တွင်းနေရပ်စွန့်ခွာသူတွေရှိတယ်။ သူတို့ကတော့ ပဋိပက္ခတွေကြောင့်ပေါ့။ ဒါတွေကို ပိတ်သိမ်းဖို့ အရင်အစိုးရ လက်ထက်တုန်းကလည်း ကြိုးစားခဲ့တယ်။ ကျနော်တို့ အစိုးရ တက်တက်ချင်း ဒါတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ ရခိုင်ပြည်နယ်အတွက် ဗဟိုကော်မတီ ဖွဲ့ကတည်းက ဒီလုပ်ငန်းစဉ် ပါပါတယ်” လို့ ပြောပါတယ်။

ဒုက္ခသည်စခန်းတွေ ပိတ်တာဟာ အပြုသဘောဆောင်တဲ့ လုပ်ဆောင်တာလို့လည်း ဝန်ကြီးက ပြောပါတယ်။

ဒုက္ခသည်တွေ လူမှုသဟဇာတ မဖြစ်လို့ ပဋိပက္ခတွေ ဖြစ်တာ၊ ပြည်တွင်းငြိမ်းချမ်းရေး မရလို့ တိုက်ပွဲတွေ ဖြစ်နေတာတွေကြောင့် ဒုက္ခသည်စန်းတွေ ပေါ်လာရပြီး သဘာဝ ဘေးအန္တရာယ်ကြောင့်လည်း ယာယီ ဒုက္ခသည်စခန်းတွေ ဖြစ်ပေါ်လာတတ်တယ်လို့လည်း ပြောပါတယ်။

ဒုက္ခသည်စခန်းတွေ ရေရှည်တည့်တံ့တာဟာ မလိုလားအပ်တာကြောင့် ပိတ်သိမ်းဖို့ စီစဉ်ရတာလို့လည်း ပြောပါတယ်။

ပြည်နယ် ၄ ခုက မြို့နယ် ၁၅ ခုမှာ ဒုက္ခသည်စခန်းပေါင်း ၁၄၀ ကျော်ရှိပြီး လူဦးရေ ၁၆၀,၀၀၀ ကျော်ရှိတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

“တဖက်နိုင်ငံ ရောက်သွားတဲ့သူတွေ ပြန်လည်ဝင်ရောက်လာတဲ့ နေရာမှာလည်း သူတို့အနေနဲ့ စခန်းကြီး ကြာရှည်စွာ ဖြစ်သွားမှာကို စိုးရိမ်မှု ရှိတယ်လို့ သိရတယ်။ ကျနော်တို့က နဂိုတည်းက ဒါမျိုးရည်ရွယ်တာ မရှိဘူး။ စခန်းသစ်ပေါ်ပေါက်ရေးကို လုံးဝ ရည်ရွယ်တာ မရှိဘူး” လို့ ပြောပါတယ်။

လက်ရှိအစိုးရလက်ထက်မှာ ရခိုင်ပြည်နယ်က စခန်း ၃ ခုကို ပိတ်ပြီး နောက်ထပ် စခန်း ၄ ခုကိုလည်း ပိတ်သိမ်းလုနီးပါး ဖြစ်နေပြီလို့လည်း ဝန်ကြီးက ပြောပါတယ်။

ထိုသို့စခန်းတွေ ပိတ်သိမ်းတဲ့အခါမှာ နိုင်ငံတကာနဲ့ ပူးပေါင်းပြီး နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ အညီဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် စခန်းတွေ ပိတ်သိမ်းရာမှာ ဥပဒေအရ လွတ်လပ်စွာ သွားလာနိုင်တာ၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် အခွင့်အလမ်း လက်လှမ်းမီစေတာ စတဲ့ အခွင့်အရေးတွေ ရရှိအောင် ဆောင်ရွက်ဖို့ လိုတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013