DVB Logo
Home
မြန်မာသတင်း
ဒုက္ခသည်ပြန်ပို့ရေး အချက် ၃ ချက် ထည့်သွင်းစဉ်စားပေးရန် အိုင်စီအာစီ ပြော
DVB
·
June 3, 2018
ဒုက္ခသည်ပြန်ပို့ရေး အချက် ၃ ချက် ထည့်သွင်းစဉ်စားပေးရန် အိုင်စီအာစီ ပြော
Donate to DVB

 

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ရေးအစီအစဉ်မှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာနဲ့ လုံခြုံရေးဆိုင်ရာ အခြေအနေတွေ ၂ ခုလုံး တိုးတက်စေဖို့ သတ်မှတ်ချက်ဘောင် ၃ ခုကို ထည့်သွင်းစဉ်းစားပေးဖို့ နိုင်ငံတကာ ကြက်ခြေနီအသင်း အိုင်စီအာစီ ဥက္ကဋ္ဌ မစ္စတာ ပီတာ မောရာက ပြောသွားပါတယ်။

စင်ကာပူနိုင်ငံမှာ ဇွန် ၂ ရက်နေ့ ရှန်ဂရီလာ ဆွေးနွေးပွဲမှာ ရခိုင်ပြည်နယ်က လုံခြုံရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းအကြောင်း အစည်းအဝေးမှာ မိန့်ခွန်းထဲ ထည့်သွင်းပြောဆိုသွားတာပါ။

မိန့်ခွန်းထဲမှာ ရခိုင်ပြည်နယ်တွင်း ကူညီထောက်ပံ့မှုတွေကို အတားအဆီးမရှိ ပေးပို့နိုင်ဖို့တွေ၊ ဒုက္ခသည် ကလေးငယ်တွေရဲ့ ပညာရေး၊ ဒုက္ခသည်တွေကို သက်မွေးဝမ်းကျောင်း လုပ်ကိုင်ခွင့်ပြုရဖို့တွေ အပါအဝင်  အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပံ့ပိုးပေးရေးတွေကို ပြောသွားတာပါ။

တောင်းဆိုချက် ၃ ချက်ထဲမှာ ပထမဆုံးအချက်အနေနဲ့ ဘင်္ဂလားဒေ့ရှ်ကို ထွက်ခွာသွားရသူတွေရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးဖို့နဲ့ အခြေအနေတွေ အဆင်ပြေကောင်းမွန်ပြီး အတင်းအကျပ် ပြန်မပို့ရ ဆိုတဲ့ မူကို အလေးထားကာ လုံခြုံဘေးကင်း ဂုဏ်သိက္ခာရှိရှိ အိမ်ပြန်နိုင်ခွင့်ပြုဖို့၊

ဒုတိယအချက်ကတော့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အပြည့်အဝနဲ့ အမြန်ဆုံး အကောင်အထည် ဖော်ဖို့ရာ မြန်မာအစိုးရကို ထောက်ခံအားပေးဖို့၊

ပဋိပက္ခ ကြိုတင်ကာကွယ်ရေး၊ လူသားချင်း စာနာတဲ့ အကူအညီ၊ ပြန်လည်သင့်မြတ်ရေး၊ လူမှုအဆောက်အဦများ တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု ဆိုတဲ့ နယ်ပယ် ၅ ရပ်ကို ဖြန့်ကျက်ဆောင်ရွက်ဖို့၊ ဒီဆောင်ရွက်ချက်တွေမှာလည်း ရခိုင်ပြည်နယ်ထဲက လုံခြုံရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်းဖို့ လိုအပ်တဲ့ အစီအမံများ ပါရှိရမှာဖြစ်ပါတယ်။

နောက်ဆုံးအချက်မှာ အရပ်သားတွေကို ပစ်မှတ်မထားဖို့၊ မလိုအပ်တဲ့ ဘေးဒုက္ခတွေ မခံစားရစေဖို့၊ စတဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေ စည်းမျဉ်းတွေကို အပြည့်အဝ လေးစားလိုက်နာပြီး လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးတွေကို သေသေချာချာ ဆောင်ရွက်ဖို့နဲ့ စစ်တပ်အနေနဲ့ မရှိမဖြစ် လိုအပ်ချက်အရ အချိုးအစားတကျ ရှိရမယ့် စည်းမျဉ်းမူဝါဒကို လိုက်နာပေးဖို့တို့ ဖြစ်ပါတယ်လို့ အိုင်စီအာရ်စီ ဥက္ကဋ္ဌက ပြောသွားပါတယ်။  

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည် ၇ သိန်းလောက်ရှိတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013