DVB Logo
Home
မြန်မာသတင်း
ကမ်းပါးပြိုကျမှုကြောင့် ခုံကြီးကျေးရွာ ရွာလုံးကျွတ်ပြောင်းရွှေ့ရမယ့်အခြေအနေ ကြုံနေရ
DVB
·
June 2, 2018
ကမ်းပါးပြိုကျမှုကြောင့် ခုံကြီးကျေးရွာ ရွာလုံးကျွတ်ပြောင်းရွှေ့ရမယ့်အခြေအနေ ကြုံနေရ
Donate to DVB

ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့နားက ခုံကြီးကျေးရွာမှာ ပြီးခဲ့တဲ့ရက်က အဆက်မပြတ်ရွာသွန်းခဲ့တဲ့ မိုးရေတွေနဲ့ တောင်ကျရေတွေကြောင့် ကမ်းပါးပြိုကျနေပြီး ရွာလုံးကျွတ်ပြောင်းရွှေ့ရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

ခုံကြီးကျေးရွာဘေးမှာ ဖြတ်သန်းစီးဆင်နေတဲ့ ရွှေတံငါချောင်းက နှစ်စဉ် ရေတိုက်စားပြီး ကမ်းပါး တဖြည်းဖြည်းပြိုကျလာနေတာကြောင့် နှစ်စဉ် အိမ်တချို့ ဖယ်ရှားပေးနေခဲ့ရပြီး အခုက တဖြည်းဖြည်းနဲ့ ရွာအလယ်လမ်းနာထိ ကပ်လာခဲ့ပြီလို့ ဒေသခံတွေက ပြောပါတယ်။

“အရင်ရက်တွေကတည်းက လေတွေကတိုက်ပြီး ရေတွေကလည်း တက်လာတော့ ညဘက်တွေ မအိပ်ရဲဘူး၊ သမီးနဲ့ အငယ်တွေတော့ အိမ်ပြောင်းနေခိုင်းထားလိုက်ပြီ။ ရွှေ့လိုက်ရင်လည်း အိမ်က အကောင်းရတော့မှာမဟုတ်ဘူး။ မြေ၀ယ်ဖို့ကလည်း ပိုက်ဆံမရှိဘူး။ ဒါပေမယ့် မရွှေ့ရင်လည်း မဖြစ်တော့လို့ ဒီနေ့တော့ အပြီးရွှေ့ပြီး တနေရာမှာပဲ ပုံထားရမှာပဲ” လို့ နေအိမ် ရွှေ့ပြောင်းရတော့မယ့် ခုံကြီးကျေးရွာနေ ဒေါ်ဆန်းကျက ပြောပါတယ်။

ပန်းတောင်းမြို့နယ်မှာ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ရွှေတံငါချောင်း၊ ပနီချောင်း၊ ဗူးရိုးချောင်းတွေနဲ့ ဘူးဖတ်ရွာ၊ ရပ်သာရွာ၊ ဇရပ်လှရွာ တွေမှာ ကမ်းပါးပြိုကျမှုတွေ ဖြစ်နေတာပါ။

လတ်တလော စမ်းပေါက်ချောင်း ရေထိန်းနံရံတခုနဲ့ ပဲကြီး ကမ်းပါးပြိုတာတွေအတွက်ပဲ လုပ်ပေးနိုင်ခဲ့ပြီး၊ ကျန်တဲ့ ကမ်းပါးပြိုကျမှုတွေအတွက်တော့ လာမယ့်နှစ်တွေကျမှ ဆောင်ရွက်နိုင်မယ်လို့ တိုင်ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မိုးထိုက်က ဒီဗွီဘီကို ကို ပြောပါတယ်။

ဒါ့အပြင် တိုင်းအစိုးရအနေနဲ့ ကမ်းပါးပြိုကျတာအတွက်ပဲ လုပ်ပေးနိုင်ပေမယ့် အိမ်တွေ ရွှေ့ပြောင်းစရိတ်နဲ့ မြေနေရာအတွက်တွေတော့ ဘာမှလုပ်မပေးနိုင်သေးဘူးလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်ဘက်က မြစ်ဖျားခံ စီးဆင်လာတဲ့ ပနီချောင်း၊ ချောင်းသုံးခွ၊ ဗူးရိုးချောင်းတွေကရေတွေဟာ ခုံကြီးရွာနားမှာ လာပေါင်းစုံတာကြောင့် ရေက အရှိန်ပြင်းပြီး ရွာကို ရေဦးထိုးချတာကြောင့် နှစ်စဉ် တနှစ်ကို ၂ ကြိမ်လောက် ကမ်းပါးပြိုကျကာ အိမ်တွေနား တဖြည်းဖြည်းကပ်လာလို့ မကြာခင် ရွာပျောက်တော့မယ်လို့ ခုံကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ကိုက ပြောပါတယ်။

အခုနှစ်အတွင်း အိမ် ၃၀ လောက် ရွှေ့ပြောင်းပေးခဲ့ရပြီး အခုလည်း နေအိမ် ၁၀ လုံးလောက် ထပ်မံရွှေ့ပြောင်းပေးရတော့မယ်လို့ ဆိုပါတယ်။

မင်းညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013