
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့ အ.လ.က(ခွဲ) ကျောင်းဆောင်သစ် တည်ဆောက်တဲ့နေရာမှာ အရည်အသွေးပြည့်မီခြင်း မရှိတာကြောင့် ပျက်စီးမှုတွေ ဖြစ်ပေါ်နေပြီး ပြန်လည်ပြုပြင်ပေးဖို့ ရပ်မိရပ်ဖတွေက တောင်းဆိုခဲ့ကြပါတယ်။
မဒေါက်မြို့ အ.လ.က (ခွဲ) ကျောင်းဆောင်သစ်ကို (Diamond Valley Co,Ltd ) က၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ကစတင်ကာ ပညာရေးဝန်ကြီးဌာနရဲ့ဘတ်ဂျက်ငွေ ကျပ် ၂၃ ဒသမ ၄ သန်း အကုန်အကျခံကာ တည်ဆောက်ခဲ့တာဖြစ်ပြီး ပေ ၆၀' ပေ ၃၀' ပတ်လည် Steel Structure တထပ် အမျိုးအစား ဖြစ်ပါတယ်။
၂၀၁၇-၂၀၁၈ ပညာသင်နှစ်က ကျောင်းဆောင်သစ်ကို ပညာရေးဝန်ကြီးဌာနကို အပ်နှံခဲ့ပေမယ့် မနှစ်က ၁၂ လပိုင်းက ကျောင်းနံရံ အက်ကွဲတာ၊ တံခါးကျီးဘောင်ဘေးတွေ အပ်ကွဲတာ၊ အခင်းတွေအက်ကွဲပြီး ကျွံကျလာတွေ ရှိခဲ့တာကြောင့် ကုမ္ပဏီဘက်က လာရောက်ပြုပေးခဲ့ပေမယ့် ထိရောက်မှု မရှိခဲ့ဘူလိးု့ ရပ်မိရပ်ဖတစ်ဦးတွေက ပြောပါတယ်။
မိဘဆရာအသင်းဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်က “မနှစ်ကကလေးတွေ စာသင်ခန်းအဖြစ် အသုံးမပြုခင်မှာ သူတို့ကို ခေါ်ပြခဲ့တယ်။ ကလေးတွေကြောင့် ဖြစ်တယ်ပြောမှာ ဆိုးလို့။ သူတို့အနေနဲ့ ပျက်စီးအတိုင်းအတာတွေကို ကျနော်တို့ ပြောပြတာထက် ကျနော်တို့တွေ့ရှိတာထက် သုံးပုံတစ်ပုံလောက်ပဲ လျှော့ရေးတယ်။ ဒါကြောင့် အဲဒီပျက်စီးစာရင်းမှာ လက်မှတ်ထိုးခဲ့တာ မရှိဘူး။ ခုတော့ ကျောင်းဆောက်ပြီးလို့ တနှစ်လောက်မှာပဲ ပျက်စီးလာပြီ” လို့ ပြောပါတယ်။
အလက(ခွဲ) မဒေါက်ကျောင်းကို ၂၀၁၆-၂၀၁၇ ဘတ်ဂျက်နဲ့ Diamond valleg ကုမ္ပဏီကို တည်ဆောက်ဖို့ ခွင့်ပြုပေးခဲ့တာဖြစ်ပြီး လုပ်ငန်းပြီးစီးသွားလို့ စာရင်းစစ် ဝင်ရောက်စစ်ဆေးပြီး လိုအပ်ချက်တွေ ကုမ္ပဏီကို ပြန်လည်ပြင်ဆင်ခိုင်းခဲ့သလို ကုမ္ပဏီဘက်ကလည်း လာရောက်ပြုပြင်ဆောင်ရွက်ပေးခဲ့ပါတယ်လို့ (ညောင်လေးပင်မြို့နယ် တာဝန်ခံပညာရေးမှူး) ဦးဝင်းလွင်က ဒီဗွီဘီကိုပြောပါတယ်။
“ခုနောက်ပိုင်း ကြမ်းခင်းဘေးနံရတွေ ကျွံတာ၊ ကြမ်းခင်းအလယ်တွေ အက်တာကို သက်ဆိုင်ရာကျောင်းအုပ်က ကျနော်တို့ဆီကို တင်ပြထားတာမရှိပါဘူး။ တကယ်လို့ သူက တင်ပြလာရင် ကျနော်တို့ဘက်က သက်ဆိုင်ရာခရိုင်၊ တိုင်းအဆင့်ဆင့်ကို တင်ပြပြီး ကုမ္ပဏီနဲ့ဆက်သွယ်ပြီးတော့ သူတို့ရဲ့ ၂ နှစ် အာမခံဖြစ်တဲ့အတွက် ၂ နှစ်အတွင်းမှာ ကုမ္ပဏီက ပြန်လည်ပြုပြင်ပေးဖို့ တာဝန်ရှိတာကြောင့် ပြန်ပြီးတော့ ပြုပြင်ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်” လို့ ပြောပါတယ်။
ကုမ္ပဏီအနေနဲ့ အရည်သွေးပြည့်မီအောင် မတည်ဆောက်သွားတာကြောင့် ဒေသခံတွေ အနေနဲ့ ကျေနပ်မှုမရှိသလို နောက်ထက်ပျက်စီးလာရင် ကလေးတွေအတွက် အန္တရာယ်ရှိလာမှာကို စိုးရိမ်နေကြတာကြောင့် အမြန်ဆုံးလာရောက်ပြုပြင်ပေးဖို့ လိုလားနေကြပါတယ်။
သတင်း၊ ဓာတ်ပုံ-နေလင်းထိုက်











