ရေတွင်းတူးရင်း ၂ နာရီကြာ မြေပိသူကို အသက်ရှင်လျက် ကယ်ဆယ်နိုင် (ရုပ်သံ)
DVB
·
June 2, 2018

ကလေးမြို့နယ် ကံကြီးကျေးရွာမှာ မေ ၃၀ ရက်နေ့ ညနေပိုင်းက ရေတွင်းဟောင်းတူးဖော်ရင်း ၂ နာရီကျော်ကြာ မြေကျင်းပိမှု ဖြစ်ပွားခဲ့တဲ့ အမျိုးသားတဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်လို့ ကံကြီးရွာ ဆရာတော်က ပြောပါတယ်။
“ဖြစ်တာက (၃) နာရီလောက်မှာ ဖြစ်ခါစက မသိသေးဘူး။ နောက်တော့ ဘုန်းကြီးဆီ အကြောင်းကြားတာနဲ့ နီးစပ်ရာအသိ နန်းဟန်နွဲ့ဘက်မှာ ရှိတဲ့ JCB မြေတူးစက်ဖုန်းဆက်ခေါ်တယ်။ အဲ့မှာ ကားကလည်း မိနစ် ၂၀ လောက်မှာ ရောက်လာတယ်။ ဒါနဲ့ မြေထိုးကားနဲ့ မြေတွေ ဖော်ထုတ်ကယ်ဆယ်ခဲ့တာ” လို့ ကံကြီးရွာ ဆရာတော် ဦးပညာစာရက ဆက်ပြောပါတယ်။
ကံကြီးရွာထိပ် မတင်မာကြည်တို့ နေအိမ် ရေတွင်းဟောင်း ပြုပြင်တူးဖော်ဖို့ လုပ်နေတုန်း ဖြစ်ပွားခဲ့တာဖြစ်ပြီး မြေပိသူဟာ ကံသာရွာမှာ နေထိုင်သူ ချင်းအမျိုးသားတဦးဖြစ်တယ်လို့လည်း သိရပါတယ်။ နာမည်ကိုတော့ ရေတွင်းဖော်သူ နေအိမ်ပိုင်ရှင် ကိုယ်တိုင်က မသိဘူးလို့ ပြောပါတယ်။
“မြေပိတဲ့သူက ကံကောင်းချင်တော့ ရေတွင်းဟောင်းကလည်း ဘေးက ကတ်တွေ ကာထားတာ မြေပျိုတော့ အဲ့ကတ်တွေနဲ့ အရင်ပိတယ်။ နောက် ဘုန်းကြီးလည်း ၂ ခွဲပိုက်နဲ့ ထိုးစိုက်တာ လေရအောင်ပေါ့။ ပိုကံကောင်းသွားတာက ပိုက်ထိုးတဲ့အချိန် မြေပိသူရဲ့ ပါးစပ်နဲ့ ကွက်တိသွားကျတာ။ မြေအောက်ကနေ သူ စကားပြောတယ် အပေါ်က ကြားရတယ်။ အပေါ်က ပြောတာတော့ သူမကြားရဘူး။ အချိန် ၂ နာရီလောက်မှာ သူ့ကို ကယ်ခဲ့နိုင်တယ်” လို့ ဆရာတော်က ပြောပါတယ်။
မြေပိမိခဲ့သူဟာ ဒဏ်ရာအကြီးအမား မရခဲ့ပေမယ့် ခန္ဓာကိုယ် နာကျင်တာကြောင့် ကံကြီးရွာ နာရေးကူညီမှုယာဉ်နဲ့ ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
ဆေးရုံမှာ သွားရောက်စုံစမ်းရာမှာတော့ လူနာကို မတွေ့ခဲ့ရပါဘူး။ နောက်ပြီး မြေပိမိသူဟာ ချင်းတိုင်းရင်းသားဖြစ်တာကြောင့် မြန်မာစကား နားလည်မှု နည်းတယ်လို့လည်း သိရပါတယ်။
မင်းရဲစစ်နိုင်
ရုပ်သံ-Nayyin Sayar