DVB Logo
Home
မြန်မာသတင်း
စက်လှေခိုးဂိုဏ်းကို စက်လှေ ၃၈ စီးနှင့်အတူ ဖမ်းမိ
DVB
·
June 1, 2018
စက်လှေခိုးဂိုဏ်းကို စက်လှေ ၃၈ စီးနှင့်အတူ ဖမ်းမိ
Donate to DVB

ဧရာဝတီတိုင်းအတွင်း ရေလမ်းခရီး အဓိက အသုံးပြုနေရတဲ့ မြို့နယ်တွေမှာ လှည့်လည်ပြီး စက်လှေတွေကို ခိုးယူနေတဲ့ စက်လှေခိုးဂိုဏ်းကို ကျပ်သိန်းပေါင်း ၂၁၇၀ ကျော်တန်ဖိုးရှိ စက်လှေ ၃၈ စီးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။

မေလ ၁၉ ရက်နေ့က ဖျာပုံမြို့မရဲစခန်းမှာ တရားလိုဖြစ်တဲ့ ဒေသခံ ဦးနိုင်ဝင်းက ကြုံတာမြစ်ဘေးမှာ ရပ်ထားတဲ့ သူရဲ့စပါး ၈၀၀ ဆံ့ စက်လှေပျောက်သွားလို့ အမှုလာဖွင့်တာကနေစပြီး ဖျာပုံ၊ ဘိုကလေး၊ လပွတ္တာ၊ မြောင်းမြ၊ ပန်းတနော်နဲ့ ဒေးဒရဲမြို့နယ်တွေမှာ အစောင့်မရှိဘဲ ရပ်ထားတဲ့ စက်လှေတွေ ခိုးယူခဲ့သူ ၃ ဦးကို ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှူးဦးစီးတဲ့ မှုခင်းနှိမ်နှင်းရေးအဖွဲ့က ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တာလို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောပါတယ်။

“လောလောဆယ် ဖမ်းမိထားတဲ့ စက်လှေ ၃၈ စီးကို ဖျာပုံမြို့၊ ရွှေရတုရိပ်သာ ဆိပ်ကမ်းမှာထားတယ်။ တရားခံ ၃ ယောက်ကိုတော့ ဖမ်းမိထားတယ်။ ကျန်ရှိသေးတဲ့ စက်လှေတွေနဲ့ ဆက်စပ်တရားခံတွေကို ဆက်လက်စုံစမ်းနေပါတယ်။ အဲ့လောက် အများကြီးခိုးတာ မိတာဧရာဝတီတိုင်းမှာ ပထမဆုံးပါ။”

ဖမ်းဆီးရမိတဲ့ စက်လှေတွေကတော့ သစ်သားခွံစက်လှေ ၂၈ စီး၊ သံခွံစက်လှေ ၅ စီးနဲ့ ဖိုက်ဘာစက်လှေ ၅ စီးတို့ဖြစ်ကြပြီး လတ်တလောမှာတော့ စက်လှေ ၁၈ စီးရဲ့ ပိုင်ရှင်တွေကို စုံစမ်းရမိပြီလို့ ဆိုပါတယ်။

စက်လှေပျောက်ဆုံးနေတဲ့ ပိုင်ရှင်တွေအနေနဲ့ ပိုင်ဆိုင်ကြောင်း အထောက်အထား ခိုင်လုံစွာနဲ့ ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို ဆက်သွယ် အကြောင်းကြားနိုင်တယ်လို့ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

စက်လှေတွေခိုးယူခဲ့သူ ၃ ဦးကိုတော့ ဖျာပုံမြို့မရဲစခန်းက (ပ)၃၁၄/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၉ နဲ့ ဖမ်းဆီးစစ်ဆေးနေပြီး ကျန်ရှိတရားခံတွေနဲ့ စက်လှေတွေကို ဆက်လက်ဖော်ထုတ်နိုင်အောင် ကြိုးစားနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013