DVB Logo
Home
Lead Story
စားသုံးသူကာကွယ်ရေး ဥပဒေက ဘယ်လို အကာအကွယ် ပေးနိုင်မလဲ
DVB
·
June 1, 2018
စားသုံးသူကာကွယ်ရေး ဥပဒေက ဘယ်လို အကာအကွယ် ပေးနိုင်မလဲ
Donate to DVB

၂၀၁၄ ခုနှစ်မှာ စားသုံးသူကာကွယ်ရေးဥပဒေ ပြဋ္ဌာန်းခဲ့တယ်။ နောက် ၂ နှစ်အကြာမှာ စားသုံးသူကာကွယ်ရေး ဥပဒေကြမ်း ထပ်မံထွက်ရှိခဲ့ပါတယ်။ ၂ နှစ်သာ ကွာခြားသေးတယ်။ ဘာလို့ အသစ်ပြန်လည်ရေးဆွဲရသလဲ။ အဟောင်းမှာ ဘာတွေ အားနည်းချက်ရှိနေလို့လဲ ဆိုတာ စဉ်းစားစရာပါ။

တကယ်တော့ စားသုံးသူကာကွယ်ရေးဆိုတာ ရောင်းသူ ဝယ်သူ ဆက်ဆံရေးအပေါ် အခြေခံပြီး ပေါ်လာခဲ့တာ။ ရောင်းသူ ဝယ်သူကြားမှာ နှစ်ဦးသဘောတူညီချက်အရ ဖြစ်လာပေမယ့် နှစ်ဦးနှစ်ဖက် တာဝန်ယူမှု တာဝန်ခံမှု ပျက်ကွက်ခဲ့ရင် စားသုံးသူဘက်မှာ အကာအကွယ်ရှိဖို့ လိုအပ်သလို ရောင်းချသူဘက်ကလည်း ထုချေပိုင်ခွင့်တော့ ရှိရပါမယ်။

ခက်နေတာက “စားသုံးသူ” ဆိုတဲ့ ဝေါဟာရရဲ့ သဘောမှာကိုက အစားအသောက် တခုတည်းနဲ့ ဆိုင်သလို ထင်မြင်စရာ ဖြစ်နေခြင်းပဲ။

မကြာမီက ထုတ်ပြန်လိုက်တဲ့ ဥပဒေကြမ်းမှာတော့ “စားသုံးသူ ကာကွယ်ရေး” ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို “ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် လုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့် ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းစဉ်ကို ဆိုလိုသည်။” လို့ ဖွင့်ဆိုထားပါတယ်။

ဒီဖွင့်ဆိုချက်ကတော့ ၂၀၁၄ ခုနှစ် စားသုံးသူကာကွယ်ရေးဥပဒေမှာ မပါခဲ့ပါဘူး။ အခုဖွင့်ဆိုချက်အရ ကုန်စည်သာမက ဝန်ဆောင်မှုအပိုင်းကိုပါ ထည့်သွင်းထားတာကို တွေ့ရတဲ့အတွက် အတန်ငယ်ပြည့်စုံတဲ့ ဖွင့်ဆိုချက် ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

ဝန်ဆောင်မှုဆိုရာမှာ အဓိကကတော့ ကျန်းမာရေးကဏ္ဍ ရှိတယ်။ ပညာရေးကဏ္ဍတို့လည်း ပါဝင်တယ်။ ကျန်းမာရေးကဏ္ဍမှာဆိုရင် ဆေးဝါးထုတ်လုပ် ဖြန့်ဖြူးတာကအစ ဆေးရုံ၊ ဆေးခန်းအဆုံး အားလုံး ပတ်သက်နေတော့ အလွန်ကျယ်ဝန်းပါတယ်။

ဆရာဝန်ရဲ့ မှားယွင်းချက်ကြောင့် အသက်ဆုံးရှုံးသည်အထိ ဖြစ်လာတဲ့ ကိစ္စရပ်မျိုးတွေ၊ ဆေးမှားပေးတာ၊ ကုသချက် ချွတ်ယွင်းမှုကြောင့် နစ်နာရတာတွေ၊ ဒါ့အပြင် ဖြစ်နေတဲ့ရောဂါက တခု စစ်ဆေးချက်အရဆိုပြီး အခြားရောဂါကို ပြောပြီး ငွေကြေးအများကြီးယူ ကုသတာတွေ စတာတွေလည်း ပါဝင်တယ်။ ပြည်သူလူထုက အစားအသောက်နဲ့ ပတ်သက်တာတွေကို စားသုံးသူ ကာကွယ်ရေးအဖွဲ့တွေက ဆောင်ရွက်ပေးနေတယ်လို့ သိပေမယ့် ဝန်ဆောင်မှုနဲ့ ပတ်သက်တာတွေကိုတော့ တိုင်ကြားရမှန်း မသိသေးဘူး။

အထူးသဖြင့် ပညာရေး၊ ကျန်းမာရေးနဲ့ ကြော်ငြာရေးကဏ္ဍတွေမှာ တိုင်ကြားရကောင်းမှန်း မသိသလို ဘယ်ကစပြီး ကိုင်တွယ်ဖြေရှင်းရမှန်း မသိတာတွေက အများကြီးပဲ။ ဒီတော့ မရိုးသားသူတွေက ဒီလိုမျိုး ပြစ်မှုတွေကို လက်တလုံးခြား ကျူးလွန်နေတာတွေကိုလည်း မြင်တွေ့နေရတယ်။

ဒီတော့ အခု ကြေညာလိုက်တဲ့ ဥပဒေမူကြမ်းကရော ဘယ်လောက်အထိ လူထုကို  အကာအကွယ်ပေးနိုင်မလဲ ဆိုတာကို DVB Law Lab (ပိုင်းခြားစိတ်ဖြာဥပဒေရေးရာ) အစီအစဉ်က စိတ်ဝင်စားတဲ့အတွက် “စားသုံးသူကာကွယ်ရေး ဥပဒေကြမ်းအပေါ် ရှုမြင်ချက်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေတင်ဆက်သွားဖို့ ဦးမောင်မောင် (ဥပဒေပညာရှင်)၊ ဦးမောင်မောင် (မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးသမဂ္ဂ အတွင်းရေးမှူး) တို့ကို ဖိတ်ကြားခဲ့ပါတယ်။

အစီအစဉ်တင်ဆက်သူ ဦးခင်သန်းရဲ့ အမေးကိုတော့ ဥပဒေပညာရှင် ဦးမောင်မောင်က “ရောင်းသူဝယ်သူ ဆက်ဆံရေးမှာ အာမခံချက်ရှိရတယ်။ ပိုမိုကျယ်ပြန့်လာတာနဲ့အမျှ ကုန်စည်အရည်အသွေး၊ အရေအတွက်တွေမှာ ပြဿနာရှိလာပြီ။ ပဋိညာဉ်လောက်နဲ့ မပြီးပြတ်တော့ဘူး။ အန္တရာယ်က ကြီးမားလာတယ်။ ဒါကြောင့် တရားမနဲ့ မလုံလောက်ဘူး။ ဒီမလုံလောက်မှုကြောင့် စားသုံးသူ ကာကွယ်ပေးရေး ဥပဒေ ပေါ်လာတာပဲ” လို့ ဆိုပါတယ်။ အရင်ဥပဒေမှာဆိုရင် အစိုးရက တာဝန်ယူတဲ့အပိုင်းလည်း မပါ။ ပြဿနာဖြစ်ရင် တိုင်ရမယ့် အဖွဲ့အစည်းလည်း မရှိ။ ဒီမပြည့်စုံမှုတွေကြောင့်လည်း ၂ နှစ်အကြာမှာ အသစ်ထပ်မံရေးဆွဲရခြင်း ဖြစ်နိုင်ပါတယ်လို့ ဆိုပါတယ်။

စားသုံးသူများ ကာကွယ်ရေးအသင်း အတွင်းရေးမှူး ဦးမောင်မောင်ကလည်း “စဉ်ဆက်မပြတ် စောင့်ကြည့်ဖို့ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍ လိုအပ်တယ်။ တဦးတယောက်တည်းကို ပေးအပ်တဲ့ လုပ်ပိုင်ခွင့် သိပ်များလွန်းတာဟာ အဂတိတရားကို ဖြစ်ပေါ်စေတယ်။ ဒါကြောင့် တတိယအဖွဲ့အစည်းဖြစ်တဲ့ အရပ်ဘက်အဖွဲ့တွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုသင့်တယ်” လို့ ဆိုပါတယ်။

ဆွေးနွေးသူ နှစ်ဦးစလုံးကတော့ ရဲအရေးပိုင်တဲ့ကိစ္စအဖြစ် ဥပဒေကြမ်းမှာ ထည့်သွင်းထားတာ ကောင်းမွန်ကြောင်း၊ ဒါပေမယ့် တိုင်ကြားနိုင်တဲ့ နေရာတွေကို မြို့နယ်၊ ရပ်ကျေးအထိ တိုးချဲ့သင့်ကြောင်း၊ ဒီဥပဒေအပြင် ပဋိညာဉ်ဥပဒေ၊ စီးပွားကူးသန်းဥပဒေ၊  ဆက်စပ်နေတဲ့ ကျန်းမာရေး၊ ဆေးဝါးဥပဒေ၊ ပညာရေး ဥပဒေတွေ၊ ရာဇသတ်ကြီး ဥပဒေတွေနဲ့လည်း ချိတ်ဆက်မိပြီး ဥပဒေချင်းချင်း ပဋိပက္ခမဖြစ်ဖို့ လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြပါတယ်။

ဘာပဲဖြစ်ဖြစ် မကြာမီကာလအတွင်း စားသုံးသူကာကွယ်ရေး ဥပဒေသစ် ပြဋ္ဌာန်းလာတော့မှာ ဖြစ်တယ်။ လက်ရှိကာလမှာတော့ စားကုန်သောက်ကုန်နဲ့ ပတ်သက်တဲ့ အကာအကွယ် လှုပ်ရှားမှုတွေ လုပ်ဆောင်နေတာကို သတင်းမီဒီယာတွေမှာ မကြာခဏ တွေ့မြင်ရပါတယ်။ ဒါပေမယ့် ဝန်ဆောင်မှုကဏ္ဍနဲ့ ပတ်သက်တာတွေမှာတော့ မမြင် မတွေ့ရသေးပါဘူး။ မီဒီယာအသီးသီးမှာ နေ့စဉ် မြင်တွေ့နေရတဲ့ ကြော်ငြာတွေ၊ ကံစမ်းမဲဖောက်တာတွေဟာ အမှန်တကယ် ကြေညာတာနဲ့ ရလဒ်မတူညီမှုတွေ၊ ကတိကဝတ်ပျက်ကွက်မှု (ကားမဲဖောက်မယ် ကြေညာပေမယ့် မဖောက်ဘဲ အယောင်ပြ လုပ်ဆောင်မှု) တွေနဲ့ ပတ်သက်တာတွေကို စဉ်ဆက်မပြတ် ကြီးကြပ်မှု မရှိတာတွေဟာ ဥပဒေသာရှိပြီး အသက်မဝင်သလို ဖြစ်ခဲ့တယ်။ ဒီလို သက်ဝင်မှုမရှိတဲ့ ဥပဒေတရပ်က လူထုကို ဘယ်လောက် အကာအအကွယ်ပေးနိုင်မလဲ ဆိုတာကိုတော့ ရင်လေးစွာ မျှော်ကြည့်ရမှာ ဖြစ်ကြောင်းပါ။      ။

ထွန်းဇော်ဌေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013