DVB Logo
Home
မြန်မာသတင်း
မြင်းခြံ ယာဉ်​ရပ်​နားကွင်းလမ်းများ အမြန်​ပြုပြင်​​ပေး​ရန် တောင်းဆို
DVB
·
June 1, 2018
မြင်းခြံ ယာဉ်​ရပ်​နားကွင်းလမ်းများ အမြန်​ပြုပြင်​​ပေး​ရန် တောင်းဆို
Donate to DVB

မန္တ​လေးတိုင်း​ဒေသကြီး မြင်းခြံယာဉ်​ရပ်​နားကွင်း (ကားကြီးကွင်း) အတွင်းမှာရှိတဲ့ လမ်း​တွေဟာ မိုးတွင်းကာလမှာ သွားလာရတာ အလွန်​ဆိုးဝါး​နေတာ​ကြောင့် အမြန်​ဆုံး ပြုပြင်​​ပေး​စေချင်​တယ်​လို့ ယာဉ်​ကြီးကြပ်​​ရေးရုံးမှ အတွင်း​ရေးမှူး ဦး​ကျော်​မျိုးသန့်​က ​ပြောပါတယ်​။

မြင်းခြံ ယာဉ်​ကြီးကြပ်​​ရေးရုံးမှ အတွင်း​ရေးမှူး ဦး​ကျော်​မျိုးသန့်​က "ကားဝင်း ဖြစ်​တဲ့အတွက်​ ကားလမ်း​တွေ​ ကောင်းဖို့ လိုပါတယ်​။ ဒီကားလမ်း​တွေ မ​ကောင်း​တော့ စည်​ပင်​ကို အကြိမ်​​ပေါင်းများစွာ အ​ကြောင်းကြားတယ်​။ စည်​ပင်​ကလည်း ဘတ်​ဂျက်​တင်​ထားတယ်​၊ ကျလာရင်​ ပြင်​​ပေးမယ်​လို့ပဲ ​ပြောတယ်​။ စည်​ပင်​အ​နေနဲ့က ဒီကားဝင်းကို ​ကောက်​ခံမှုမျိုးစုံနဲ့ ​ကောက်​ယူ​နေတယ်​။ ယာဉ်​ဝင်းထဲမှာ ​မော်​​တော်​ဆိုင်​ကယ်​ကအစ ​ကောက်​ခံတယ်​။ ဒီလို ​ကောက်​ခံမှု​တွေ အတိအကျ လုပ်​​ဆောင်​​နေပြီး ကားဝင်းထဲက လမ်း​တွေကို​တော့ ​ကောင်းမွန်​​အောင်​လုပ်​​ပေးဖို့ လိုပါတယ်​။ ဒီလို လုပ်​​ပေးမှသာ ကားဝင်းကို အသုံးပြု​နေတဲ့သူ​တွေ၊ စီးပွားရှာ​ဖွေ​နေတဲ့သူ​တွေ အကျိုးဖြစ်​မှာ ဖြစ်​တဲ့အတွက်​ အမြန်​ပြင်​​ပေး​စေလိုတာပါ။ ကျ​နော်​တို့ သက်​ဆိုင်​ရာဌာန အဖွဲ့အစည်း​တွေကို တင်​ပြ​ပြောဆိုတာ​တွေ ရှိ​ပေမယ့် ဒီလမ်း​တွေက ​ကောင်းမလာဘူး” လို့ ဒီဗွီဘီကို​ ပြောပါတယ်​။

မြင်းခြံကားကြီးကွင်းကို ၂၀၀၂ ခုနှစ်​က စတင်​ဖွင့်လှစ်​ခဲ့ပြီး ကားဂိတ်​ ၅၆ ဂိတ်​နဲ့အတူ ကုန်​မျိုးစုံ အ​ရောင်းအဝယ်​ပြုလုပ်​​နေတဲ့ ပွဲရုံတွေ၊ ​နေ့စဉ်​ ရပ်​​ဝေး ရပ်​နီး ခရီးသွားပြည်​သူတွေ အများအပြား ဝင်​​ရောက်​​နေပြီး ကားဝင်း အတွင်းအပြင် တိုက်​ခန်း​ပေါင်း ၃၆၅ ခန်း ပါဝင်​တာ ဖြစ်​ပါတယ်​။

မြင်းခြံ စည်​ပင်​သာယာ​ရေး​ကော်​မတီ ဥက္ကဋ္ဌ ​ဒေါက်​တာဝင့်သူက " ကျ​နော်​တို့ ​ကော်​မတီ လက်​ထက်​မှာ ကားဝင်းကို ​ပေ ၂၀၀၀ နီးပါး ကတ္တရာခင်း​ပေးခဲ့တယ်​၊ ကျန်​တဲ့ ​ပေ ၁၂၀၀ ​ကျော်​ကို ကျ​နော်​တို့ စည်​ပင်​က ကတ္တရာ အလုံး ၅၀ ​ပေးမယ်​၊ ကားဝင်းက အလုပ်​သမားနဲ့ ​ကျောက်​ဖိုး ထည့်ပေးဖို့ ​ပြောခဲ့တယ်​။ အဲ့လို​ပြော​တော့ ကားဝင်းက ထွက်​မလာဘူး။ ကျ​နော်​တို့ မြို့ပြဖွံ့ဖြိုးဖို့ဆိုတာက အများပြည်​သူ ပူး​ပေါင်းဖို့လိုပါတယ်​။ ဒီကားကြီးကွင်းကို​တော့ ၂၀၁၈-၂၀၁၉ ဘတ်​ဂျက်​ ကာလမှာ လိုအပ်​တဲ့ ​ပေ ၁၂၀၀ ကို တိုင်းက ခွင့်ပြုတဲ့အချိန်​မှာ ခင်း​ပေးသွားမှာပါ” လို့ ပြောပါတယ်။

မြင်းခြံစည်​ပင်​သာယာမှ ပွဲရုံ နဲ့ ကားဂိတ်​ကို ၁ ​ခန်းလျှင်​ ၁ လ ၇၀၀၀ ကျပ်​နှုန်း၊ စား​သောက်​ဆိုင်​ ၁ ခန်းကို ၁ လ ၅၀၀၀ ကျပ်နဲ့ အပြင်​ တိုက်​ခန်း​တ​ခန်းကို အမျိုးအစားလိုက်​ပြီး ၁ လ ၃၀၀၀ ကျပ်​ မှ ၃၅၀၀ ကျပ်​တို့နဲ့ လစဉ်​ ​ကောက်​ခံ​နေတာလည်းဖြစ်​ပြီး ကားကြီးကွင်းအတွင်း ဝင်​​ရောက်​မယ့် ​မော်​​တော်​ဆိုင်​ကယ်​ ၁ စီးကို ၁၀၀ ကျပ်​နဲ့ ​နေ့စဉ်​ ​ကောက်​ခံ​နေတာလည်း ဖြစ်​ပါတယ်​။

ခုလို မိုးတွင်းရာသီ ​ရောက်​လာတဲ့အချိန်​မှာဆို ကားကြီးကွင်းအတွင်းမှာ ​ရေဝပ်​​တာ၊ ​ရေစီး​ရေလာမရှိလို့​ ​ရေအိုင်​ဖြစ်တာ၊ ဗွတ်​ထတာ​တွေအပြင်​ သွားလာရခက်​ခဲတာ​ကြောင့် နှစ်​စဉ်​ မြို့လူထု​တွေက ​ဝေဖန်​နေကြတာပါ။

သတင်း - ရီရီထွန်း (မြင်းခြံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013