DVB Logo
Home
မြန်မာသတင်း
မြိုင်ကလေး ဘိလပ်မြေစက်ရုံ သိမ်းဆည်းပိုလျှံမြေ ပြန်စွန့်လွှတ်ရာတွင် မူလပိုင်ရှင်များ မရ
DVB
·
June 1, 2018
မြိုင်ကလေး ဘိလပ်မြေစက်ရုံ သိမ်းဆည်းပိုလျှံမြေ ပြန်စွန့်လွှတ်ရာတွင် မူလပိုင်ရှင်များ မရ
Donate to DVB

မြိုင်ကလေး တန် ၉၀၀ ဘိလပ်မြေစက်ရုံက စီမံကိန်းတည်ဆောက်စဉ်က သိမ်းဆည်းခဲ့တဲ့ အသုံးမပြု ပိုလျှံမြေတွေကို သက်ဆိုင်ရာက ပြန်လည်စွန့်လွှတ်ခဲ့ပေမယ့် မူလ လယ်ပိုင်ရှင်တွေ ပြန်မရရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မေ ၃၀ ရက် မနက် ၁၂ နာရီက ဘားအံမြို့နယ်၊ ဇရပ်ဖြူကျေးရွာ၊ ဘုန်းကြီးကျောင်းမှာ နစ်နာတဲ့ မူလလယ်ပိုင်ရှင်တွေက ဒီဗွီဘီကို ပြောပါတယ်။

၁၉၈၁ ခုနှစ်က တန် ၉၀၀ ဘိလပ်မြေစက်ရုံ စတင်တည်ဆောက်စဉ်က ရွာလုံးကျွတ် နေအိမ်တွေ ဖယ်ရှားခံခဲ့ရတဲ့အပြင် လယ်၊ ယာ၊ ဥယျာဉ်ခြံမြေတွေကိုပါ လိုအပ်တာထက် ပိုမိုသိမ်းဆည်းခဲ့တဲ့အတွက် အစိုးရသစ်လက်ထက်မှာ အသုံးမပြု ပိုလျှံမြေတွေကို ပြန်လည်စွန့်လွှတ်တာတွေ ရှိပေမယ့် မူလလယ်ပိုင်ရှင်တွေ မရရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဘားအံမြို့နယ်၊ မြိုင်ကလေးကျေးရွာ၊ ဒေါ်နန်းတင်တင်ဝင်းက “ပြောရရင်တော့ စားစရာမရှိ လျော်စရာရှိ ဘဝရောက်ခဲ့ရတယ်။ အဲဒီမြေကိုလည်း အသုံးလည်းမပြုဘူး။ မူလပိုင်ရှင်ကိုလည်း မပြန်ပေးဘူး။ ပြန်ပေးရင် မူလပိုင်ရှင် လုပ်စားရင် မကောင်းဘူးလား။ တဖက်က စားဝတ်နေရေး ပြေလည်ရင် သူများတိုင်းပြည်မှာ မျက်နှာငယ်စရာ မလိုဘူး။ ၂၀၁၅ တုန်းက စွန့်တဲ့မြေမှာလည်း ကွင်းအမှတ် ၁၀၃၆။ အနော်တို့ မြေလည်း ပါတာပဲ။ အဲဒါလည်း သူတို့ မပေးဘူး” လို့ ပြောပါတယ်။

ကရင်ပြည်နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမင်းမင်းက “ဘိလပ်မြေစက်ရုံတွေက သိမ်းဆည်းခဲ့တဲ့ ကိစ္စတွေက ကျနော်တို့ ဗဟိုမြေစစ် ကော်မတီက စစ်ဆေးရေးအဖွဲ့တွေနဲ့ ကျနော်တို့ စိစစ်ပါတယ်။ ဗဟိုက ညွှန်ကြားချက်အတိုင်း စက်ရုံကို မေးတယ်။ သူတို့က အနာဂတ် plan ဆိုပြီး ပြန်လာတယ်။ ပြန်မစွန့်လွှတ်နိုင်ပါဘူး ဆိုတဲ့ မေးခွန်ပြန်ကြားချက်ကို ပြည်နယ် မြေစစ်ကော်မတီကတဆင့် ဗဟိုဆက်လက် တင်ပြတယ်။ ဒါ လွတ်နေတဲ့ မြေနေရာတွေရဲ့ အခြေအနေပါ” လို့ ပြောပါတယ်။

ဘားအံမြို့နယ်၊ ဇရပ်ဖြူကျေးရွာ၊ ဒေါ်ခင်ရီက “စုစုပေါင်း လယ်နှစ်ခင်းက ဧက ၂၀ လောက် ရှိမယ် ထင်တာပဲ။ ပထမတုန်းက တန် ၄၀၀၀ စက်ရုံသိမ်းတယ်လို့ပဲ ပြောတယ်။ အမိုးတို့ တွေ့တာက အနောက်ဘက်အခြမ်းမှာ ၉၁၅ က တခြမ်း ပြန်သိမ်းလိုက်တယ်။ ခြံပါ ကာလိုက်တယ်။ အမိုးတို့ ဘာတခုမှ မသိရဘူး။ အဲဒါနဲ့ မေးလည်း မမေးရဲဘူး။ မေးလို့ရှိရင် ဟိုတုန်းက ပါးရိုက် နားရိုက်နဲ့ ကြောက်ရတယ်။ အဲဒါနဲ့ မမေးရဲဘူး။ နောက်ပိုင်းတော့ လယ်မလုပ်တော့ဘဲနဲ့ သစ်စိုက်တယ်။ သစ်ပြန်စိုက်တော့ သတင်းကြားတာ ကရင်ပြည်နယ် ဝန်ကြီးချုပ်(ဟောင်း) ဦးဇော်မင်း လက်ထဲရောက်သွားတယ်”လို့ ပြောပါတယ်။

စက်ရုံ စီမံကိန်းအတွက် အမှန်လိုအပ်မြေ ၈၄၉ ဧက၊ လက်ရှိ သိမ်းဆည်းထားမြေက ၂၇၇၁.၁၈၁ ဧက ဖြစ်ပြီး၊ လက်ရှိမှာ ဘိလပ်မြေစက်ရုံတွေက MEC အမည်ပေါက် လန-၃၉ ထွက်ရှိပြီး ဖြစ်တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

ထိခိုက်နစ်နာသူ မူလပိုင်ရှင် ၁၀၀ ကျော်အတွက် နေအိမ်ရွှေ့ပြောင်းစဉ်က အိမ်သေး ၅၀၀ ကျပ်၊ အိမ်ကြီး ၁၀၀၀ ကျပ်သာ ပြောင်းရွှေ့စရိတ်ပေးခဲ့တာရှိပြီး သိမ်းဆည်းထားတဲ့ ပိုလျှံမြေတွေမှာ ချုံနွယ်ခုတ်၊ ခြံစည်းရိုး ကာရံတာတွေ ဝင်ရောက်လုပ်ကိုင်ခဲ့တဲ့အတွက် မူလလယ်ပိုင်ရှင် ၈ ဦး တရားစွဲဆိုခံခဲ့ရတာတွေရှိပြီး ပိုလျှံမြေတွေကို စက်ရုံက ပြင်ပက ငှားရမ်း လုပ်ကိုင်သူတွေကို နှစ်စဉ် ငှားရမ်းလုပ်ကိုင်ခွင့် ပြုထားပါတယ်။

ဘိလပ်မြေစက်ရုံတွေက ဒေသခံတွေရဲ့ လယ်၊ ယာ၊ ဥယျာဉ်ခြံမြေတွေ သိမ်းဆည်းခဲ့တဲ့အတွက် လယ်၊ ယာ၊ ဥယျာဉ်ခြံမြေတွေ လုပ်ကိုင်ခွင့် မရရှိတော့တဲ့နောက် စားဝတ်နေရေး အခက်အခဲအတွက် သားသမီးတွေက ပညာရေးတပိုင်းတစနဲ့ တဖက်နိုင်ငံကို သွားရောက်အလုပ် လုပ်ကိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013