DVB Logo
Home
ဆောင်းပါး
သတင်း မီဒီယာလွတ်လပ်ခွင့် ဘယ်လို ဖြစ်လာနိုင်သလဲ
DVB
·
June 29, 2012
သတင်း မီဒီယာလွတ်လပ်ခွင့် ဘယ်လို ဖြစ်လာနိုင်သလဲ
Donate to DVB

ပြန်ကြားရေးဝန်ကြီးဌာန စာပေစိစစ်နဲ့ မှတ်ပုံတင်ဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက လာမယ့် ဇွန်လကုန်က စပြီး သတင်းနဲ့ စာပေလက်ရာတွေကို ကြိုတင်စိစစ်တာတွေ ရှိတော့မှာ မဟုတ်ဘူး။ အဆုံးတနေ့ကျရင် စာပေကင်ပေတိုင်လို့ နာမည်ကြီးနေတဲ့ စာပေစိစစ်ရေးအဖွဲ့လည်း ရှိတော့မှာ မဟုတ်ဘူး ဆိုပြီး ပြီးခဲ့တဲ့ မေလအတွင်းက ပြည်တွင်းပြည်ပ မီဒီယာတွေကို တရားဝင် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ကြိုတင်စိစစ်တာမျိုး ရှိတော့မှာ မဟုတ်ပေမယ့် တင်ပြပြီးမှ စိစစ်တာမျိုး ဆက်ပြီး ရှိနေ မရှိနေ၊ စာပေစိစစ်ရေးအဖွဲ့ မရှိတော့ဘူး ဆိုရင်လည်း ဘယ်အချိန်မှာ အပြီးတိုင် ဖျက်သိမ်းပြီးဖြစ်မယ် ဆိုတာတွေကိုတော့ ရှင်းရှင်းလင်းလင်း မပြောဆိုခဲ့ပါဘူး။ အခုလက်ရှိ အနေအထားရ သတင်းနဲ့ စာပေလွတ်လပ်ခွင့် တဖြည်းဖြည်းနဲ့ တိုးတက်ရရှိလာရေးမှာ နောက်ပြန်ဆုတ်သွားနေတဲ့ အခြေအနေ တချို့ကို မြင်တွေ့နေရတာမို့ ဒီအကြောင်း ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။

မေလအတွင်း ဦးတင့်ဆွေ အဲလို ပြောဆိုပြီးနောက်မှာပဲ ပြန်ကြားရေးဝန်ကြီးဌာနဟာ စာနယ်ဇင်းကောင်စီ တရပ် ဖွဲ့စည်းဖို့ ကြိုးပမ်းလာတာ တွေ့ရပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနဟာ ပုံနှိပ်ဥပဒေကြမ်းကို လွှတ်တော် မတင်ခင်၊ လွှတ်တော်က အတည်မပြုသေးခင် ဥပဒေထဲမှာပါတဲ့ အမြုတေ စာနယ်ဇင်းကောင်စီတရပ်ကို ကြိုတင် ဖွဲ့စည်းထားလိုတာ တွေ့ရပါတယ်။ ဇွန်လကုန် သတင်းနဲ့ စာပေလက်ရာတွေ စာပေစိစစ်ရေးကို ကြိုတင်စိစစ်တာမျိုး မတင်ခိုင်းတော့တဲ့အချိန်မှာ အဲဒီ စာနယ်ဇင်းကောင်စီကနေ တဆင့် သတင်းနဲ့ စာပေရေးသားခွင့်တွေကို ထိန်းချုပ်ဖို့ ရည်ရွယ်ပုံလည်း ရပါတယ်။ ဒီ ရည်ရွယ်ချက်အတိုင်းပဲ စာနယ်ဇင်းအဖွဲ့ ဖြစ်မြောက်ရေး ကြိုးစားနေသူတွေကို ဖိတ်ခေါ်ပြီး စာနယ်ဇင်းကောင်စီကို ဒီလို ဒီလို ရည်ရွယ်ချက်တွေနဲ့ ဖွဲ့မယ်၊ ဒီအတွက် စာနယ်ဇင်းအဖွဲ့ ဖြစ်မြောက်ရေးကော်မတီတွေကနေ ကိုယ်စားလှယ် ၆ ယောက်စီ ပေးပါ။ အဲဒီ လူတွေထဲက သင့်တော်တဲ့သူတွေနဲ့ စာနယ်ဇင်းကောင်စီ ဖွဲ့မယ်ဆိုပြီး အကြောင်းကြားခဲ့ပါတယ်။

ဒါပေမယ့် ပြန်ကြားရေးဝန်ကြီးဌာနဟာ စာနယ်ဇင်းကောင်စီ ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး သူတို့ ထင်သလို ဖြစ်မလာခဲ့ပါဘူး။ စာနယ်ဇင်းအဖွဲ့ ဖြစ်မြောက်ရေး ကြိုးပမ်းနေတဲ့ ကော်မတီ အသီးသီးကနေ စာနယ်ဇင်းကောင်စီဆိုတာ စာပေစိစစ်ရေးနေရာဝင်ယူဖို့ ဆိုရင် လက်မခံဘူး။ လက်ရှိ ပြန်ကြားရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စာနယ်ဇင်းကောင်စီဆိုင်ရာ မူဝါဒ သဘောထားတွေကိုလည်း မကြိုက်နှစ်သက်ဘူး။ ဒီအတွက် ပြန်ကြားရေးက ကိုယ့်စိတ်ကြိုက်ဖွဲ့စည်းမယ့် စာနယ်ဇင်းကောင်စီအတွက် ကိုယ်စားလှယ် စာရင်းကိုလည်း မပေးနိုင်ဘူး ဆိုပြီး အားလုံး တညီတညွတ်တည်း အကြောင်းပြန်ခဲ့ပါတယ်။ တကယ်တော့ စာနယ်ဇင်းအဖွဲ့တွေ အားလုံး ဒီလို တုံ့ပြန်လိမ့်မယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက မျှော်လင့်ထားပုံမရပါ။ ဒါကြောင့် စာနယ်ဇင်းကောင်စီကို ဘယ်လို ဖွဲ့သင့်သလဲ၊ စာနယ်ဇင်းအဖွဲ့ ဖြစ်မြောက်ရေးကော်မတီတွေက ဘယ်လို သဘောထားရှိနေသလဲ ဆိုတာတွေကို ပွင့်ပွင့်လင်းလင်း တင်ပြနိုင်ပါတယ် ဆိုပြီး မြန်မြန်ဆန်ဆန် တုံ့ပြန်ပြောဆိုပြီး နောက်တော့ စာနယ်ဇင်းကောင်စီ ဖွဲ့စည်းရေး ဆိုတာကို ဘာမှ မပြောတော့ဘဲ တိတ်တဆိတ်ပဲ နေလိုက်တာ ဒီနေ့ထက်ထိပဲ ဖြစ်ပါတယ်။

ကြားထဲမှာ ထူးခြားချက်တခုအနေနဲ့ မေလကုန်မှာ ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာပါတယ်။ တကယ်တော့ ဒီအကြမ်းဖက်မှုတွေ မပေါ်ပေါက်ခင်က ဈေးကောက်ကိစ္စနဲ့ ပတ်သက်ပြီး စစ်တွေမှာ ပေါ်ပေါက်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ ဆန္ဒပြပွဲ၊ ကျောက်နီမော်မှာ ပေါ်ပေါက်ခဲ့တဲ့ မိန်းကလေးတစ်ယောက် မုဒိမ်းကျင့်၊ ပစ္စည်းယူ လူသတ်ခံရမှု၊ တောင်ကုတ်မှာ အစ္စလာမ်ဘာသာဝင် ၁၀ ဦး အသတ်ခံရမှု စတာတွေကို အစိုးရပိုင်သတင်းစာတွေမှာ အစောဆုံး ဖော်ပြခဲ့ပါတယ်။ သတင်းဖော်ပြချက်တွေဟာလည်း စာနယ်ဇင်းကျင့်ဝတ် ချိုးဖောက်ပြီး ဖော်ပြခဲ့တာမျိုး ဖြစ်တဲ့အပြင် အကြမ်းဖက်မှုတွေကို အားပေးတဲ့ အရေးအသားမျိုး ဟုတ်မဟုတ် အငြင်းပွားဖွယ်လည်း ဖြစ်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ပိုင်း ပြည်တွင်းက ပုဂ္ဂလိက ဂျာနယ်တွေကနေလည်း ဒီ ရခိုင်ပြည်နယ် အကြမ်းဖက်မှု ဖြစ်စဉ်သတင်းတွေ ဖော်ပြလာခဲ့ကြပါတယ်။

ရခိုင်ပြည်နယ် ဖြစ်စဉ်သတင်းတွေကို ပြည်တွင်းပုဂ္ဂလိက ဂျာနယ်တွေက ဖော်ပြလာစဉ်မှာပဲ ဇွန် ၁၀ ရက်နေ့အရောက်မှာတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေနဲ့ စာပေစိစစ်ဒုညွှန်ချုပ် ဦးတင့်ဆွေတို့က ပြည်တွင်း ပုဂ္ဂလိက ဂျာနယ် အယ်ဒီတာနဲ့ သတင်းထောက်တွေကို ရန်ကုန်တိုင်း လွှတ်တော်ရုံးထဲ ညဘက်ကြီး ဖိတ်ခေါ်ပြီး ရခိုင်ပြည်နယ် အရေးအခင်းတွေနဲ့ ပတ်သက်ပြီး ရေးသားသမျှ စာပေစိစစ်ရေးကို တင်ပြဖို့၊ မတင်ပြဘဲ ကိုယ့်ဘာသာကိုယ် ဖော်ပြရင် အရေးယူခံရမယ်၊ တကယ်လို့ ပုဒ်မ ၅(ည)၊ ၅၀၅ (ခ)(ဂ) တို့နဲ့သာ အရေးယူအပြစ်ပေးခြင်း ခံရရင် ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ခံရမယ် စသဖြင့် ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။ အဲဒီပွဲမှာ စာနယ်ဇင်းသမားတွေကို ဘာမှ မေးခွင့် ပြောခွင့် မပေးခဲ့ပါဘူး။ ဒီလို ခြိမ်းခြောက် ပြောဆိုမှုနဲ့ တဆက်တည်းမှာပဲ ကျောက်နီမော် မုဒိမ်းလူသတ်မှုမှာ အသတ်ခံရတဲ့ မိန်းကလေး ရုပ်ပုံ ဖော်ပြမှုနဲ့ လျှပ်တစ်ပြက်ဂျာနယ် ထုတ်ဝေခွင့်ကို ပိတ်ပင်လိုက်ပြီး အယ်ဒီတာချုပ် ဦးမြတ်ခိုင်ကို ပုဒ်မ ၅၀၅ (ခ)(ဂ) နဲ့ ပုဇွန်တောင်မြို့နယ် တရားရုံးမှာ တရားစွဲခဲ့ပါတယ်။ ဒီ တရားစွဲဆိုမှု နောက်ပိုင်းမှာ သတင်းစာစောင် အရေးအသားတွေမှာ မ၀ံ့မရဲ ဖြစ်တာတွေ တွေ့လာကြရပေမယ့် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကတော့ ချီးကျူးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ သူရဦးအေးမြင့် ဦးဆောင်တဲ့ လွှတ်တော်ကော်မတီ တရပ် ရန်ကုန်ကို ရောက်လာပြီး စာနယ်ဇင်းသမားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူတို့ ပြောဆိုချက်အရ ပြန်ကြားရေးဝန်ကြီးဌာနက ပုံနှိပ်ဥပဒေ တင်ပြလာရင် သူတို့ကော်မတီကပဲ အသေးစိတ် စိစစ်ပြီး လွှတ်တော်မှာ ဆွေးနွေးမှာဖြစ်တဲ့အတွက် စာနယ်ဇင်းသမားတွေရဲ့ အကြံဥာဏ် လာယူတာလို့ ပြောပါတယ်။ ဒါပေမယ့်လည်း ပြန်ကြားရေးဝန်ကြီးဌာနက တင်မယ့် ဥပဒေကို အဲဒီ ကော်မတီကရော၊ စာနယ်ဇင်းသမားတွေကပါ မမြင်မတွေ့ဘူးတာမို့လို့ ဘာမှ တိတိကျကျ ရေရေရာရာ ဆွေးနွေးနိုင်ခြင်းတော့ မရှိခဲ့ပါဘူး။

ဖြစ်စဉ်အားလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် ပြန်ကြားရေးဝန်ကြီးဌာနဟာ စာပေစိစစ်ရေး နေရာမှာ သူတို့ စိတ်တိုင်းကျ ဖွဲ့စည်းမယ့် စာနယ်ဇင်းကောင်စီ တရပ်ကို အစားထိုးဖို့ ကြံစည်ခဲ့ပါတယ်။ ဒီအကြံအစည် မအောင်မြင်တဲ့အခါ ရခိုင်အရေးအခင်းကို အကြောင်းပြပြီး စာနယ်ဇင်း သတင်းရေးသားခွင့်ကို တင်းတင်းကျပ်ကျပ် ပြန်လည် ချုပ်ကိုင်ပြလိုက်ပါတယ်။ ဒီအတွက် ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ လိုက်လျောညီထွေ ဖြစ်စေမယ့် သတင်းလွတ်လပ်ခွင့် တဖြည်းဖြည်း ရရှိရေးကို တကယ်ပဲ အကောင်အထည်ဖော်နေသလား၊ နောက်ပြန်လှည့်ဖို့ ကြိုးစားနေတာလား ဆိုတာ သံသယ ဖြစ်စရာ ရှိနေပါကြောင်း တင်ပြလိုက်ရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013