DVB Logo
Home
Lead Story
စာရွက်ပေါ်က တရားဥပဒေစိုးမိုးရေး ရပ်ကွက်ထဲသို့ ဆင်းပါ
DVB
·
May 31, 2018
စာရွက်ပေါ်က တရားဥပဒေစိုးမိုးရေး ရပ်ကွက်ထဲသို့ ဆင်းပါ
Donate to DVB

တရားဥပဒေစိုးမိုးရေး၊ လူသားချင်း စာနာထောက်ထားရေး၊ လာဘ်ပေးလာဘ်ယူ ကင်းရှင်းရေး စသည့် ဆောင်ပုဒ်များ၊ မူဘောင်များသည် လမ်းမထက်တွင် ဆိုင်းဘုတ်ထောင်ရုံလောက်ဖြင့် အဆင်မပြေ ဆိုသည်ကို စစ်အစိုးရလက်ထက်က အစပြုခဲ့သော ဆောင်ပုဒ်များက သက်သေပြနေသည်။

ဆိုင်းဘုတ်မထောင်သော အစ္စရေးလ်နိုင်ငံမှာ သဲကန္တာရများတွင် သစ်ပင်မျိုးစုံ ၄ သန်းကျော် စိုက်ပျိုးပြီး ကမ္ဘာကျော် စိုက်ပျိုးရေးတက္ကသိုလ်ကြီး ရှိလာသည်။ မြန်မာနိုင်ငံတွင် သစ်ပင်စိုက်ဖို့ တိုက်တွန်းသော ဆောင်ပုဒ်များ၊ သစ်ပင်ခုတ်ရင် အရေးယူမည်ဆိုသည့် ဆိုင်းဘုတ်များအောက်မှာပဲ မြန်မာ့သစ်တောများ ပြောင်သလင်းခါသွားသည်။ သာမန်ပြည်သူတို့၏ ခြံထဲတွင် ကျွန်းပင်လေးတပင် ရှိနေသည်ကို အရေးယူခဲ့သော တချို့သော နယ်က သစ်တောဝန်ထမ်းများသည်လည်း အမြီးရှည်ရှည် အကောင်ကြီးကြီးများက တတောလုံး အပြောင်ရှင်းကြသည့်အခါ ဘာမှမတတ်နိုင်ခဲ့ကြ။

ယင်းကြောင့် ဟာသတိုလေးတခု ရှိသည်။ လူတယောက် သတ်သောသူက လူသတ်မှုနှင့် ထောင်နန်းစံရသည်။ လူဆယ့်ကိုးယောက် သတ်သောသူကိုတော့ စိတ္တဇ လူသတ်သမားအဖြစ် သတ်မှတ်လိုက်ပြီး ဆေးကုပေးသည်။ လူရာချီသတ်သူကိုကျတော့ ငြိမ်းချမ်းရေးလုပ်ဖို့ ကမ်းလှမ်းကြရသည် ဟူ၏။ ဆိုလိုသည်က အမှားကျူးလွန်လျှင်တောင် ဝိတ်ကြီးကြီးလူများက နောက်ကွယ်က ပါနေလျှင် အမှားသည်လည်း အမှန်ဖြစ်သွားတတ်သည်။ မျက်နှာထောက်ရသည်၊ မျက်နှာနာရသည် ဆိုသော စကားသည် တိုင်းပြည်ကောင်းစားရေးအတွက် အလွန်တရာမှ အနှောင့်အယှက်ပြုသော စကားမျိုးလည်း ဖြစ်သည်။

အမှုအခင်းတခုဖြစ်လျှင် တရားခံကို မိဖို့နေနေသာသာ အမှုဖွင့်မရတဲ့ ကိစ္စများ၊ ဆေးစာကို အကြိမ်ကြိမ် တောင်းသော်လည်း အကြောင်းအမျိုးမျိုးပြရင်း ထုတ်မပေးသည့် ကိစ္စရပ်များ၊ ရုံးအနီးအနားကို သွားလာရင်းနှင့် စိတ်ကုန်ခန်းလာအောင် မိမိတို့၏ နစ်နာမှုကို မတိုင်တောချင်လာအောင် လုပ်ဆောင်နေသည့် ကိစ္စရပ်များ ဒီမိုကရေစီအစိုးရလက်ထက် နှစ်ဆက်တိုင်အောင်အထိ နေရာအနှံ့အပြားမှာ ရှိနေကြပါသေးသည်။

ယင်းသို့ အကြောင်းတရားများကြောင့်လည်း နေ့ခင်းကြောင်တောင် လမ်းမပေါ်မှာ ရိုက်နှက်မှုများ၊ အိမ်မှာ အိပ်နေရင်း ဓားနှင့်ခုတ်ခဲ့မှုများ၊ ရပ်ကွက်ထဲတွင် မူးယစ်ဆေးဝါးများ ဆိုင်ကယ်နှင့်ပတ်၍ ရောင်းချမှုများကို ပြောင်ပြောင်တင်းတင်းကို လုပ်နေကြခြင်း ဖြစ်သည်။ ယခုလ ၁၇ ရက်နေ့ကလည်း ပဲခူးတိုင်းဒေသကြီးတခုဖြစ်သည့် ပြည်မြို့မှာ အမျိုးသမီးတဦးကို နဝဒေးရပ်ကွက်၊ ရွှေပြည်မိုတယ်မှာ WY စာတန်းပါ စိတ်ကြွဆေးပြား ၇၆ ပြား၊ ဆေးခြောက် ၂ ဂရမ်နှင့်အတူ ရှာဖွေဖမ်းဆီးရမိခဲ့သည်ဟု သတင်းမီဒီယာများတွင် တက်လာခဲ့သည်။

မြို့ထဲက မိုတယ်တခုတွင် တွေ့ရှိသည်ဆိုတော့ ဒီမူးယစ်ဆေးဝါးတွေ ယူဆောင်လာခဲ့သည့် နေရာက ဘယ်နေရာ၊ ဘယ်ဂိတ်တွေကို ဖြတ်လာခဲ့သလဲ၊ ရင်းမြစ်က ဘယ်ကလာသလဲ။ မည်သို့ပင်ဆိုစေ စိုးရိမ်စရာ အလွန်ကောင်းသော အနေအထားပင် ဖြစ်သည်။ မြို့ထဲက မိုတယ်တခုထဲအထိ ပြောင်ပြောင်တင်းတင်း ယူဆောင်လာနိုင်သည် ဆိုလျှင် ကျန်သောနေရာများတွင်တော့ ဒီထက်ပိုပြီး လုပ်ဆောင်နိုင်ဖွယ် ရှိနေသည်။

မေလ ၁၆ ရက်တွင်လည်း မြောက်ဦးမြို့နယ်၊ ကျောက်ကျပ်ကျေးရွာတွင် အုပ်ချုပ်ရေးမှူးနှင့် သူ၏ဇနီးတို့အား ညအချိန် အိပ်နေစဉ် ဓားဖြင့်ခုတ်သတ်ခဲ့သည့် ဖြစ်စဉ် ရှိခဲ့သည်။ မေလ ၉ ရက်တွင်လည်း မြောက်ဦးမြို့ပေါ်ရပ်ကွက်တခု ဖြစ်သော ညောင်ပင်ဈေးရပ်ကွက်တွင် ဆယ်အိမ်မှူးတဦးနှင့် ရွာဆော်တဦးအား ညအချိန် အမည်မသိ သူတဦးက ဓားဖြင့်ခုတ်ခဲ့သဖြင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ အသွားမတော်တလှမ်း ဆိုသော်လည်း ဘယ်မှမသွားဘဲနှင့် အိမ်မှာ အိပ်နေရင်းနှင့်လည်း ရန်ပြုမှုများကို ခံနေရသည်။

တရားဥပဒေစိုးမိုးရေးအတွက် အလွန်တရာမှ စိုးရိမ်ရေမှတ်မှာ ရှိနေသည့် သဘောပင်။ အမည်မသိသောသူက စနစ်တကျ လုပ်ကြံပြီး လွတ်မြောက်နေကြသည်မှာ အချိန်အတိုင်းအတာတခုအထိ လက်ခံနိုင်စရာ ရှိသော်လည်း မိမိကို ရိုက်ပုတ်သူ၊ ရန်ရှာသူ၊ ပြဿနာပြုသူများကို သိသိကြီးနှင့် အမှုအခင်းဖွင့်၍မရ၊ ဟိုလို ဒီလို လုပ်ပြီး အကြောင်းပြနေခြင်းများသည် တချို့တရားဥပဒေအလုပ်ကို လုပ်နေသောသူများထံတွင် စွဲကပ်နေသော အကျင့်တခုသဖွယ် ဖြစ်နေလျက်ရှိသည်။

မကြာသေးမီကလည်း မြောက်ဦး ဆင်ချဆိပ်ရပ်ကွက်မှ သက်တံ့ရောင်ဆီဆိုင်တွင် အလုပ်လုပ်နေသော အမျိုးသမီးငယ်လေးတဦးအား ဆိုင်ဝန်ထမ်း အလုပ်သမား အမျိုးသားတဦးက ကိုယ်ထိလက်ရောက် ရိုက်နှက်မှုများ ရှိခဲ့သည်။ သို့သော် ဧပြီလ ၁၁ ရက်နေ့ကတည်းက ဖြစ်ခဲ့သော အဆိုပါအမှုအား ယခု ဆောင်းပါးရေးသားနေသည့် အချိန်အထိ အမှုဖွင့်ဆိုမှု မရှိသေးပေ။ ဆေးရုံတွင် ၂ ရက်တိုင်တိုင် ကုသခဲ့သော်လည်း ဆေးစာကို တောင်းသည့်အချိန်တိုင်း အလုပ်မအားသည်နှင့်ပဲ အကြောင်းပြကြသည်ဟုဆိုသော် အမှန်တကယ် ဆေးစာတစောင် ထုတ်ပေးရန်အတွက် အချိန်မည်မျှပင်ယူ၍ ရေးရသနည်း ဆိုသည်က မေးခွန်းထုတ်စရာများ ဖြစ်လာသည်။ ယင်းကဲ့သို့ စိတ်ပျက်ဖွယ်ကောင်းသည့် လုပ်ရပ်၊ ပြုမူဆောင်ရွက်ချက်များကြောင့် နစ်နာသော်လည်း ကံအကြောင်းမလှလို့ ဖြစ်ရတာဆိုပြီး ဖြေသိမ့်ခဲ့ရသည့် သာဓကများစွာက စစ်အစိုးရလက်ထက်တွင် ရှိခဲ့သော်လည်း ယခုကဲ့သို့ ဒီမိုကရေစီခရီးသို့ ချီတက်နေသည့် အစိုးရလက်ထက်တွင် ရုံးပြင်ကနားကို ပြည်သူများ ကြောက်လန့်အောင်၊ စိတ်ပျက်အောင် မလုပ်ဆောင်သင့်တော့ပါ။ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင် လူကြီးများမှာလည်း ယင်းကဲ့သို့သော ဖြစ်ရပ်များကို စိတ်ဝင်တစား ရှိသင့်သည်ဟု ယူဆမိသည်။

ဂရိအဘိဓာန်တွင် လာဘ်ပေးလာဘ်ယူဆိုသော စကားလုံးမရှိဟု ဆိုသည်။ ယင်းအစား သူတို့အဘိဓာန်တွင် လက်ဆောင်ဆိုသော စကားလုံးကို အသုံးပြုသည်ဟု ဖတ်မှတ်ဖူးသည်။ စစ်မက်ဖြစ်ပွားမည်ဆိုလျှင် အင်အားချင်းမမျှသော အခြေအနေများအတွက် လက်ဆောင်ကို သုံးခဲ့ကြသည်မှာ ကမ္ဘာစစ်သမိုင်း အဆက်ဆက်တွင် ရှိခဲ့သည်။

နိုင်ငံရေးဆိုသည်မှာလည်း အကျိုးစီးပွားတွင်သာ အခြေခံသည်ဖြစ်ရာ လက်ဆောင်ကိစ္စများက ရှိနေသည်သာ။ သို့သော် ပြည်သူပြည်သား အချင်းချင်း လူမှုပဋိပက္ခများ၊ လူသားချင်း တရားမမျှတမှုများ၊ နစ်နာမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ဖြစ်လာလျှင် ဖြေရှင်းရမည့်တာဝန်မှာ သက်ဆိုင်ရာ တရားဥပဒေ ဘက်တော်သားများသာ ဖြစ်သည်။ သို့သော် လက်တွေ့တွင် ငါးမိနစ်တွေ့ပြီး စကားပြောမည့် ကိစ္စအတွက် မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ စောင့်နေရသည့် အမှုအခင်းသည်များ၊ စွပ်စွဲခံရသူများ များစွာရှိနေဆဲပင်။ အထူးအားဖြင့် နယ်က တရားရုံးတွေမှာ အတွေ့ရများသည်။ ချိန်းဆိုထားသည့်သူများ နည်းနေသော်လည်း အချိန်ကြာမြင့်စွာ ထိုင်နေသည်ကို ဥပေက္ခာပြုနိုင်ကြခြင်းသည်လည်း လုပ်သင့်လုပ်ထိုက်၍ လုပ်သည်ဆိုသော သဘောထားမှုများ ရှိနေသလို ဖြစ်နေသည်။

ယင်းကဲ့သို့ စိတ်ဖြင့်ဖြစ်စေ၊ ကိုယ်ဖြင့်ဖြစ်စေ နှိပ်စက်ခဲ့သည့် အမူအကျင့်များသည်လည်း ဒီမိုကရေစီခရီးလမ်းတွင် မကျင့်သုံးသင့်တော့ပါ။ ကျင့်သုံးနေသူများသည် လည်းကောင်း၊ သိသိကြီးနှင့် အရေးတယူ ဆောင်ရွက်ခြင်း မပြုသူများသည် လည်းကောင်း ဒီမိုကရေစီ၏ အနှစ်သာရကို ပေါ့ပြက်အောင် လုပ်ဆောင်နေမှုများဟု ကောက်ချချနိုင်သည်။

ယင်းကြောင့် တရားဥပဒေစိုးမိုးရေးအတွက် အမှုစွဲဆိုသင့်သည့် အမှုများကို အမှုစွဲဆိုခြင်းများ၊ စွပ်စွဲခံထားသူများကိုလည်း လူ့အခွင့်ရေးနှင့် ညီမျှသော ဆက်ဆံမှုမျိုးများ မလုပ်ဆောင်သင့် ဆိုသည်မှာလည်း စာရွက်များပေါ်တွင် ရေးဆွဲပြီးသား၊ ဖော်ပြပြီးသားသာ ဖြစ်သည်။

သို့သော် လူနာကို ကြင်နာစွာ ဆက်ဆံရမယ်ဟု ဆောင်ပုဒ်မှာ ပါသော်လည်း သူနာပြုတချို့၏ ဟိန်းဟောက်မှုများကြောင့် ဆေးရုံများ နာမည်ဆိုးထွက်လာသည်။ အမှုဖွင့်သင့်သော အမှုများကို ချက်ချင်း အမှုဖွင့်ပေးရမည်ဟု စာရွက်များပေါ်တွင် သက်ဆိုင်ရာ ပြည်သူ့ရဲများအတွက် ဖော်ပြထားသော်လည်း အမှုကိုင်ရသော တချို့ရဲများ၏ ဟိုဘက် ဒီဘက် မျှဝေယူဆောင်နေသောကြောင့် အမှုများ ပျောက်သွားကြသည်။

ကာယကံရှင်များ စိတ်ပျက်သွားကြသည်။ ကာယကံရှင်များ စိတ်ပျက်လျှင် အပြစ်ရှိသူများ လွတ်မြောက်သွားကြသည်။ ယင်းကဲ့သို့ အကြောင်းတရားများကြောင့် တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူများကို ကာကွယ်ရန် ရေးဆွဲထားသော ဥပဒေများ၊ ပြည်သူများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေးဆွဲထားသော စီမံကိန်းများ၊ ဥပဒေမူဘောင်များသည်လည်း ငွေရှိသူများထံ၊ အရာရောက်သူများထံတွင် မသက်ရောက်ဘဲ ရပ်ကွက်ထဲသို့လည်း ဆင်းဖို့ လိုအပ်နေပြီဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

ကျော်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013