
အီရန် အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) က ကူဝိတ်၊ ဘာရိန်းနဲ့ ဂျော်ဒန်နိုင်ငံ တို့မှာရှိတဲ့ အမေရိကန်စခန်းတွေနဲ့ စစ်ဘက်ဆိုင်ရာနေရာတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ ထပ်မံ တိုက်ခိုက်ခဲ့တယ်လို့ IRGC ရဲ့ သတင်းထုတ်ပြန်ရေးဌာန Sepah News က ဇူလိုင် ၂၅ ရက်မှာ ပြောပါတယ်။
အခုတိုက်ခိုက်မှုဟာ အီရန်အပေါ် အမေရိကန် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
အီရန်ရဲ့ ခါတမ်အလ်အန်ဘီယာ ပင်မစစ်ဌာနချုပ်ရဲ့ စစ်သေနာပတိချုပ် အလီအဗ္ဗဒိုလာဟီက အီရန်နိုင်ငံသားတယောက် သေဆုံးတိုင်း အမေရိကန်စစ်သည် တယောက်ကို ပြန်တိုက်ခိုက် သွားမယ်ဆိုတဲ့ မူကို စစ်မြေပြင် စစ်ဆင်ရေးအတွက် ကျင့်သုံးလိုက်ပြီဖြစ်ပြီး ဒါကို ချက်ချင်း စတင် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
IRGC ရဲ့ လေကြောင်းနဲ့ အာကာသတပ်ဖွဲ့ဟာ ဂျော်ဒန်နိုင်ငံရှိ Al-Azraq လေတပ်စခန်းကို အပြင်းအထန် တိုက်ခိုက်ခဲ့တာကြောင့် အမေရိကန် တိုက်လေယာဉ် အများအပြား အတော်လေး ပျက်စီးသွားခဲ့တယ်လို့ ပြောပါတယ်။
ဒါ့အပြင် စခန်းထဲက အမေရိကန်တပ်ဖွဲ့တွေ နေထိုင်တဲ့ စစ်တန်းလျားတွေကိုပါ ထိမှန်ခဲ့တာကြောင့် အမေရိကန်စစ်သည်တွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် အီရတ် ကာဒစ်စတန်ဒေသရဲ့ မြို့တော် အာဘေးလ်မှာရှိတဲ့ အမေရိကန် စစ်ဘက်ဆိုင်ရာ နေရာတွေကို ရှောင်တခင် တိုက်ခိုက်ခဲ့ပြီး ပက်ထရီယော့ထ် လေကြောင်းရန် ကာကွယ်ရေးစနစ် တစ်ခုနဲ့ ထောက်လှမ်းရေး မိုးပျံပူပေါင်းကို ဖျက်ဆီးနိုင်ခဲ့သလို အမေရိကန်တပ်ဖွဲ့တွေ တည်းခိုတဲ့ နေရာတွေကိုလည်း ထိမှန်ခဲ့တယ်လို့ IRGC က ဆိုပါတယ်။
ဆက်လက်ပြီး ကူဝိတ်နိုင်ငံ Al-Adiri စခန်းရှိ အမေရိကန်ရဲ့ လက်နက်နဲ့ စက်ကိရိယာဂိုဒေါင် ၃ ခုကို ဖျက်ဆီးပစ်ခဲ့သလို ဘာရိန်းနိုင်ငံမှာရှိတဲ့ အမေရိကန် ပဉ္စမရေတပ်စုဌာနချုပ်ရဲ့ စောင့်ကြည့်မျှော်စင် ကိုလည်း တိုက်ခိုက်ခဲ့တာကြောင့် အတော်လေး ပျက်စီးသွားခဲ့တယ်လို့ ထပ်မံပြောဆိုထားပါတယ်။
ဒါ့အပြင် အရှေ့အလယ်ပိုင်းက ပြည်သူတွေကိုလည်း ကိုယ့်လုံခြုံရေးအတွက် အမေရိကန်စစ်သား တွေ နေထိုင်လှုပ်ရှားနေတဲ့ နေရာတွေနဲ့ အမြန်ဆုံး ဝေးဝေးနေကြဖို့ IRGC က သတိပေး လိုက်ပါတယ်။
အီရန်ရဲ့ တိုက်ခိုက်မှုကို ကြောက်လန့်တာကြောင့် ဒေသတွင်းက အမေရိကန်စစ်သည် အများအပြား ဟာ စစ်စခန်းတွေကို စွန့်ခွာပြီး မြို့တချို့မှာရှိတဲ့ အဆောက်အအုံတွေဆီ ရွှေ့ပြောင်းကာ စစ်ဆင်ရေး တွေကို ကွပ်ကဲတာနဲ့ လျှို့ဝှက်လှုပ်ရှားတာတွေ လုပ်နေတယ်လို့လည်း ပြောပါတယ်။
ဒါကြောင့် အမေရိကန်တပ်ဖွဲ့တွေကို လက်ခံထားတဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေက ပြည်သူတွေ အနေနဲ့ တိုက်ခိုက်မှုတွေအတွင်း ကြားညပ်တိုက်ခိုက်မခံရလေအောင် အဲဒီ လျှို့ဝှက်နေထိုင် လှုပ်ရှားရာနေရာတွေနဲ့ အနည်းဆုံး မီတာ ၅၀၀ အကွာမှာ နေထိုင်ကြဖို့ IRGC က ဖြည့်စွက် ပြောပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး ဆေယဒ် အက်ဘာ့စ်အာရက်ချီကလည်း အီရန်အပေါ် တိုက်ခိုက်ရာမှာ ပါဝင်ကူညီပေးတဲ့ ဘယ်လုပ်ရပ်မဆို သက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ တာဝန်ယူမှုကို ခံယူရ လိမ့်မယ်လို့ ဇူလိုင် ၂၄ ရက်မှာ ပြောပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ အီရန်အပေါ် ပြုလုပ်တဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေကို ချိုးဖောက်နေတာဖြစ်ပြီး အီရန်အနေနဲ့ အပြည်ပြည်ဆိုင်ရာဥပဒေအရ မိမိကိုယ်ကို ခုခံ ကာကွယ်ပိုင်ခွင့်ရှိတယ်လို့လည်း ပြောပါတယ်။
အီရန်ကျန်းမာရေးဝန်ကြီးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ ဇွန် ၂၇ ရက်ကတည်းက အီရန်အပေါ် အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် သောကြာနေ့ ၁၁ နာရီအထိ အနည်းဆုံး လူ ၅၉ ယောက် သေဆုံးပြီး ၆၆၆ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
Source:Reuters











