DVB Logo
Home
မြန်မာသတင်း
ရာဘာသစ်များ ပြည်ပတင်ပို့ရောင်းချငွေ ကန်ဒေါ်လာ ၉ သန်းကျော်ရရှိ
DVB
·
May 30, 2018
ရာဘာသစ်များ ပြည်ပတင်ပို့ရောင်းချငွေ ကန်ဒေါ်လာ ၉ သန်းကျော်ရရှိ
1 / 4
Donate to DVB

ရာဘာပင်အိုတွေကိုကို ခုတ်လှဲပြီး ရာဘာသစ်တွေကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ရာဘာဝုဒ်ကုမ္ပဏီတွေကနေ ပြည်ပကိုနှစ်စဉ်တင်ပို့ရောင်းချရာမှာ အခုနှစ်မှာ အမေရိကန် ဒေါ်လာ ၉ ဒဿမ ၁ သန်းကျော်ရရှိခဲ့တယ်လို့ မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရှည်သီးနှံဌာနခွဲက သိရပါတယ်။

အခုနှစ်မှာ ရာဘာသစ် သစ်တန်ချိန် ၄၇၀၀၀ လောက်တင်ပို့နိုင်ခဲ့တဲ့အတွက် နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၉ ဒဿမ ၁ သန်းလောက် ရှာပေးခဲ့တယ်လို့ မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရှည်သီးနှံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းထွေးက ပြောပါတယ်။

“ရာဘာသစ်တွေကို နိုင်ငံခြားတင်ပို့နိုင်ခြင်းအားဖြင့် ရာဘာစိုက်တောင်သူတွေ အတွက်လည်း အကျိုးရှိတယ်။ ရာဘာ Export သမားတွေ ရေရှည်ရပ်တည်နိုင်ဖို့အတွက် ရာဘာပင်တွေ ကိုလည်း စဉ်ဆက်အပြတ်စိုက်ပျိုးထုတ်လုပ်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။ အဲ့လို စိုက်နိုင်ဖို့ အတွက် နိုင်ငံခြားကို ရာဘာသစ်တင်ပို့နေတဲ့ကုမ္ပဏီများမှာလည်း တာဝန်ရှိပါတယ်။”

အစေးမထွက်တော့တဲ့ သက်တမ်းကုန် ရာဘာပင်အိုတွေကို ရာဘာတောင်သူတွေထံမှ ၀ယ်ယူကာ ၇၂ နာရီအတွင်း ခွဲခြမ်းပြီး ခွဲသားတွေကို မှိုမတက်အောင် နည်းပညာနဲ့ ၂ ပတ်ကြာ ပေါင်းခန်းမှာ ထည့်ပေါင်းရပါတယ်။

ပေါင်းခန်းမှရရှိတဲ့ အခြောက်ခံထားတဲ့ သစ်တွေကို အချောပြုလုပ်ကာ ပရိဘောဂ ပြုလုပ်နိုင်တဲ့အဆင့်ထိ ရောက်လာပါက ပြည်ပသို့တင်ပို့ရောင်းချနိုင်တယ်လို့  မွန်ပြည်နယ် မော်လမြိုင်မြို့ ရိုးဂိုးကျေးရွာမှာ ရာဘာသစ် လုပ်ငန်းလုပ်ကိုင်နေတဲ့ MOS Lumber Products ကုမ္ပဏီ အရာရှိ ကိုပြည့်ဖြိုးပိုင်က ပြောပါတယ်။

“အရင်တုန်းကဆိုရင် ရာဘာပင်အိုတွေ သက်တမ်းကုန်သွားလို့ အစေးမထွက်တော့ဘူး ဆိုရင် ထင်းအဖြစ်သာ အသုံးပြုရပါတယ်။ အခုအချိန်မှာတော့ ထင်းအဖြစ်ရောင်းချနေတဲ့ ရာဘာပင်အိုများကို တန်ဖိုးမြှင့်ထုတ်ကုန်ဆိုပြီးတော့ လုပ်လိုက်တဲ့အတွက် ထင်းဈေးနဲ့ ရောင်းနေရတာထက်စာရင် တောင်သူတွေအတွက် သင့်တော်တဲ့ဈေးနှုန်းတစ်ခု ပိုပြီးရရှိတဲ့ အတွက် တောင်သူတွေအတွက်လည်း အဆင်ပြေပါတယ်။ တောင်သူတွေသိရှိအောင်လည်း တောင်သူတွေနဲ့တိုက်ရိုက်ထိတွေ့ပြီး ကွင်းဆင်းဆောင်ရွက်နေပါတယ်။”

တောင်သူတွေအနေနဲ့ ရာဘာသစ် လာရောက်တင်သွင်းရာမှာ လက်မ ၃၀ အထက်ကို ၉ သောင်း၊ လက်မ ၃၀ အောက်ကို ၈ သောင်း ၂ ထောင်အထိ ဈေးရရှိမှာဖြစ်ပြီး ၂၄ လက်မ ရှိမှသာ စတင်ဝယ်ယူကြောင်း၊ မိတ်ဘက်ဖြစ်လာပါက ကုမ္ပဏီတွေကလည်း သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနနဲ့ ပူးပေါင်းက ရာဘာပျိုးပင်များထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။

လက်ရှိနိုင်ငံခြားကိုတင်ပို့နေသည့် ရာဘာသစ်ဈေးနှုန်းတွေနဲ့ ပတ်သက်ပြီး “အရည်အသွေးပေါ်မူတည်ပြီး ဈေးကောင်းရတာပေါ့။ မြန်မာနိုင်ငံက ထွက်ရှိတဲ့ ရာဘာ အနေအထားနဲ့ဆိုရင် ဂျပန်နိုင်ငံကို တင်ပို့ရင်တော့ ဈေးနှုန်းအမြင့်ထိရတယ်။ အဲ့လိုအမြင့်ဆုံး အဆင့်ထိရောက်အောင် ကျနော်တို့ဘက်ကလည်း အမြင့်ဆုံးအဆင့် A Grade အထိရအောင် ကုန်ကြမ်းကို အမျိုးမျိုးတိုက်ယူရတယ်။ တခြားဈေးကွက်တွေဖြစ်တဲ့ ထိုင်းတို့လို နိုင်ငံတွေကျ တော့ အဲ့လောက်အထိ ပစ္စည်းကို စစ်ပြီးတော့မယူဘူး။ဈေးနှုန်းလည်း အဲ့လောက်တော့ မရဘူး”လို့ ကိုပြည့်ဖြိုးပိုင်က ဆက်လက်ရှင်းပြပါတယ်။

အခုနှစ်မှာ နိုင်ငံခြားသို့ ရာဘာသစ်တန်ချိန် ၄၇၃၀၀ ခန့်တင်ပို့နိုင်ခဲ့ပြီး ဂျပန်နိုင်ငံကို အများဆုံးတင်ပို့ကာ ထိုင်း၊ ဗီယက်နမ်နိုင်ငံအပါအ၀င် တရုတ်နိုင်ငံကိုလည်း တင်ပို့နေကြောင်း သိရပါတယ်။

သတင်း - အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013