DVB Logo
Home
မြန်မာသတင်း
ဘားမားလို့ မခေါ်ဖို့  ဒေါ်အောင်ဆန်းစုကြည်ကို ကော်မရှင် ထပ်မံသတိပေး
DVB
·
June 29, 2012
ဘားမားလို့ မခေါ်ဖို့  ဒေါ်အောင်ဆန်းစုကြည်ကို ကော်မရှင် ထပ်မံသတိပေး
1 / 2
Donate to DVB

မြန်မာနိုင်ငံရဲ့အမည် ပြောဆိုသုံးစွဲမှုနဲ့ ပတ်သက်ပြီး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအတိုင်း လိုက်နာသုံးစွဲဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထပ်မံအသိပေးအကြောင်းကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ်အတွင်း ပြောတဲ့ မိန့်ခွန်းတွေမှာ ဘားမားလို့ သုံးနှုန်းနေတာနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လေးစား လိုက်နာပါမယ်လို့ ၀န်ခံချက်ပြုထားပြီး ဖြစ်တဲ့အတွက် ဖွဲ့စည်းပုံပါ သတ်မှတ်ထားတဲ့အတိုင်း ရေးသားပြောဆို သုံးစွဲဖို့ ကော်မရှင်က ဇွန် ၂၈ ရက်စွဲနဲ့ အကြောင်းကြားခဲ့တာပါ။

ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာလည်း  ဒေါ်အောင်ဆန်းစုကြည်က  နိုင်ငံအမည်ကို ဘားမားလို့ သုံးစွဲခဲ့တာနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင်က ဖွဲ့စည်းပုံပါအတိုင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် (The Republic of the Union of Myanmar) လို့ သုံးစွဲဖို့ ဇွန် ၁ ရက်နေ့က ပထမအကြိမ် အကြောင်းကြားထားပြီ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာဆိုတဲ့ အမည်ကြောင့် မဟုတ်ဘဲ အမည် ပြောင်းပုံပြောင်းနည်း ဒီမိုကရေစီနည်းမကျခဲ့တဲ့အတွက် ဘားမားလို့ ဆက်ခေါ်နေတာလို့ နော်ဝေနိုင်ငံမှာ ရောက်ရှိ စဉ် အော်စလို ငြိမ်းချမ်းရေးဖိုရမ်မှာ ခုလို ပြောကြားခဲ့ပါတယ်။

“အမည်ပြောင်းတာနဲ့ ပတ်သက်ပြီး လက်မခံရတဲ့ အကြောင်းရင်းက မြန်မာဆိုတဲ့ အမည်ကြောင့် မဟုတ်ဘဲ အမည်ပြောင်းပုံ၊ ပြောင်းတဲ့နည်းလမ်းကြောင့်ပါ။ အဲဒီအချိန်တုန်းက နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န၀တ) ထင်ပါတယ်။ တနေ့မှာ နိုင်ငံတကာမှာ ခေါ်တဲ့ မြန်မာနိုင်ငံရဲ့ အမည်ကို ဘားမားကနေ မြန်မာလို့ ပြောင်းမယ်လို့ လွယ်လွယ်လေးပဲ ကြေညာလိုက်တယ်။ ပြည်သူတွေရဲ့ သဘောထား ထောက်ခံမှု မပါဘဲ ပြောင်းလိုက်တာပါ။  ဒါဟာ အလွန့်အလွန် ဒီမိုကရေစီ နည်းလမ်းမကျပါဘူး။ ပြည်သူတွေမှာ သူတို့နိုင်ငံကို ကမ္ဘာမှာ ဘယ်လို ခေါ်ရမလဲ ဆိုတာကို ဆုံးဖြတ်ပိုင်ခွင့်တောင်မရှိဘူး။  ဒါကြောင့် ဘားမားလို့ ဆက်ခေါ် နေတာဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။

အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကတော့  ရွေးကောက်ပွဲ ကော်မရှင်ဆီက အကြောင်းကြား စာလက်ခံရရှိခဲ့တဲ့အကြောင်း၊ ဒီစာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမည်ကို လိပ်မူပြီး ပေးထားတာဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖြေရှင်းရမှာဖြစ်တဲ့အကြောင်း ခုချိန်ထိတော့ ဒီကိစ္စအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားဘယ်လိုရှိမလဲ မသိရသေးပါဘူး လို့  ပြောပါတယ်။

မြန်မာအစိုးရဟာ အမေရိကန် အပါအ၀င်အနောက်နိုင်ငံတွေက အစိုးရတာဝန်ရှိသူတွေက နိုင်ငံတကာ အစည်းအဝေးတွေမှာ မြန်မာနိုင်ငံအမည်ကို ဘားမားလို့ သုံးစွဲမှုကို တရားဝင် ကန့်ကွက်လေ့ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013