DVB Logo
Home
Lead Story
အစိုးရပိုင် စီးပွားရေး အဖွဲ့အစည်းတွေ ဖွဲ့စည်းသင့်သလား
DVB
·
May 30, 2018
အစိုးရပိုင် စီးပွားရေး အဖွဲ့အစည်းတွေ ဖွဲ့စည်းသင့်သလား
Donate to DVB

နိုင်ငံပိုင်လုပ်ငန်းတွေကို ပုဂ္ဂလိကပိုင်အဖြစ် လွှဲပြောင်းလုပ်ကိုင်စေခြင်းဟာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မူတွေထဲက အရေးပါတဲ့ အခန်းကဏ္ဍတခုပါ။ နိုင်ငံတကာမှာ  ပုဂ္ဂလိကပိုင် ပြောင်းလဲခြင်း ဆိုတာကို ကျင့်သုံးကြရင်း စီးပွားရေးဖွံ့ဖြိုးမှု အရှိန်ရခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာလည်း နိုင်ငံပိုင်လုပ်ငန်းတွေ ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်းကို စစ်အစိုးရလက်ထက်မှာကတည်းက စလုပ်ခဲ့သလို ဦးသိန်းစိန်အစိုးရ လက်ထက်မှာလည်း လုပ်ခဲ့ကြပါတယ်။ တွေ့ရှိရတဲ့ အချက်အလက်တွေအရဆိုရင် ဝန်ကြီးဌာနတွေအောက်မှာ ရှိတဲ့ နိုင်ငံပိုင်လုပ်ငန်း ၂၈၈ ခုရှိတာမှာ ၂၁၅ ခုဟာ ၂၀၀၈ ခုနှစ်မှာကတည်းက ပုဂ္ဂလိကပိုင် ပြောင်းလဲပြီးဖြစ်တယ်လို့ သိရပါတယ်။ ၂၀၀၈ ခုနှစ်နောက်ပိုင်း ဆက်လက်ပြောင်းလဲမှုတွေ လုပ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ အရေးကြီးတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေလောက်ပဲ အများစု ကျန်ရှိနေတော့တာ ဖြစ်ပါတယ်။ ဒီလို ပုဂ္ဂလိကပိုင် ပြုလုပ်ရာမှာ အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ခြင်း၊ တင်ဒါခေါ်ယူ ရောင်းချခြင်း၊ စာချုပ်စာတမ်းဖြင့် ဆောင်ရွက်ခြင်း စတဲ့ နည်းလမ်းတွေနဲ့ ဆောင်ရွက်ခဲ့ကြတာပါ။

ကျန်ရှိနေသေးသည့် နိုင်ငံပိုင်လုပ်ငန်းများ

လက်ရှိအချိန်မှာတော့ နိုင်ငံရဲ့ သယံဇာတပိုင်းဆိုင်ရာ ထုတ်လုပ်မှုလုပ်ငန်းတွေနဲ့ ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးပိုင်းဆိုင်ရာ လုပ်ငန်းတွေမှာ နိုင်ငံပိုင်လုပ်ငန်းတွေ အများစုကျန်နေတာ တွေ့ရပါတယ်။ ကျန်ရှိနေသေးတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေကတော့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မြန်မာ့သစ်လုပ်ငန်း၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၊ အမှတ် (၁) သတ္တုတွင်းလုပ်ငန်း၊ အမှတ် (၂) သတ္တုတွင်းလုပ်ငန်း၊ မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မြန်မာ့မီးရထား၊ ကုန်းလမ်းပို့ဆောင်ရေး၊ မြန်မ့ာစာတိုက်လုပ်ငန်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်း၊ မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း၊ အမှတ် (၁) (၂) (၃) အကြီးစားစက်မှုလုပ်ငန်း၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးလုပ်ငန်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း စတဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံပိုင်ဘဏ်တွေလည်း ရှိနေပါသေးတယ်။ ဒီလုပ်ငန်းတွေထဲမှာ နှစ်စဉ် အရှုံးပေါ်နေတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေလည်း ပါဝင်ပါတယ်။ ဒါပေမယ့် အခုအခြေအနေဟာ အရှုံးပေါ်နေတဲ့ လုပ်ငန်းတွေကို ပုဂ္ဂလိကပိုင် ပြုလုပ်နိုင်ဖို့ မတတ်နိုင်သေးတဲ့အချိန်ဖြစ်ပြီး ဒီလို အရှုံးပေါ်နေတဲ့ လုပ်ငန်းတွေကို ပုဂ္ဂလိကပိုင် ပြုလုပ်ပြီး အောင်မြင်လာတဲ့အချိန်မှသာ နိုင်ငံဘဏ္ဍာ ထိခိုက်မှု လျော့ပါးသွားမှာပါ။

အစိုးရပိုင် စီးပွားရေး အဖွဲ့အစည်း ဖွဲ့စည်းခြင်း

အစိုးရပိုင် စီးပွားရေး အဖွဲ့အစည်းများ ဖွဲ့စည်းခြင်းဆိုရင် အရင်တုန်းက နာမည်ကြီးခဲ့တဲ့ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီဟာ အထူးကုမ္ပဏီများ အက်ဥပဒေနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ဦးပိုင်ကုမ္ပဏီဟာ ၂၀၁၆ ခုနှစ် ၃ လပိုင်းမှာ အထူးကုမ္ပဏီအက်နဲ့ ဖွဲ့စည်းထားတဲ့ ကုမ္ပဏီကနေ ၁၉၁၄ ခုနှစ် ကုမ္ပဏီများအက်ဥပဒေနဲ့ ဖွဲ့စည်းတဲ့ ရိုးရိုး အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းသွားခဲ့ပါတယ်။

ကုမ္ပဏီတခုကို ၁၉၅၀ အထူးကုမ္ပဏီများ အက်ဥပဒအရ ဖွဲ့စည်းတယ်ဆိုရင်  ဒီဥပဒမှာပါရှိတဲ့ အချက်တွေက နိုင်ငံတော်နဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ ၁၉၅၀ အထူးကုမ္ပဏီများ အက်ဥပဒေ ပုဒ်မ ၄(က) မှာ နိုင်ငံတော်သမ္ပတသည် ကုမ္ပဏီ၏ အမည်ကိုလည်းကောင်း၊ အခါအားလျော်စွာ အမည်ပြောင်းလဲခြင်းကိုလည်းကောင်း ပြဋ္ဌာန်းနိုင်သည်လို့ ဆိုထားပါတယ်။ ပုဒ်မ ၄(ခ) မှာတော့ နိုင်ငံတော်သမ္မတသည် မည်သူတို့သည် ကုမ္ပဏီ၏ ပထမအဖွဲ့ဝင်များ ဖြစ်ရမည်ဟု သတ်မှတ်နိုင်သည်ဟု ရေးထားပါတယ်။ ပုဒ်မ (၁၀) ကတော့ အရေးကြီးပါတယ်။ ပုဒ်မ (၁၀) မှာ အက်ဥပဒေရှိ ပြဋ္ဌာန်းပါ အချက်များ အထမြောက်အောင် ဆောင်ရွက်ရေးအတွက် လိုအပ်သည့်ငွေများကို ပြည်ထောင်စုမြန်မာနိုင်ငံ၏ အခွန်တော်ငွေများမှ ထုတ်ပေးနိုင်သည်လို့ ပါရှိထားပါတယ်။ ဒီပုဒ်မတွေအရဆိုရင် အထူးကုမ္ပဏီအက်နဲ့ ထောင်တဲ့ ကုမ္ပဏီဟာ နိုင်ငံတော်သမ္မတနဲ့ တိုက်ရိုက်ပတ်သက်သလို နိုင်ငံအခွန်ဘဏ္ဍာနဲ့လည်း တိုက်ရိုက်ပတ်သက်နေတာ တွေ့ရပါတယ်။

အစိုးရပိုင် စီးပွားရေးအဖွဲ့နဲ့ ရန်ကုန်မြို့သစ်စီမံကိန်း

အခု ရန်ကုန်မြို့သစ် စီမံကိန်းကို အကောင်အထည်ဖော်မယ့် New Yangon Development Company (NYDC) ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက ရာနှုန်းပြည့် ပိုင်ဆိုင်မှုနဲ့ လုပ်ဆောင်သွားမှာဖြစ်ပြီး အထူးကုမ္ပဏီအက်နဲ့ ဖွဲ့စည်းတည်ထောင်ထားပါတယ်။ အထူးကုမ္ပဏီမို့ အပေါ်က ဖော်ပြခဲ့တဲ့ သမ္ပတနဲ့ဆိုင်တဲ့ အချက်တွေ၊ ပြည်သူ့ဘဏ္ဍာနဲ့ဆိုင်တဲ့ အချက်တွေနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။

NYDC ကို ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှု၊ လမ်းပန်းဆက်သွယ်ရေးနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဒေါ်နီလာကျော်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ဒုဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ်အဖြစ် FMI၊ ရိုးမအုပ်စုတို့ရဲ့ သူဌေး ဆာ့ခ်ျပန်းက တာဝန်ယူမှာ ဖြစ်ပါတယ်။ မစ္စတာဆာ့ခ်ျပန်းကတော့ သူ အမှုဆောင်အရာရှိချုပ်အနေနဲ့ တာဝန်ယူနေတဲ့အချိန် တလျှောက်လုံးမှာ သူကိုယ်တိုင်နဲ့ သူ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ ကုမ္ပဏီတွေအနေနဲ့ ဆောက်လုပ်ရေးပိုင်းဆိုင်ရာ တင်ဒါတွေမှာ ဝင်ပြိုင်ခဲ့သည်ရှိသော် သူ့အနေနဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ဝင်ရောက်ကူညီမှာ မဟုတ်ဘူးလို့ ကတိကဝတ် ပြုထားပါတယ်။

ရန်ကုန်မြို့ ကြည့်မြင်တိုင်တဖက်ကမ်း မြေဧက ၂ သောင်းပေါ်မှာ စတင်မယ့် မြို့သစ်စီမံကိန်း ပထမအဆင့်နဲ့ ဆက်စပ်တဲ့ အခြေခံအဆောက်အအုံတွေ ဆောက်လုပ်ဖို့အတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း ကုန်ကျမယ်လို့ ခန့်မှန်းထားကြတာပါ။ အလုပ်အကိုင် အခွင့်အလမ်းအနေနဲ့ ၂ သန်း ရရှိမှာဖြစ်ပြီး စင်ကာပူရဲ့ ၂ ဆလောက် ကျယ်ဝန်းမယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။ အစိုးရဘက်က လက်ရှိမှာ ကျပ် ၁၀ ဘီလျံနဲ့သာ စတင်ထားပါတယ်။ တကယ်တမ်းက ဒေါ်လာ ဘီလျံချီ လိုအပ်တဲ့ ဒီစီမံကိန်းအတွက် နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းတွေနဲ့ အခြားချေးငွေတွေ ယူရင် အကြွေးပြန်ဆပ်ရမှာမို့ ယူဖို့အစီအစဉ်မရှိဘဲ ရင်းနှီး အကောင်အထည်ဖော်မယ့် ကုမ္ပဏီတွေနဲ့ ချိတ်ဆက် အကောင်အထည်ဖော်မယ်လို့ မစ္စတာဆာ့ခ်ျပန်းက ပြောထားပါတယ်။

လတ်တလောမှာတော့ မြို့သစ်စီမံကိန်း ပထမအဆင့် အခြေခံ အဆောက်အအုံတွေအတွက် လုပ်ငန်းဆိုင်ရာ စီမံကိန်း အဆိုပြုလွှာတင်သွင်းဖို့ ပြင်ဆင်ရန်အတွက် အကြိုမူဘောင်သဘောတူမှုကို China Communications Construction Company (CCCC) နဲ့ မေ ၂ ရက်နေ့က လက်မှတ်ထိုးလိုက်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိနေပေမယ့် ဆာ့ခ်ျပန်းက ဒီအဆိုပြုလွှာကို နှစ်ဖက်သဘောတူရင် အားလုံးကို ချပြသွားမှာဖြစ်ပြီး ဒီထက်ပိုကောင်းတဲ့ အဆိုပြုလွှာ ဘယ်သူမဆို ယှဉ်ပြိုင်နိုင်မှာ ဖြစ်တယ်လို့ ပြောထားပါတယ်။

သစ်နေမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013