DVB Logo
Home
မြန်မာသတင်း
ရာဘာစက်ရုံများ တည်ဆောက်ရန် မုဒုံရှိ ရာဘာခြံ ဧက ၃၀၀ကျော်ကို လွှဲပေးမည်
DVB
·
May 29, 2018
ရာဘာစက်ရုံများ တည်ဆောက်ရန် မုဒုံရှိ ရာဘာခြံ ဧက ၃၀၀ကျော်ကို လွှဲပေးမည်
Donate to DVB

မွန်ပြည်နယ်၊ မုဒုံမြို့နယ်မှာ ရာဘာစက်ရုံကြီးတွေ တည်ဆောက်နိုင်ဖို့ မုဒုံမြို့မှာ စိုက်ပျိုးထုတ်လုပ်နေတဲ့ ရာဘာဧက ၆၀၀၀၀ ကျော်အနက် ဧက ၃၀၀ ကို မွန်ပြည်နယ်အစိုးရထံ လွှဲပြောင်းပေးမယ်လို့ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရပါတယ်။

လက်ရှိမြန်မာ့ရာဘာပေါက်ဈေးဟာ RSS-3 နဲ့ CSO ၁ ပေါင်ကို ၆၀၀ ကျပ်မှ ၇၀၀ ကျပ်အတွင်းသာ ဈေးရရှိနေတဲ့အတွက် ကမ္ဘာ့ရာဘာပေါက်ဈေးထက် များစွာနိမ့်ကျနေပြီး အရည်အသွေးမြင့်တဲ့ ရာဘာတွေထုတ်လုပ်နိုင်ဖို့ ရာဘာစက်ရုံကြီးတွေ ထပ်မံတည်ဆောက်ဖို့ လိုအပ်နေတယ်လို့ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းမြင့် က ပြောပါတယ်။

“၀န်ကြီးချုပ်နဲ့တွေ့တုန်းက ရာဘာကဏ္ဍ ကိစ္စလေး ဆွေးနွေးတာတွေ ရှိပါတယ်။ မုဒုံခြံထဲက ရာဘာဧက အချို့ကို ပြည်နယ်အစိုးရကို အပ်နှင်းမှာဖြစ်ပါတယ်။ အဲ့ဒီဧကတွေကို ရာဘာစက်ရုံတွေ တည်ထောင်မှာပါ။ နိုင်ငံခြားကလည်း လာရောက်ချိတ်ဆက်ထားပြီးသား ဖြစ်တဲ့အတွက် ဒီဧရိယာပေါ်မှာ ရာဘာနဲ့ပတ်သက်တဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကုန်ချောအဆင့် ရအောင် ကျနော်တို့ ကြိုးစားသွားမှာပါ။ ဒီဒေသမှာရှိတဲ့ ရာဘာစိုက်တောင်သူတွေက ရာဘာအရည်အသွေးကောင်းပြီး ထိုက်သင့်တဲ့ဈေးနဲ့ ကုမ္ပဏီတွေကို သွင်းနိုင်မယ်ဆိုရင် တောင်သူတွေလည်းအဆင်ပြေသွားမယ်။နိုင်ငံခြား ၀င်ငွေလည်း ရမယ်။လုပ်ငန်းရှင်တွေလည်း အဆင်ပြေသွားမှာ ဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်း ပြည်နယ်အစိုးရကို ဧက ၃၀၀ ကျော်ကို လွှဲပြောင်းပေးအပ်သွားမှာဖြစ်ပါတယ်။”

မွန်ပြည်နယ်ထွက် ရာဘာတွေဟာ အရည်အသွေးမပြည့်မီတာ၊ မှိုင်းခံစက်ရုံလိုမျိုး နည်းပညာ မလုံလောက်တာ၊ ရာဘာစိုက်တောင်သူတွေ ချေးငွေမရတာ၊ ရာဘာလုပ်သားရှားပါး တာတွေကြောင့် ရာဘာဈေးနှိမ်ခံနေရပြီး ရာဘာ ၁ ပေါင်ကို ၁ ဒေါ်လာဈေးအထက်ရရှိဖို့ အစိုးရ အပါအ၀င် နိုင်ငံ့ဝန်ထမ်းအားလုံး စိတ်ဓာတ်ပြင်ဖို့လိုတယ်လို့ ရာဘာချေးငွေ စိစစ်ရေး ကော်မတီအဖွဲ့ဝင် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောအောင်မြင့်ခိုင်က ပြောပါတယ်။

“ရာဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မူဝါဒပိုင်းတွေအားကောင်းဖို့လိုသလို စိတ်ဓာတ် ပိုင်းတွေလည်း အများကြီးကောင်းမွန်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ဒါက ရာဘာဏ္ဍ တခုတည်း မဟုတ်ဘူး။ ကျနော်တို့မြန်မာနိုင်ငံတနိုင်ငံလုံးအနေနဲ့ အဓိကပြင်ရမှာစိတ်ဓာတ်ဖြစ်ပါတယ်။ ရာဘာဆက်စပ်တဲ့ မြေသြဇာတွေ ၀ယ်တဲ့အခါလည်း ဈေးနှုန်းတွေက အမျိုးမျိုးဖြစ်နေတယ်။ ၀ဲအိတ်တွေထဲမှာ ၀ဲအလေးချိန်တွေက အမျိုးမျိုးဖြစ်နေတယ်။ ၀ဲအလေးချိန်တွေလျှော့ပြီးတော့ ဈေးနှုန်းလျှော့ပေးတယ်ဆိုပြီး ကိုယ့်ပစ္စည်းရောင်းရဖို့အတွက် လူထုကို လှည့်ဖျားတယ်လို့ ပြောလို့ရတယ်။ဒါကြောင့် မူဝါဒပိုင်းတွေချည်းပဲ ပြုပြင်နေလို့မရဘူး။ စိတ်ဓာတ်ပိုင်းတွေလည်း ပြင်ဖို့လိုတယ်။”

ဒါ့အပြင် ဆန်စပါးအပါအ၀င် အခြားစိုက်ပျိုးသီးနှံတွေအတွက် တောင်သူတွေကို စိုက်ပျိုး စရိတ်ချေးငွေထုတ်ပေးနေပေမယ့်လည်း ရာဘာစိုက်တောင်သူတွေ ထုတ်ယူခွင့်မရရှိတဲ့အပေါ် ၀န်ကြီးက “ရာဘာစိုက် တောင်သူတွေရဲ့ စိုက်ပျိုးစရိတ်နဲ့ ထုတ်လုပ်မှု စရိတ်ချေးငွေတွေ ကျတော့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဘက်က ချမှတ်ထားတဲ့ မူဝါဒတွေအရ ရာဘာက တခြားသီးနှံ တွေ ကွဲပြားတဲ့အချက်တွေရှိတယ်။ ဒါကြောင့် ဘဏ်ဘက်က ဒါတွေအတွက် လောလောဆယ် တော့ အဆင်မပြေသေးဘူး။ ကျနော်တို့ ဆက်ပြီးတော့ကြိုးစားပြီး ညှိနှိုင်းသွားမှာပါ။ အခုကတော့ မပြေလည်သေးဘူး။ အဓိကကတော့ အာမခံကိစ္စတွေပေါ့။ မီးအာမခံမရဘူး။ စိုက်ပျိုးမှုနဲ့ ပတ်သက်ပြီး မြေယာပိုင်ဆိုင်မှုတွေနဲ့ မြေတန်ဖိုးတွေရှိသေးတဲ့အတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ဘက်ကလည်း ရာဘာသီးနှံချေးငွေရဖို့ သူတို့ဘက်က ပြန်စဉ်းစားပေးဖို့ လိုလိမ့်မယ်” လို့ ပြောပါတယ်။

လက်ရှိ မွန်ပြည်နယ်ထွက် ရာဘာတွေကို ရတဲ့ဈေးနဲ့ရောင်းနေရတဲ့အခြေအနေကို ရောက်ရှိနေပြီး နိုင်ငံရဲ့စီးပွားရေးတိုးတက်လာမှသာ စိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးနိုင်မှာ ဖြစ်တယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(မွန်ပြည်နယ်) မှ ပြည်နယ်မန်နေဂျာ ဦးကျော်စွာလှိုင်က ပြောပါတယ်။

“နိုင်ငံစီးပွားရေး တိုးတက်လာတဲ့အခါကျရင်တော့ စိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးဖို့အစီစဉ် ရှိကောင်းရှိလာနိုင်ပါတယ်။ အခုအနေအထားကျတော့ ရာဘာတွေက စိုက်ပျိုးတဲ့အချိန်ကနေ အစေးလှီးတဲ့အထိ ၇ နှစ်လောက်အချိန်ယူရပါတယ်။ ၈ နှစ်လောက်အထိ ဆိုရင်လည်း ချေးငွေသက်တမ်းက ရှည်လျားတဲ့အတွက်ကြောင့် ဒီချေးငွေတွေကို ဘယ်လိုချေးမလဲဆိုတာ ဆွေးနွေးတိုင်ပင်ညှိနှိုင်းနေတဲ့ အဆင့်ပဲ ရှိပါသေးတယ်။”

မွန်ပြည်နယ်မှာ ရာဘာစိုက်ဧက  ငါးသိန်းဝန်းကျင်ရှိပြီး နိုင်ငံခြားကို နိုင်ငံတဝန်းက ရာဘာတန်ချိန် တန် နှစ်သိန်း တင်ပို့ပါက မွန်ပြည်နယ်က တန် တစ်သိန်းကျော်အထိ ထုတ်လုပ်နိုင်တဲ့အတွက် နိုင်ငံခြားဝင်ငွေရရှိအောင် ဆောင်ရွက်ပေးနေပေမယ့်လည်း ရာဘာ စနစ်တကျစိုက်ပျိုးထုတ်လုပ်မှု နည်းပါးနေတဲ့အတွက် ရာဘာဈေးနှိမ်ခံနေရတာ ဖြစ်ပါတယ်။

သတင်း - အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013