DVB Logo
Home
မြန်မာသတင်း
အမြန်လမ်းမကြီးဘေး ကျူးကျော်စာရင်း ကောက်ယူ
DVB
·
May 29, 2018
အမြန်လမ်းမကြီးဘေး ကျူးကျော်စာရင်း ကောက်ယူ
Donate to DVB

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးရဲ့ ဘေးဝဲယာမှာ ခွင့်ပြုချက်မရှိဘဲ ကျူးကျော်နေထိုင်သူတွေကို ပြည်ထောင်စုအစိုးရ စီမံချက်အရ တိုင်းဒေသကြီးအစိုးရအဖွဲရဲ့ ညွန်ကြားချက်နဲ့ စာရင်းကောက်ယူခဲ့တယ်လို့ ဖြူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။

စာရင်းကောက်ယူရာမှာ အမြန်လမ်းမကြီးရဲ့ ပေ ၂၀၀ အတွင်းနဲ့ ပေ ၅၀၀ အတွင်းမှာ ရှိတဲ့ ဈေးဆိုင်ခန်းတွေ/လူနေအိမ်တွေနဲ့ လယ်စောင့်တဲတွေကို အမျိုးအစားနှစ်ခုခွဲ ကောက်ယူ ခဲ့တာဖြစ်ပြီး ကောက်ယူရရှိတဲ့စာရင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ပေးပို့ထားတယ်လို့ ဆိုပါတယ်။

ဖြူးမြို့နယ်အနေနဲ့ စာရင်းကောက်ယူရာမှာ အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၀၅ မိုင် ၆ မှ မိုင်တိုင်အမှတ် ၁၂၀ မိုင် ၆ဖာလုံအထိ ကောက်ယူခဲ့တာဖြစ်ပြီး အခြားအုပ်တွင်းမြို့နယ်နဲ့ ရတာရှည်မြို့နယ်တွေမှာလည်း စာရင်းကောက်ယူတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဖြူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက "ပြည်တောင်စုအစိုးရရဲ့ စီမံချက်ပါ။ တိုင်းဒေသကြီးအစိုးရအဖွဲ့က ထပ်ဆင့်ညွန်ကြားတာ။ အခုလက်ရှိ ကောက်ယူရရှိတဲ့ စာရင်းတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ပို့ထားပါတယ်။ အခုလက်ရှိစာရင်းအရတော့ တရားမဝင်တွေက များပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့ကနေ ညွန်ကြားချက် ပြန်ကျလာရင်တော့ ဖယ်ရှားမှုတွေပြုလုပ်သွားမှာပါ။ အကိုသိရသလောက်တော့ ပေ ၂၀၀ ကို ခြံစည်းရိုးခတ်မယ်။ ဒါမှလည်း ယာဉ်အန္တရာယ်မဖြစ်အောင် ကာကွယ်နိုင်မယ်"လို့ ပြောပါတယ်။

အဆိုပါ စာရင်းကောက်ယူမှုကို မေ ၂၇ ရက်က စတင်ကောက်ယူခဲ့တာဖြစ်ပြီး ကောက်ယူရှိတဲ့ စာရင်းတွေကို မေ ၂၈ ရက်က တိုင်းဒေသကြီးအစိုးရအဖွဲထံ တင်ပြထားတယ်လို့ သိရပါတယ်။

စာရင်းကောက်ယူတဲ့ အချက်အလက်တွေအရ အမြန်လမ်းမကြီးရဲ့ အနောက်ဘက် ခြမ်းမှာ ၆၄ ခု အရှေ့ခြမ်းမှာ ၈၈ ခုရှိပြီး လမ်းလယ်ကျွန်းမှပေ ၂၀၀ အတွင်းမှာ ဆောက်လုပ် ထားမှု ၂၈ ခု၊ လမ်းလယ်ကျွန်းမှ ပေ ၅၀၀ အတွင်း ၁၂၄ ခု စုစုပေါင်း ၁၅၂ ခုရှိပြီး ကျေးရွာ၊ လူနေအိမ်၊ ဈေးဆိုင်၊ လယ်စောင့်တဲ၊ ရဲကင်းနဲ့ တာဝါတိုင်တွေ ပါဝင်နေတယ်လို့ သိရပါတယ်။

အဆိုပါစီမံချက်အရ စာရင်းကောက်ယူရာမှာ မန္တလေး၊ နေပြည်တော်၊ ပဲခူးတို့ ပါဝင်ပြီး ဖြူးမြို့နယ်အနေနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးမှာ ဥက္ကဋ္ဌအနေနဲ့ ဆောင်ရွက်ပြီး မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်၊ မြို့နယ်သစ်တော၊ လမ်းဦးစီးဌာနနဲ့ ယာမြေနဲ့ အခြားမြေတွေ စီမံခန့်ခွဲရေးအဖွဲ့တို့မှ အဖွဲ့ဝင်တွေအဖြစ် ပါဝင်ပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013