DVB Logo
Home
မြန်မာသတင်း
မြန်မာ့ဆန်ကို နိုင်ငံတကာစနစ်အတိုင်း တွက်ချက်နိုင်အောင် သဘောတူလက်မှတ်ရေးထိုး
DVB
·
May 29, 2018
မြန်မာ့ဆန်ကို နိုင်ငံတကာစနစ်အတိုင်း တွက်ချက်နိုင်အောင် သဘောတူလက်မှတ်ရေးထိုး
Donate to DVB

မြန်မာဆန်ကို နိုင်ငံတကာဈေးကွက်မှာ တွက်ချက်တဲ့ စနစ်တွေအတိုင်း တင်ပို့ ရောင်းချနိုင်ဖို့ မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်နဲ့ နိုင်ငံတကာငွေကြေး ကော်ပိုးရေးရှင်း IFC တို့ နားလည်မှုစာချွန်လွှာ သဘောတူလက်မှတ် ရေးထိုးလိုက်ပါတယ်။

မြန်မာ့ဆန်ကို နိုင်ငံတကာဈေးကွက်ကို တင်ပို့ရောင်းချတဲ့နေရာမှာ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ အလေးချိန်၊ အခြင်အတွယ်၊ အမျိုးအစားတွေကို စနစ်တကျ ပြန်လည်သတ်မှတ်နိုင်ဖို့ IFC ၊ WorldBank တို့က ပညာရှင်တွေနဲ့ မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ် ပူးပေါင်းပြီး လက်ရှိ သုံးစွဲနေတဲ့စနစ်တွေကို ပြင်ဆင်နေတာဖြစ်ပါတယ်။

ပြင်ဆင်သတ်မှတ်ထားတဲ့ စံချိန်စံညွန်းတွေ အစိုးရကို တင်ပြသွားမယ်လို့ ဆန်စပါးအဖွဲ့ချုပ်က ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ်မှာ မေ ၂၉ ရက်က ကျင်းပတဲ့ နားလည်မှုစာချွန် MOU ရေးထိုးပွဲမှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ပြောပါတယ်။

“ဘယ်လောက် အရွယ်အစားကို သတ်မှတ်မယ်၊ ဆန်ကွဲကို ဘယ်လောက် အရွယ်အစား သတ်မှတ်မယ်၊ ဒါမျိုးတွေပေါ့။ နာမည်တွေခေါ်တယ်။ ဥပမာ ၂၅ မတ် ခေါ်ရင် ဘယ်လိုပါဝင်မှုတွေ ပါရမယ်။ သူ့မှာ ကန့်သတ်ထားတာ ဘာတွေရှိလဲ။ ဥပမာ ဆန်နီ ပါဝင်မှုက ဘယ်လောက်ပဲ ရှိရမယ် ဆိုတာမျိုး။ အဲဒါတွေနဲ့ပတ်သက်ပြီး တကယ်လက်တွေ့လုပ်နေတဲ့ နေရာမှာ အရင်တုန်းကတော့ သတ်မှတ်ထားတာတွေ ရှိပြီးသားပါ။ ဒါပေမယ့် လက်တွေ့ နယ်ပယ်မှာ သိပ်ပြီးမအပ်စပ်တော့ဘူး။”

လက်ရှိ ပြည်တွင်းမှာ ကျင့်သုံးနေတဲ့ ဆန်အလေးချိန်နဲ့ အခြင်အတွယ်စနစ်တွေဟာ ဆိုရှယ်လစ်ခေတ်က သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေ ဖြစ်တာကြောင့် နိုင်ငံတကာ ဆန်ဈေးကွက်မှာ ခေတ်မမီတော့ဘူးလို့ ဆန်ကုန်သည်တွေက ဆိုပါတယ်။ နိုင်ငံတကာ ဈေးကွက်မှာ မြန်မာ့ ဆန်တင်ပို့ရောင်းချချိန်မှာလည်း အငြင်းပွားမှုတွေ ရှိနေပါတယ်။

ဘုရင့်နောင် ဆန်ဒိုင်ဥက္ကဋ္ဌ ဦးလူမော်မြင့်မောင်က “လက်ရှိ နိုင်ငံတကာမှာ ထိုင်းတို့၊ ဗီယက်နမ်တို့ ကျင့်သုံးခဲ့တဲ့ အရည်အသွေး စံချိန်စံညွှန်းအနေနဲ့ကျတော့ အများကြီးကွာတယ်။ စပါးရဲ့ Variety ကို၊ နာမည်တွေကို ကွဲကွဲပြားပြားနဲ့ သိနိုင်ဖို့အတွက်လည်း ပြင်ရမယ်။ ဒါမှ ဈေးကွက်ထိုးဖောက်ပြီးတော့ ဈေးကောင်းရမှာပါ။ ဒါတွေကို ပြင်ပြီးရင် ဒုတိယအဆင့်အနေနဲ့ စက်ပိုင်တွေကို သွားမယ်။ စပါး ချိန်တွယ်တာတွေ၊ စပါး အရည်အသွေးတွေ၊ ဆန်စက်တွေမှာ ကြိတ်ခွဲတဲ့အခါမှာ ဘယ်လို အရည်အသွေးတွေ ကြိတ်သင့်တယ်ဆိုတာလည်း ထပ်ပြီးတဆင့် သွားရမှာပဲ။ တဖြည်းဖြည်းနဲ့ တောင်သူအဆင့်အထိ သွားမှာပါ” လို့ ပြောပါတယ်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံဟာ  နိုင်ငံခြားကို ဆန်တန်ချိန် သုံးသန်းကျော် စံချိန်တင် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၁၁၃၇ ကျော် ဝင်ငွေရခဲ့ပါတယ်။

ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံး ၅ နိုင်ငံစာရင်းမှာ ရပ်တည်နေပြီးတော့ မြန်မာ့ ဆန်ဈေးကွက် ပိုမိုကျယ်ပြန့်လာအောင် ဆန်အမျိုးအစား၊ အလေးချိန်နဲ့ အခြင်အတွယ်တွေကို နိုင်ငံတကာ စနစ်အတိုင်း ပြင်ဆင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013