DVB Logo
Home
Lead Story
ရဲဘော်လှတင်အောင် (၅)
DVB
·
May 29, 2018
ရဲဘော်လှတင်အောင် (၅)
Donate to DVB

ကိုလှတင်အောင်က ကျနော့်ပခုံးကို တိုက်လိုက်ပြီးနောက်-

“ဟေ့ကောင်၊ မင်း မသေတော့ဘူးကွ။ မင်း အလံလွှမ်းစရာလည်း မလိုတော့ဘူး။ ကိုကိုလွင်ကျတော့ သူ့သားကို။ သူတို့ ဘာလုပ်လို့ရမှာလဲ”

ဟု ကျနော့်နားကပ်ကာ တိုးတိုးလေးပြောပါသည်။ ကျနော့်အတွက် သူ စိုးရိမ်သောက ဖြစ်နေ၏။ ယခုမှ အပူလုံး ကျသွားပုံရသည်။ သူ့ပြောဆိုချက်များမှာလည်း ဖြစ်နိုင်ခြေ အများဆုံးနှင့် ကျိုးကြောင်းဆက်စပ်မှု ရှိနေသဖြင့် ကျနော်ကလည်း ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်လာ၏။ မီးသဂြုင်္ိဟ်စက်ရှေ့တွင် အသုဘပို့သူများရော သယ်လာသော အခေါင်းကြီးပါ ရောက်ရှိလာတော့သည်။ ထိုအချိန်တွင် ပြည်သူ့တိုးတက်ရေးပါတီ၏ ဗဟိုကော်မတီဝင်လည်း ဖြစ်၊ ထောင်မှ မကြာခင်က ပူပူနွေးနွေး လွတ်မြောက်လာသော ကိုမြင့်ဦးသစ်က ဦးခင်မောင်မြင့်အား နောက်ဆုံး ဂုဏ်ပြုသည့်အနေဖြင့် အလေးပြုရန် သူ့အသံအောကြီးဖြင့် အော်ပြောလိုက်ပါသည်။ ကျနော်တို့လည်း သူအမိန့်ပေးမည်ကို စောင့်ပြီး တန်းစီရပ်လိုက်ကြပါသည်။ ကျနော့်ဘေးတွင် ကိုလှတင်အောင်၊ သခင်ခင်အောင်နှင့် တခြားရဲဘော်များ တန်းစီနေကြပြီး ကိုမြင့်ဦးသစ်က ၂ မိနစ် အလေးပြုရန် အမိန့်ပေးလိုက်သည်။ ကျနော်တို့လည်း ဦးညွှတ်လိုက်ကြသည်။ ၂ မိနစ်လောက်နေမှ ပြန်မတ်လိုက်ကြသည်။ သို့သော် ကိုမြင့်ဦးသစ်က နေမြဲဟု မအော်သေးပေ။ ထိုအခါ ကျနော်တို့က အန်ကယ်ကြီးဟု ချစ်စနိုးခေါ်သော သခင်ခင်အောင်က ဦးညွှတ်နေရာမှနေ-

“ဟေ့ လှတင်အောင်၊ မနေမြဲသေးဘူးလားကွ”

ဟု မေးလိုက်မှ အန်ကယ်ကြီး ဦးညွှတ်နေသည်ကို ကျနော်တို့လည်း သတိထားမိကာ ကိုလှတင်အောင်က “အန်ကယ်ကြီး နေမြဲသွားပြီ” ဟု ပြောလိုက်ရာ သခင်ခင်အောင်လည်း ခေါင်းကိုမတ်လိုက်ကာ ကိုမြင့်ဦးသစ်ထံ မျက်စောင်းခဲ၍ ကြည့်လိုက်ပါသည်။ ကျနော်တို့လည်း ငိုအားထက် ရယ်အားသန် ထိုအဖြစ်ကို အမြဲပြောလေ့ရှိကြသည်။

ကျနော်တို့ ထောင်မှလွတ်ပြီး အပြင်ရောက်သည့်အခါ သူ့ဝမ်းဗိုက် ခွဲစိတ်သည့်အကြောင်း၊ ဒေါက်တာရဲမြင့်အကြောင်း၊ အပြည့်အစုံနှင့် အသေအချာ ပြောတတ်သဖြင့် သူ့ဝမ်းဗိုက်ခွဲရခြင်းကို လူကိုယ်တိုင် သွားကြည့်သလို မြင်ယောင်နေမိသည်။

သူ မကွယ်လွန်မီ နောက်ဆုံး မှတ်မှတ်ရရအဖြစ်မှာ ရန်ကုန်မြို့တွင် ဆက်တိုက် ဗုံးခွဲမှုများ ဖြစ်ပွားသည့်နှစ်က ဖြစ်လေသည်။ ထိုနှစ်က ပုဇွန်တောင်ရှိ ကုန်သွယ်ရေး အဆောက်အဦ၊ ရှစ်မိုင်မှ ဂျန်းရှင်းအိပ်ခ်ျ၊ မြေနီကုန်းမှ ဒဂုံစင်တာ စသည့်နေရာများကို အကြမ်းဖက်သမားများက ရှေ့ဆင့်နောက်ဆင့်ဆိုသလို ဗုံးများ ဖောက်ခွဲလိုက်၏။ လူသေဆုံးမှုလည်း များပြားခဲ့၏။ ထိုသို့ ဗုံးများခွဲပြီး ညနေပိုင်းတွင် ကိုလှတင်အောင်ကို ထောက်လှမ်းရေးက လာရောက်မေးမြန်းခဲ့သလို သူနှင့် ကပ်ရပ်နေသော ကိုလှရွှေ (အောင်သာပီသုံးလုံး) ကိုလည်း လာရောက်မေးမြန်းခဲ့သည်ဟု ကျနော် နယ်မှ ပြန်ရောက်သည့်အခါ သိရှိရလေသည်။ ကျနော့်အိမ်မှလည်း ထောက်လှမ်းရေးနှင့် ရပ်ကွက်လူကြီးများ လာရောက်မေးမြန်းကြရာ လွန်ခဲ့သော နှစ်ရက်က ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့သို့ ဆရာဒဂုန်တာရာ၏ မွေးနေ့သို့ သွားရောက်သည်ဟု ပြောရာ ပြန်သွားကြသည်ဟု ဆိုသည်။ ကျနော် ပြန်ရောက်ပြီး ကိုလှတင်အောင်ဆီသို့ သွားရာ ထိုမခံချင်စရာ၊ ဒေါသထွက်စရာကောင်းသော ထိုမေးမြန်းမှုအကြောင်းကို

“လှတင်အောင် မင်း ဘယ်လိုဖြေခဲ့သလဲကွ။ ဒါက ငါတို့ကို သက်သက်သိက္ခာချတာပဲ။ အကြမ်းဖက် ဗုံးခွဲတဲ့အလုပ် ငါတို့ ဘယ်တော့မှ မလုပ်ခဲ့ဘူး ဆိုတာ မသိဘူးလား။ ဘယ်လို ထောက်လှမ်းရေးလဲ။ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီတွေရဲ့ သမိုင်းကြောင်းကိုတောင် မသိဘဲ တွေ့တဲ့သူဖမ်း၊ တွေ့တဲ့လူ စစ် ဆိုတော့ တော်တော်ညံ့တဲ့ ထောက်လှမ်းရေးလို့ ပြောရမှာပေါ့ကွ”

“မင်းကလည်း ငါ့ကို ဟောက်ဖို့ပဲ သိတယ်။ ငါ ဘယ်ငုံ့ခံလိမ့်မလဲကွာ။ ငါတို့ရဲ့မူ၊ ငါတို့ရဲ့ ပေါ်လစီကို ရှင်းပြတယ်။ ငါတို့ဟာ အကြမ်းဖက်သမားတွေ မဟုတ်ဘူး။ တော်လှန်ရေးသမားတွေ၊ နိုင်ငံရေးသမားတွေဆိုတာ ရှင်းပြခဲ့တယ်။ ဒီလိုခေါ်စစ်တာ ငါတို့နိုင်ငံရေးကို သိက္ခာကျစေတယ်လို့ စိတ်ရှည်လက်ရှည် ရှင်းပြခဲ့တာ။ ငါတို့ဆန့်ကျင်တဲ့ အကြမ်းဖက်ကိစ္စကို။ ငါတို့နဲ့ဆက်စပ်ပြီး မေးမြန်းတယ်ဆိုတာ ဘယ်လောက်မခံချင်စရာ ကောင်းလိုက်သလဲ။ ငါလည်း ခေါင်းငုံ့မခံဘဲ ပြန်ပြော၊ ပြန်ဖြေတာပေါ့ကွာ”

သူ ရှင်းပြသည်ကို ကျနော် နားလည်ပါသည်။ သူ ခွန်းတုံ့ပြန်မည်ကိုလည်း သံသယမဝင်ပါ။ ကျနော်တို့သည် စနစ်ကိုသာ တော်လှန်ခြင်းဖြစ်သောကြောင့် ကျနော်တို့နှင့် အကြမ်းဖက်ဝါဒမှာ ပြဒါးတလမ်း၊ သံတလမ်း ဖြစ်နေပါသည်။ ကျနော်မှာ ကံကောင်း၍ အဖမ်းမခံရ၊ အမေးမခံခဲ့ရပေ။ နှစ်စဉ် မေ ၁၀ ရက်နေ့တိုင်း ကျင်းပလေ့ရှိသော ဆရာဒဂုန်တာရာ မွေးနေ့သို့ ၂ ရက်၊ ၃ ရက် ကြိုသွားလေ့ရှိသောကြောင့် ကျနော် အောင်ပန်းမြို့၌ ရောက်ရှိနေသည်ကို သက်ဆိုင်ရာ မြို့နယ်စစ်ထောက်လှမ်းရေးကို သူတို့မေးပြီးသား ဖြစ်ပေလိမ့်မည်။ သခင်အုန်းမြင့်၊ လေထီးဗိုလ်အုန်းမောင်၊ သခင်သိန်းမောင်၊ ဦးမောင်မောင်ခင်၊ ဖျာပုံနီလုံဦး စသောလူများနှင့် သွားရောက်လေ့ ရှိသောကြောင့် ထိုပွဲမှာ ကျနော် ဖျက်လေ့မရှိသလို သွားရောက်နေသောကြောင့်လည်း အမေးမခံရခြင်း ဖြစ်သည်။

ကိုလှတင်အောင် အသက်ရှင်စဉ် ကာလတလျှောက်လုံး ရဲဘော်များ၏ သာရေး၊ နာရေး၊ အစဉ်အလာရှိသော နိုင်ငံရေးသမားကြီးများ၏ သာရေး၊ နာရေးများသို့ သွားလေ့ရှိ၏။ သူ၏လုပ်အားနှင့် ရရှိသော ဝင်ငွေမှနေ ရဲဘော်များကို အတတ်နိုင်ဆုံး ပေးကမ်းလေ့ရှိ၏။ အထူးသဖြင့် ချို့တဲ့သော ရဲဘော်များကို ကူညီလေ့ရှိပါသည်။ ဘယ်နေ့ ဘယ်သွားတော့မည်ဆိုလျှင် သူက ကြို၍လာပြောတတ်သည်။ ထိုစဉ်က လက်ကိုင်ဖုန်းလည်း မကိုင်နိုင်။ လက်ကိုင်ဖုန်းခေတ်လည်း မတွင်ကျယ်သဖြင့် တွေ့ဆုံပြီး သတင်းဖလှယ်ကြ၏။ တပတ်တခါ ကျနော်သည် ကိုလှတင်အောင်နှင့် ကိုလှရွှေထံ သွားကာ လက်ဖက်ရည်ဆိုင်ထိုင်ပြီး စကားပြောဖြစ်ကြသည်။ စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ရေးအတွက်လည်း အမြဲနှလုံးသွင်းထားတတ်သဖြင့် အန်အယ်လ်ဒီအပေါ် အလေးပေး ထောက်ခံပါသည်။ စနေနေ့တိုင်း တက္ကသိုလ်ရိပ်သာလမ်းတွင် ပြုလုပ်လေ့ရှိသည့် ဒေါ်အောင်ဆန်းစုကြည်၏ တရားပွဲသို့လည်း သူသည် မပျက်မကွက် သွားရောက်နားထောင်တတ်၏။ ဒေါ်အောင်ဆန်းစုကြည်ကို သူက ဒီမိုကရေစီ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြု ထောက်ခံလေသည်။ ထိုအချိန်က ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ခဲ့သော နိုင်ငံရေးသမားတိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို သူ့လိုပင် သဘောထားခဲ့၊ ယုံကြည်ခဲ့ကြသည်။ ထိုယုံကြည်ချက်များ မည်မျှမှန်ကန်ပြီး သမိုင်းတွင် မည်သို့ အပြောင်းအလဲ ဖြစ်ပေါ်မလဲ ဆိုသည်ကိုကား သမိုင်းကို ဖြတ်သန်းသူတိုင်း ကိုယ့်ဘာသာ ရွေး၍ အဖြေပေးကြပေမည်။ အရေးကြီးသည်မှာ သမိုင်းကို လိမ်ညာ၍ မရနိုင်သလို သမိုင်းကို ပြင်၍လည်း မရနိုင်ပေ။ သမိုင်းဖြစ်ပေါ်မှုသည် အတားအဆီး ဆူးငြောင့်ခလုတ်များကို အပိတ်အဆို့မခံဘဲ ဆက်လက် ဖြစ်ပေါ်သွားမည်မှာ သေချာသည်။ သမိုင်းကို လိမ်ညာမရသလို သမိုင်းသည် အမှန်တရားကိုသာ သယ်ဆောင်သွားပေမည်။ မိမိဖြတ်သန်းနေသော အချိန်ကာလ အားလုံးကို သမိုင်းက မှတ်တမ်းတင်သွားပေမည်။ သမိုင်းဘီးသည် အမှန်တရားများကို ဖော်ဆောင်ပြီး ပုံမှန်လည်ပတ်လျက်ရှိသည်ကို သံသယဖြစ်စရာမလို။ သမိုင်းကို ဖန်တီးရှင်အဖြစ် မှတ်ယူခဲ့သော ဧကရာဇ်များ၊ စစ်ဘုရင်များ၊ နိုင်ငံရေးခေါင်းဆောင်များ အားလုံးမှာ ယခုအခါတွင် သမိုင်း၏ မှတ်ကျောက်ကို တင်ခံခဲ့ရပေပြီ။

ကိုလှတင်အောင်သည် သမိုင်းကိုဖန်တီးသော ပြည်သူများထဲ တဦးအပါအဝင် ဖြစ်သလို တော်လှန်ရေးသမားတယောက်အဖြစ်လည်း သူ့အကြောင်းကို သမိုင်းက မှတ်တမ်းတင်ခဲ့ပြီးပြီ။ သူ၏ ရပ်တည်ချက်၊ ယုံကြည်ချက်၊ သူ၏ အကောင်း၊ အဆိုး၊ သူ၏ စွန့်လွှတ်မှု စသည်တို့မှာ ကျနော်တို့ သူ့ကို ယခုအချိန်ထိ ဂုဏ်ပြုနေရခြင်း၊ အမှတ်တရ လွမ်းဆွတ်နေရခြင်း၊ သူ့ဂုဏ်ပုဒ်များကို အမှတ်တရ ရေးသားနေရခြင်းတို့က သူ့သမိုင်း ဘယ်လိုရှိခဲ့သလဲ ဆိုသည်ကို အကဲဖြတ်၍ ရပေသည်။ ဤသို့ဖြင့် ကိုလှတင်အောင်မှာ ကင်ဆာရောဂါ၏ ဖိစီးမှုကိုခံရပြီး သူ၏ နောက်ဆုံးအချိန်များကို ပင်ပန်းခက်ခဲစွာ ဖြတ်သန်းခဲ့ရပါသည်။ သူခင်မင်သော မိတ်ဆွေများ၊ ရဲဘော်များနှင့်လည်း တွေ့ဆုံခဲ့သည်။ သူ့ရောဂါကျွမ်းနေပြီ ဖြစ်ကြောင်းကိုလည်း သူ နားလည်သည်။ သေခြင်းတရားကိုလည်း မလွှဲမရှောင်သာ ရင်ဆိုင်ရတော့မည်ကိုလည်း သဘောပေါက်သောကြောင့် ရဲရဲရင့်ရင့်ပင် ရင်ဆိုင်သွားခဲ့ပါသည်။

သူသည် ကျောင်းသားသမဂ္ဂခေါင်းဆောင်တဦး ဖြစ်ခဲ့သလို သူယုံကြည်သော ကွန်မြူနစ်ပါတီ၏ ကေဒါတဦးလည်း ဖြစ်ခဲ့သည်။ အင်းစိန်ထောင်တွင် နိုင်ငံရေးပုဒ်မဖြင့် အကျဉ်းကျခဲ့သလို ကိုကိုးကျွန်းအကျဉ်းထောင်တွင်လည်း နိုင်ငံရေးပုဒ်မဖြင့်ပင် ၇ နှစ် အကျဉ်းကျခဲ့သည်။ ထောင်မှလွတ်ပြီးနောက် မကြာခဏ ဖမ်းဆီးစစ်ဆေး မေးမြန်းခံခဲ့ရသည်။ နောက် ပုဒ်မ ၁၀(က) ဖြင့် အဖမ်းခံခဲ့ရပြီးနောက် ယုံကြည်မှုအတွက် အသက်စွန့်လွှတ်ခဲ့သော လေးစားဖို့ကောင်းသည့် ရဲဘော်တဦးအဖြစ် သူ့ကို ယခုလို ဂုဏ်ပြု ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။

ထက်မြက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013