DVB Logo
Home
မြန်မာသတင်း
စာရေးဆရာ မောင်သွေးချွန်အပေါ်စွဲဆိုထားသည့်အမှု တရားလိုပြသက်သေများကိုစစ်ဆေး
DVB
·
May 29, 2018
စာရေးဆရာ မောင်သွေးချွန်အပေါ်စွဲဆိုထားသည့်အမှု တရားလိုပြသက်သေများကိုစစ်ဆေး
Donate to DVB

 

စာရေးဆရာ မောင်သွေးချွန်အပေါ် နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုထားတဲ့ အမှု တရားလိုပြသက်သေတွေကို စတင်စစ်ဆေးနေပြီဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ကျောက်တန်းကျေးရွာမှာ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်ကနေ ၂၈ ရက်အထိ ကျင်းပတဲ့ ဆရာတော် အရှင်ကဉ္စနောဘာသ မွေးရပ်မြေ မြတ်ကျေးဇူးဆပ် အထူးဓမ္မသဘင်ပွဲတော်မှာ မတ်လ ၂၅ ရက်ညက ဆရာတော်ဦးဝီရသူရဲ့ တရားပွဲမစခင်မှာ စာရေးဆရာ မောင်သွေးချွန် ဟောပြောခဲ့တာပါ။

သူ့ရဲ့ဟောပြေချက်တွေဟာ နိုင်ငံတော် အကြည်ညိုပျက်စေတဲ့ စကားလုံးတွေ ပါတယ်ဆိုပြီး မင်းကင်းမြို့နယ် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဇော်ကနေ တရားလိုလုပ်ကာ တရားရုံးကို ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

မင်းကင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတဦးက “ဒီအမှုနဲ့ပတ်သက်ပြီး ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဇော်က တရားရုံးကို ဦးတိုက်လျှောက်တယ်။ အရာရှိ အမှုအမှတ် ၁၃၈/၂၀၁၈ နဲ့ လက်ခံပြီး အဲဒါကို ရဲစခန်းကို စစ်ဖို့ချတယ်။ ရဲစခန်းက သက်သေစစ်ပြီး ပြန်တင်ရမယ်” လို့  ပြောပါတယ်။

မင်းကင်းမြို့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဇော်ကတော့ စီမံကော်မတီရဲ့ တာဝန်ပေးချက်အရ စီမံကော်မတီကိုယ်စား တွဲဖက်အတွင်းရေးမှူးအနေနဲ့ တရားစွဲဆိုပြီး တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့တာလို့ ပြောပါတယ်။

မေ ၂၄ ရက်မှာ တရားလိုပြသက်သေတွေဖြစ်ကြတဲ့ လျှော်ပင်ရွာက ၆ ဦး၊ မေ ၂၅ ရက်နေ့မှာ စိုင်သေရွာက ၅ ဦးနဲ့ ယောစုရွာက ၁ ဦး၊ မေ ၂၆ ရက်မှာ ရပ်ကျေးအုပ်စုစာရေးတို့ကို ခေါ်ယူစစ်ဆေးပြီးပြီလို့ သက်သေအဖြစ် ပါဝင်သူတချို့က ပြောပါတယ်။

ကျောက်တန်းကျေးရွာအုပ်စုမှာ ကျောက်တန်းရွာ၊ လျှော်ဖြူပင်ရွာ၊ စိုင်သေရွာနဲ့ ယောစုရွာ စတဲ့ ကျေးရွာ ၄ ရွာ ပါဝင်တဲ့အတွက် အဆိုပါရွာသားတွေကို တရားလိုပြသက်သေ အဖြစ် ခေါ်ယူ စစ်ဆေးခဲ့တာလည်းဖြစ်ပါတယ်။

လျှော်ဖြူပင်ရွာ တရားလိုပြသက်သေ ဒေါ်ရီရီမာက “တရားပွဲမှာ ဦးဝီရသူ ပါတဲ့အတွက် အဲဒီတရားပွဲကို စိတ်ဝင်စားလို့ ကျမတို့ သွားပြီးတရားနာပါတယ်။ တရားမနာခင် ဆရာမောင်သွေးချွန်က စာပေဟောပြောပွဲလုပ်တာ။ အဲဒီထဲမှာ ကျမတို့ နိုင်ငံတော်ကြီးကို ထိခိုက်တဲ့ စကားလုံးတွေ ပါတဲ့အတွက် ကျမတို့က အဲဒါတွေကို ဖြေရှင်းဖို့ သက်သေခံခေါ်လို့ လာပြီးဖြေရှင်းပေးရတာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

လျှော်ဖြူပင်ရွာမှ တရားလိုပြသက်သေ ဒေါ်ယုယုအောင်က “တရားပွဲမစခင်မှာ မောင်သွေးချွန်က ဘာသာရေးနဲ့ သွေးထိုးစကားတွေ ပြောပါတယ်။ နိုင်ငံအစိုးရကို ထိန်းကျောင်းပေးနေတဲ့ လွှတ်တော်ဥက္ကဋ္ဌကိုလည်း ထိခိုက်ပြီး ပြောပါတယ်။ မောင်သွေးချွန်ကို တရားစွဲဆိုတာမှာ ကျမတို့ကို သက်သေခံအဖြစ် ခေါ်လို့ ဖြေကြားနေရတာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ဟောပြောပွဲမှာ စာရေးဆရာမောင်သွေးချွန်က “ပြည်ထောင်စုမြန်မာနိုင်ငံကနေပြီးတော့ မြန်မာနစ္စတန်၊ မြန်မာနီးရှားနိုင်ငံတော် စသည်ဖြင့် ကုလားအမည်တွေ တပ်ပြီးတော့ အဲဒီလို ဖြစ်ပြီးလို့ရှိရင် နိုင်ငံတော်ဘာသာလည်း ဗုဒ္ဓဘာသာ မရှိတော့ဘူး။ အခု ဘုရားပုထိုးတွေရဲ့ နေရာမှာ ဗလီတွေ ပေါ်လာမယ်။ ခရစ်ယာန်ကျောင်းတွေ ပေါ်လာမယ်။ အခုပဲ လွှတ်တော်ထဲမှာ အရေးကြီးတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ အဲဒီလွှတ်တော်ဥက္ကဋ္ဌ တွေက ဥပဒေတွေ ပြဋ္ဌာန်းမှာ။ အဲဒီလွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်လုံးသည် ခရစ်ယာန်တွေ ဖြစ်သွားပြီ။ ဗုဒ္ဓဘာသာတွေ အနားမကပ်နိုင်တော့ဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) မှာ မည်သူမဆို ဖော်ပြချက်ကိုဖြစ်စေ၊ ကောလာဟလကို ဖြစ်စေ၊ သတင်းကိုဖြစ်စေ ပြုရာတွင် သို့ တည်းမဟုတ် ထုတ်ပြန်ကြေညာရာတွင် သို့တည်းမဟုတ် ဖြန့်ချိရာတွင် နိုင်ငံတော် အစိုးရကိုဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ်ရေးကို ဖြစ်စေ ထိခိုက်သည့် ပြစ်မှုကို တစ်ဦး တစ်ယောက်သောသူက ကျူးလွနချင်လာအောင် အများပြည်သူ ကိုသော်လည်း ကောင်း၊ အများပြည်သူ၏ သီးခြားလူစုကို သော်လည်းကောင်း၊ ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန် အကြံရှိ လျှင် သို့တည်းမဟုတ် ထိုသို့ဖြစ်စေတန်ရာသည့် အကြောင်း ရှိလျှင် ထိုသူကို ၂နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ် စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ် ရမည်လို့ ပြဋ္ဌာန်း ထားတာဖြစ်ပါတယ်။

သတင်း - ဌေးလှိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013