
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ ပန်လော့ ကျေးရွာအနီးမှာ လက်နက်/ခဲယမ်းတွေနဲ့ မူးယစ်ဆေးဝါး ချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိတယ်လို့ တပ်မတော်က သတင်းထုတ်ပါတယ်။
မေ ၂၅ ရက်က ပန်လော့ကျေးရွာ မြောက်ဘက်မှာ မသင်္ကာဖွယ် တဲနှစ်လုံးကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တွေ့ရှိလို့ ဝင်ရောက်စစ်ဆေးရာမှာ တဲထဲကအရပ်ဝတ် လူခြောက်ဦး ထွက်ပြေးသွားခဲ့ပြီး အနီးရှိ ဒေါင်ဖန်းဖောကားပေါ်မှာရှိနေတဲ့ အောင်မြတ်(ဘ)ဦးရန်အဲန် ဆိုသူကိုတော့ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါတဲအတွင်းကနေ ပွိုင့်-၂၂ မောင်းပြန်ရိုင်ဖယ် တစ်လက်၊ ကျည်အိမ်တစ်ခုနဲ့ ကျည်ရှစ်တောင့်၊ အမ်-၂၂ ကျည် ၄၃ တောင်နဲ့ကျည်အိမ်သုံးခု၊ လက်ပစ်ဗုံးတစ်လုံး၊ Equipment တစ်စုံနှင့် ဆက်စပ်ပစ္စည်းတွေဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မူးယစ်ဆေးဝါး ချက်လုပ်ရာမှာသုံးတဲ့ ဂက်စ်အိုးအကြီး ၃၈ လုံး၊ အလတ် ၃၄ လုံးနဲ့ အသေး ၁၉ လုံး၊ ငါးဂါလန်ဆံ့ အက်စစ်ပုံး ၅၁ ပုံး၊ သံဇလားသုံးခု၊ မွှေစက်တစ်လုံး၊ Costic Sodar ၆၅ အိတ်၊ အလေးချိန် ၁ဝ ပိဿာခန့်ရှိ ဓာတုဗေဒပစ္စည်းတွေထည့်ထားတဲ့ ဆာလာအိတ် ၈၄ အိတ်၊ ဓာတုချွတ်ဆေးတစ်ထုပ်၊ ဓာတ်ခွဲခန်းသုံး ခေါင်းစွပ်လေးခုနဲ့ အခြား ဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
အဆိုပါ သိမ်းဆည်းပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိထားသူကို လားရှိုးမြို့နယ် ရဲစခန်းသို့ လွှဲပြောင်း အပ်နှံသွားမယ်လို့ တပ်မတော် သတင်းမှာဖော်ပြပါတယ်။
ဓာတ်ပုံ-CINCDS











