DVB Logo
Home
မြန်မာသတင်း
ဒူးထောက်တောင်းပန်သည့် မြန်မာအလုပ်သမားကို ထိုင်းအလုပ်ကြပ်က သေနတ်ဖြင့်ပစ်သတ်
DVB
·
May 28, 2018
ဒူးထောက်တောင်းပန်သည့် မြန်မာအလုပ်သမားကို ထိုင်းအလုပ်ကြပ်က သေနတ်ဖြင့်ပစ်သတ်
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း ကရပီခရိုင် ကရပီမြို့မှာ ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့ညက ထိုင်းလူမျိုး အလုပ်ကြီးကြပ်သူနဲ့ စကားများရာက  မြန်မာအလုပ်သမား ၁ ဦး သေနတ်ပစ်ခံရပြီး သေဆုံးသွားပါတယ်။

မေလ ၂၆ ရက်နေ့ည ၉ နာရီလောက်က ကရပီမြို့ ပတ်နမ့်ရပ်ကွက် ဥတရကစ်လမ်းရှိ ဆေးရုံကြီးဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ လူ ၁ ဦး သေနတ်ပစ်ခံရကြောင်း သတင်းရရှိတဲ့အတွက် လူနာတင်ကားတွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း၊ ဆောက်လက်စဆေးရုံကြီး အနောက်ဘက် အလုပ်သမားတန်းလျားနားမှာ အရှေ့ရင်ဘတ်ကနေ နောက်ကျော ဖောက်ထွက်သွားတဲ့ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေသူ မြန်မာအလုပ်သမားတဦးကို တွေ့ရတာလို့ ကရပီ မြို့နယ်ရဲစခန်း တာဝန်ရှိသူတဦးက သတင်းထောက်တွေကို ပြောပါတယ်။

စစ်ဆေးချက်အရ  သေဆုံးသူမှာ အသက် ၃၂ နှစ်ရွယ်ရှိ  ကျော်လင်းဆိုသူ မြန်မာ အလုပ်သမားတဦးဖြစ်ပြီး သေနတ်နဲ့ ပစ်ခတ်သူကတော့ နိုင်းအနုကွန်း ဟန်ထန်းတကန် (အသက် ၅၀ နှစ်) ဆိုသူ အလုပ်ကြီးကြပ်သူဖြစ်တယ်လို့ ဆိုပါတယ်။

ဒီမတိုင်ခင် သူတို့ ၂ ဦးဟာ တခြား အလုပ်သမားတွေနဲ့ရော လေးကောင်ဂျင်လို့ လောင်းကစားဝိုင်းမှာ အတူကစားနေကြကြောင်း၊ ကစားရင်းနဲ့  ကျော်လင်းနဲ့ နိုင်းအနုကွန်းတို့ စကားများပြီး နိုင်းအနုကွန်းက သေနတ် ၂ ချက် အရင် ခြိမ်းခြောက်ပစ်ဖောက်ခဲ့ကြောင်း၊ အလုပ်သမားတွေ လူစုခွဲပြီး ထွက်ပြေးရာမှာ ကျော်လင်းလည်း သူ့အခန်းကို ပြန်လာစဉ် အလုပ်ကြပ်က အနောက်ကလိုက်ပြီး ပစ်ခတ်ခဲ့တာလို့ မျက်မြင်သက်သေတွေက ရဲတပ်ဖွဲ့ကို ပြောပါတယ်။

ကျော်လင်းဟာ သေနတ်နဲ့ အပစ်မခံရခင်က နိုင်းအနုကွန်းကို ဒူးထောက်လက်အုပ်ချီပြီး သူ့အသက်ကို ချမ်းသာပေးဖို့ တောင်းပန်ခဲ့ကြောင်း၊ ဒါပေမယ့် နိုင်းအနုကွန်းက နားမထောင်ဘဲ သေနတ်နဲ့ ပစ်ပြီး မိန်းမနဲ့ သမီး ၂ ယောက်ကို ကားပေါ်တင်ဆောင်ကာ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

လူသတ်မှု ကျူးလွန်သူ နိုင်းအနုကွန်းကို ဖမ်းဆီး အပြစ်ပေးဖို့အတွက် တာဝန်ရှိသူတွေက လိုက်လံရှာဖွေနေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013