DVB Logo
Home
Lead Story
အကြမ်းဖက်သမားတွေရဲ့ ကြေကွဲဖွယ်ရာ ဇနီးတွေ
DVB
·
May 28, 2018
အကြမ်းဖက်သမားတွေရဲ့ ကြေကွဲဖွယ်ရာ ဇနီးတွေ
Donate to DVB

ကျနော် ဒီတခါ ဆောင်းပါးရေးဖို့ အကြောင်းအရာ ပြောမလာသေးတာနဲ့ ဘယ်ကိစ္စကိုများ ရေးပြီး တင်ပြရရင် ကောင်းမလဲလို့ သတင်းတွေကို ဆွဲချ ဖတ်ကြည့်မိတဲ့အခါ ထိတ်လန့်တုန်လှုပ်စရာ သတင်းတခုကို သွားဖတ်မိပါတယ်။

တကယ် အံ့သြတုန်လှုပ် ထိတ်လန့်စရာ သတင်းကတော့ အီရတ်နိုင်ငံ ဘဂ္ဂဒက် တရားရုံးတခုက အိုင်အက်စ် မွတ်ဆလင် အကြမ်းဖက်သမားတွေရဲ့ နိုင်ငံခြားသား သတို့သမီးတွေနဲ့ အဲဒီအကြမ်းဖက်သမားလို့ သူတို့ စွပ်စွဲထားသူတွေနဲ့ လက်ထပ်ထားသူ ဇနီးမယားပေါင်း ၄၀ ကို နိုင်ငံထဲမှာ အကြမ်းဖက်အုပ်စု စိုးမိုးမှု ရှင်းလင်းအပြီး သေဒဏ်ချမှတ်ခဲ့တယ်ဆိုတဲ့ သတင်းပါ။

အများစုက ကလေးငယ်လေးတွေနဲ့ ငယ်ရွယ်သူမိခင်တွေ ဖြစ်နေပါတယ်။ အဲဒီ စစ်ဆေးကြားနာမှုကလည်း ၁၀ မိနစ်ပဲ ကြာခဲ့တယ်လို့ သတင်းမီဒီယာတွေက ဆိုပါတယ်။ အဲဒီလို နိုင်ငံတနိုင်ငံက သူ့ရဲ့ အချုပ်အခြာအာဏာအောက်မှာ ရှိတယ်ဆိုပြီး သူ့နိုင်ငံသားတွေနဲ့ သူ့နိုင်ငံသားမဟုတ်တဲ့ တခြားနိုင်ငံခြားသားတွေကို သူတို့ တိုက်ခိုက်နေတဲ့ အကြမ်းဖက်သမား အုပ်စုတွေနဲ့ ပတ်သက်ခဲ့ပါတယ်ဆိုပြီး ခုလို သေဒဏ်ချမှတ်တာဟာ တရားပါသလား။ ဖြစ်ရော ဖြစ်သင့်ပါသလား။

အာဏာရှင်အစိုးရ ဆိုသူတွေကတော့ သူတို့အာဏာစက်ကို ထိပါးတာနဲ့ အပြတ်ရှင်းတဲ့ အပြစ်ဒဏ်ပဲ ပေးခဲ့တာကို ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်း စာမျက်နှာတွေမှာ ဖတ်မှတ်ခဲ့ရဖူးလှပါပြီ။

ဒီလို ပြစ်ဒဏ်စီရင်မှုမျိုးကို ယဉ်ကျေးပါတယ်ဆိုတဲ့ လူ့အဖွဲ့အစည်းတွေက လက်သင့်ခံနေကြမှာပါလား။ သူ့နိုင်ငံရဲ့ အချုပ်အခြာအာဏာအရပဲ ဆိုပြီး မျက်စိ စုံမှိတ်နေကြမှာပါလား။ အဲဒီလိုဆိုရင်ရော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ပဋိညာဉ်စာတမ်းနဲ့ ကြေညာစာတမ်းနဲ့ ကိုက်ညီပါရဲ့လား။ အသေအချာ စဉ်းစားပြီးမှ ခေါင်းညိတ် ခေါင်းခါ၊ ထောက်ခံ ကန့်ကွက် လုပ်ရမယ့်ကိစ္စ ဖြစ်တယ်လို့ ထင်ပါတယ်။

ခုတော့ အီရတ်နိုင်ငံ တရားရုံးတခုက အပြစ်မရှိတဲ့ ငယ်ရွယ်သူ အများစု ကလေးမိခင် ၄၀ လောက်ကို သေဒဏ်ဆိုတဲ့ အမြင့်ဆုံးပြစ်ဒဏ်ကို ချမှတ်ခဲ့ပါပြီ။ နိုင်ငံတကာက ဘယ်လိုသဘောထားပါသလဲ။ သူ့နိုင်ငံနဲ့ သူ့အချုပ်အခြာအာဏာအောက်မှာပဲ ဘာတတ်နိုင်မှာလဲဆိုပြီး သဘောတူ ခေါင်းညိတ်ကြမှာလား။ ဒါမှမဟုတ် ဒါဟာ လူ့အခွင့်အရေးကို ကြီးကြီးမားမား ချိုးဖောက်မှုတခု ဖြစ်တယ်။ ကန့်ကွက်ဆန့်ကျင်မယ်။ ပြောမရ တားမရရင် အရေးယူမယ်လို့ ပြောဆိုတုံ့ပြန်ကြမှာပါလား။

ဒါပေမယ့် ဒီလို တရားမျှတမှုမရှိဘဲ ရက်ရက်စက်စက် ပြစ်ဒဏ်ချမှတ်ခဲ့တာဟာ အီရတ်နိုင်ငံမှာ ခုတကြိမ်တည်းတော့ မဟုတ်ပါဘူး။ အကြိမ်ပေါင်း များလှပြီလို့ ပြောရပါလိမ့်မယ်။ နိုင်ငံတကာက အထူးသဖြင့် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့အစည်းတွေက အထောက်အထားနဲ့ ထောက်ပြ ကန့်ကွက် ရှုတ်ချခဲ့၊ တားမြစ်ခဲ့တာလည်း အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ရှိခဲ့ပါပြီ။

ပြစ်ဒဏ်စီရင်ခံရသူတွေက သူတို့ဟာ သားကောင်ဖြစ်ခဲ့သူတွေပါလို့ ပြောဆို တောင်းပန်ခဲ့ပေမယ့် အီရတ်နိုင်ငံကတော့ သူ့နိုင်ငံထဲမှာ ၃ နှစ်လောက် နေရာယူ စိုးမိုးခဲ့တဲ့ ဂျီဟတ်ဝါဒီ အစ္စလာမ်အစွန်းရောက်အဖွဲ့ကို လက်တုံ့ပြန်တဲ့အနေနဲ့ ခုလို အဲဒီအဖွဲ့နဲ့ ပတ်သက်နေသူတွေကို ရက်ရက်စက်စက် ပြစ်ဒဏ်ချမှတ်တာ ဖြစ်တယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူ အတော်များများကတော့ အီရတ်တရားရုံးနဲ့ ဒေသခံတွေရဲ့ သနားကရုဏာကို မရကြသလောက်ပါပဲ။ သူတို့နိုင်ငံကို ၂၀၁၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ အစိတ်စိတ် အစုတ်စုတ်အပြတ်ပြတ်ဖြစ်အောင် လုပ်ခဲ့တဲ့ အဲဒီ စစ်သွေးကြွအဖွဲ့ဝင်တွေ ဖြစ်တဲ့ ခင်ပွန်းသည်တွေကို ကူညီခဲ့တဲ့ ဇနီးမယားတွေအဖြစ်သာ သူတို့ကို မုန်းတီးစက်ဆုပ်တာကို ခံခဲ့ကြရတာ ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံသူ ဂျန်မီလာ ဘိုတော်တောင် (၂၉-နှစ်) ကတော့ ပြီးခဲ့တဲ့လက တရားရုံးမှာ “ကျမက ရက်ပ်အဆိုတော် တယောက်ကို လက်ထပ်ခဲ့တာလို့ ထင်ခဲ့တာပါပဲရှင်။ ကျမတို့ တူရကီကို တပတ်ကြာ အားလပ်ရက်အဖြစ် ရောက်တော့မှ ကျမယောက်ျားဟာ ဂျီဟတ်ဝါဒီတယောက် ဖြစ်တယ်ဆိုတာ သိခဲ့ရတာပါ” လို့ လျှောက်လဲချက် ပေးခဲ့ပါတယ်။

သူက ဆက်ပြီး “ကျမက အီရတ်ကို သူနဲ့လိုက်ဖို့ ငြင်းတဲ့အခါကျတော့ ကျမကို ရိုက်နှက်ပြီး ကျမနဲ့ ကလေးတွေကို ကျောက်ဂူထဲမှာ သော့ခတ်ထားတာ ခံခဲ့ရပါတယ်ရှင်” လို့ သူ့မှာ အပြစ်မရှိကြောင်း တင်ပြလျှောက်လဲခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့အပတ်က တရားရုံးကို တခါ တခြား သူ့လို စွပ်စွဲဖမ်းဆီးခံထားရတဲ့ အမျိုးသမီး ၁၄ ယောက်နဲ့အတူ ရုံးထုတ်ခံခဲ့ရပြီး သူက သူ့သမီးကို သူနဲ့အတူထားဖို့ တောင်းဆိုခဲ့ပါတယ်။

သူဟာ အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ ခလာဖိတ်လို့ ခေါ်တဲ့ အစ္စလာမ် ဘာသာရေးအဖွဲ့တွေနဲ့ ပူးပေါင်းဖို့ ခရီးထွက်လာတဲ့ နိုင်ငံခြားသား ၄၀၀၀၀ လောက်အနက် ပြင်သစ်နိုင်ငံသား ၁၉၀၀ ထဲမှာ ပါလာသူတယောက် ဖြစ်တယ်လို့ သတင်းမီဒီယာတွေက ဆိုပါတယ်။

သူက “ကျမတော့ ဒီမှာ ရူးတော့မှာပါပဲရှင်၊ သေဒဏ် ဒါမှမဟုတ် ထောင်တသက်ကျနိုင်တဲ့ ပြစ်ဒဏ်နဲ့ ရင်ဆိုင်နေရတာပါ။ ဘယ်သူမှ ဘာမှ မပြောကြပါဘူး။ သံအမတ်ကြီးကလည်း ဘာမှမပြော။ ထောင်ထဲက လူတွေကလည်း ဘာမှမပြောကြပါဘူး။ ကျမသမီးကို သူတို့က ခေါ်မသွားပါစေနဲ့။ ကျမ မိဘတွေနဲ့ အဆက်အသွယ်ရအောင် လုပ်ပေးရင် ကျမ ပိုက်ဆံပေးပါမယ်။ ကျမကို ဒီနေရာက ခေါ်ထုတ်သွားကြပါရှင်” လို့ သနားစရာ ပြောဆိုခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

မီဒီယာ ဖော်ပြချက်တွေအရ သူ့လို ပြင်သစ်နိုင်ငံသူတွေသာမက အကြမ်းဖက်အုပ်စုနဲ့ ပတ်သက်တယ်ဆိုပြီး ထောင်ဒဏ်တသက် ချမှတ်ခံထားရတဲ့ ရုရှားနိုင်ငံသူ အမျိုးသမီးတွေလည်း ရှိပါတယ်။ အနည်းဆုံး အမျိုးသမီး ၄၀ ဟာ သေဒဏ်ချမှတ်ခံထားခဲ့ရပြီး ခုချိန်ထိ အိုင်အက်စ်တွေနဲ့ ပတ်သက်ဆက်နွှယ်မှု ရှိတယ်ဆိုပြီး သေဒဏ်စီရင်ခံခဲ့ရပြီးသူ ၃၀၀ ဝန်းကျင်လောက် ရှိပြီလို့လည်း ဆိုပါတယ်။

ခုချိန်မှာ အကြမ်းဖက်အုပ်စုဝင် ဒါမှမဟုတ် အကြမ်းဖက် တိုက်ခိုက်ရေးသမားတွေနဲ့ ဆွေမျိုးတော်စပ်တယ်ဆိုပြီး ဘဂ္ဂဒက်မြို့ အကျဉ်းထောင်တွေထဲမှာ အချုပ်အနှောင်ခံ ဘဝပျက်နေကြသူပေါင်း ၁၀၀၀ ကျော်လောက် ရှိနေတယ်လို့လည်း ဆိုပါတယ်။ သူတို့ထဲက အများစုဟာ အကြမ်းဖက်သမား ဖခင်တွေနဲ့ မွေးဖွားခဲ့တဲ့ ကလေးငယ်လေးတွေကို ကြည့်ရှုစောင့်ရှောက်ဖို့ တဦးတည်း ကျန်ရစ်ခဲ့တဲ့ မုဆိုးမ မိခင်တွေ ဖြစ်ကြပါတယ်။

လွန်ခဲ့တဲ့လကပဲ အကြမ်းဖက်အုပ်စုနဲ့ ဆက်သွယ် ထောက်ခံ ပံ့ပိုးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရုရှားအမျိုးသမီး ၁၉ ယောက်ကို ဘဂ္ဂဒက် တရားရုံးတခုက ထောင်ဒဏ်တသက် ပြစ်ဒဏ် ချမှတ်ခဲ့ပါသေးတယ်။

အိုင်အက်စ်တွေ စိုးမိုးထားတဲ့ မြို့တွေကို အီရတ်တပ်တွေက ပြန်လည်သိမ်းပိုက် ရယူပြီးတဲ့အချိန်မှာ မြို့တွေကနေ အိုင်အက်စ်အဖွဲ့ဝင်တွေ ဆိုပြီး အမျိုးသမီး ၁၀၀၀ ကျော်ကို ဖမ်းဆီးပြီး ဘဂ္ဂဒက်အကျဉ်းထောင်ထဲမှာ ချုပ်နှောင်ထားခဲ့ပါတယ်။

နိုင်ငံခြားသား တိုက်ခိုက်ရေးသမားတွေကို မုန်းတီးစက်ဆုပ်နေတဲ့ အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အနှိပ်အစက် အထုအထောင်းကို ခံရင်း ခုဆို ၄ နှစ်ကျော် ကာလကို ရောက်ရှိလာခဲ့ကြတဲ့ အဲဒီအမျိုးသမီးတွေနဲ့အတူ ကလေးငယ်လေးပေါင်း ၈၂၀ လောက် ပါလာခဲ့ပြီး တချို့က မွေးဖွားကြတော့မယ့် သားသည်မိခင်တွေလည်း ပါတယ်လို့ ဆိုပါတယ်။

အဲဒီ မုဆိုးမနဲ့ ကလေးမိခင်တွေဟာ အီရတ်တွေရဲ့ လက်စားချေလိုစိတ်နဲ့ ပစ်စလက်ခတ် အကျဉ်းချခံထားရတဲ့အချိန်မှာ အနေအထိုင် အစားအသောက် ဘယ်လောက် ဆင်းရဲပင်ပန်းလိုက်လေမလဲ ဆိုတာကတော့ ပြောစရာလိုမယ် မထင်ပါဘူး။ သူတို့နဲ့အတူပါလာတဲ့ ကလေးငယ်လေးတွေ ဆိုရင်တော့ တွေးတောင် မတွေးရဲတဲ့ အခြေအနေလို့ ဆိုရပါမယ်။

အထက်မှာတင်ပြခဲ့တဲ့ နိုင်ငံခြားသား ၄၀၀၀၀ လောက်ဟာ နိုင်ငံပေါင်း ၁၁၀ လောက်က ဆီးရီးယားနဲ့ အီရတ်နိုင်ငံထဲကို ဝင်ရောက်လာခဲ့ကြတာ ဖြစ်ပြီး တချို့ကလည်း သူတို့သဘောနဲ့သူတို့ အကြမ်းဖက်အုပ်စုနဲ့ ပူးပေါင်းခဲ့ကြသူတွေ၊ တချို့ကတော့ မသိလို့ အကြမ်းဖက်သမားတွေနဲ့ လက်ထပ်ခဲ့သူတွေလည်း ပါပါတယ်။ သူတို့ကို အီရတ်တရားရုံးက အကျဉ်းနည်းနဲ့ စစ်ဆေး စီရင်ချက်အချခံရတဲ့ အချိန်မှာလည်း သက်ဆိုင်ရာနိုင်ငံတွေက သံအရာရှိ စတဲ့ တာဝန်ရှိသူတွေ မတက်ရောက်ခဲ့ကြပါဘူး။ နိုင်ငံအများစုကတော့ အဲဒီ သူတို့နိုင်ငံသူတွေကို စွန့်ပစ်ထားတယ်လို့ပဲ ပြောရမှာပါပဲ။

သက်ဆိုင်ရာနိုင်ငံရဲ့ တရားစီရင်မှုကို ရင်ဆိုင်ရမှာပဲဆိုပြီး သဘောထားလိုက်ကြတာပါ။ ပြင်သစ်နိုင်ငံကတော့ တိုက်ခိုက် သေဆုံးသွားသူတွေရဲ့ ကျန်ခဲ့တဲ့ မိဘမဲ့ ကလေးတွေအပေါ် နည်းနည်း သဘောထားပျော့ပျောင်းမှု ရှိတယ်လို့ ဆိုပါတယ်။

အခုတင်ပြခဲ့တဲ့ သေဒဏ် ဒါမှမဟုတ် ထောင်တသက် ပြစ်ဒဏ်ချခံခဲ့ရတဲ့ အမျိုးသမီးတွေ၊ ပြစ်ဒဏ်ကျခံရဆဲဆဲ အမျိုးသမီးတွေဟာ အပြစ်ရှိသူတွေ ပါသလို အပြစ်မရှိသူတွေလည်း ပါပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် လူသားတွေ အထူးသဖြင့် မိန်းမသားတွေ ဖြစ်တဲ့အတွက် လူသားဆန်တဲ့ ပြုမူဆက်ဆံမှုနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရရှိခံစားသင့်ပါတယ်။ အဲဒီအတွက် သက်ဆိုင်ရာနိုင်ငံတွေက ကူညီ တောင်းဆိုပေးသင့် ထိန်းမတ်ပေးသင့်သလို ကုလသမဂ္ဂလို အဖွဲ့အစည်းမျိုးကလည်း အာရုံထား ကာကွယ်စောင့်ရှောက်မှု ပေးသင့်ပါကြောင်း။      ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013