
မြန်မာစစ်အုပ်စုအတွက် ဘဏ္ဍာငွေစီးဆင်းမှုကို ဆက်လက်ကူညီနေတဲ့ ဂျပန်ကုမ္ပဏီကြီးတွေကို ချက်ချင်းရပ်တန့်ဖို့ Justice For Myanmar နဲ့ Mekong Watch အပါအဝင် အဖွဲ့အစည်း ၇ ဖွဲ့က မတ် ၂၄ ရက်မှာ ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
ဂျပန်နိုင်ငံက Daiwa Institute of Research (DIR) နဲ့ Japan Exchange Group (JPX) တို့ဟာ မြန်မာစစ်တပ်နဲ့ ဆက်နွှယ်တဲ့ ကုမ္ပဏီတွေကို ရန်ပုံငွေရှာပေးတာ၊ စတော့ဈေးကွက်ထဲ ဝင်ရောက်နိုင်အောင် ကူညီပေးတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
အထူးသဖြင့် မြန်မာ့စီးပွားရေးဘဏ်နဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ ငွေချေးလက်မှတ် လဲလှယ်ရေး စနစ်တွေက စစ်အုပ်စုအတွက် အရေးကြီးတဲ့ ဝင်ငွေလမ်းကြောင်တခု ဖြစ်နေတယ်လို့ JFM ရဲ့ အစီရင်ခံစာက ဖော်ပြထားပါတယ်။
ဒါ့အပြင် ရန်ကုန်စတော့အိပ်ချိန်းကနေ တဆင့် စစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ ရန်ပုံငွေရှာနိုင်တဲ့ အခွင့်အလမ်းတွေ ဆက်လက်ရရှိနေတယ်လို့လည်း သုံးသပ်ထားပါတယ်။
စစ်အုပ်စုက လူထုအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေတဲ့အချိန်မှာ ဒီလို ဘဏ္ဍာရေး ပံ့ပိုးမှုတွေရှိနေတာဟာ လက်ခံနိုင်စရာမရှိတာကြောင့် နိုင်ငံတကာအနေနဲ့ ငွေကြေးစီးဆင်းမှု လမ်းကြောင်းတွေကို ချက်ချင်းဖြတ်တောက်ဖို့ လိုအပ်တယ်လို့ ထုတ်ပြန်တောင်းဆိုထားပါတယ်။
ဒါ့အပြင် နိုင်ငံတကာပိတ်ဆို့မှုတွေကို ကျော်ဖြတ်ပြီး မြန်မာစစ်တပ်ထံ လက်နက်နဲ့ ဒရုန်းအစိတ်အပိုင်းတွေ ပို့ဆောင်နေတဲ့ Synpex Shwe ကွန်ရက်ကို CAR နဲ့ Justice For Myanmar ရဲ့ အစီရင်ခံစာတွေမှာ ဖော်ထုတ်လိုက်ပါတယ်။
ဒီကွန်ရက်ဟာ ဂျပန်၊ ရုရှား၊ တူရကီ စတဲ့နိုင်ငံတွေကနေ မော်တာ၊ ရဟတ်ယာဉ်အစိတ်အပိုင်းတွေ၊ ဒရုန်းနည်းပညာပစ္စည်းတွေကို နာမည်ပြောင်းလဲပြီး တင်သွင်းကာ စစ်တပ်ကို ဆက်လက်ထောက်ပံ့နေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
အထူးသဖြင့် ဒရုန်းနဲ့ Mi-17 ရဟတ်ယာဉ်တွေမှာ အသုံးပြုတဲ့ အစိတ်အပိုင်းတွေကို ပံ့ပိုးနေမှုဟာ အရပ်သားတွေကို ထိခိုက်စေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ဖြစ်စေတဲ့ အချက်တခုလည်း ဖြစ်နေတယ်လို့ သုံးသပ်ထားပါတယ်။
ဒါကြောင့် နိုင်ငံတကာအနေနဲ့ ကုမ္ပဏီတခုချင်းမဟုတ်ဘဲ ကွန်ရက်တခုလုံးကို ပစ်မှတ်ထားပြီး ပိတ်ဆို့အရေးယူဖို့ လိုအပ်တယ်လို့ Justice For Myanmarက တိုက်တွန်းထားပါတယ်။










