
သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ မေလ ၂၆ ရက်နေ့ ညနေပိုင်းမှာ မိုးသက်လေပြင်းကျပြီး လူနေအိမ်တွေနဲ့ စာသင်ကျောင်းတွေ ပြိုကျပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကြို့ပင်ကောက်မြို့နယ် ညောင်ပင်မြင်းစီးကျေးရွာအုပ်စုအတွင်းရှိ ရေသိုးကျေးရွာ ကျင်စွယ်ကျေးရွာ မကျဉ်းပင်ကျေးရွာတို့မှာ အိမ်ခြေစုစုပေါင်း အလုံး ၂၀ နဲ့ မင်းအိုကျေးရွာအုပ်စုက ကျေးရွာမူလတန်းကျောင်းတကျောင်း ပြိုကျခဲ့တာပါ။
ကျေးရွာသား ကိုကျော်မင်းဦးက “မနေ့ကညနေ ၄ နာရီလောက်က မိုးတွေရွာ လေတွေ တိုက်တော့ ပြိုတဲ့အိမ်ကပြို၊ အမိုးလန်တဲ့အိမ်ကလန်နဲ့ အတော်ဒုက္ခရောက်တာပါ။ ညောင်တန်း ကျေးရွာက ဆင်းရဲတဲ့ရွာပါ။ မိုးတွင်းဆိုရေကြီးတာ အမြဲဖြစ်နေတာပါ။ စာသင်ကျောင်းကလည်း ဝါးကျောင်းလေးပါ။ အခု မိုးရွာလေတိုက်ပြီးပြိုတော့ ကျောင်းသားတွေ စာသင်ဖို့ ပိုအခက်အခဲ ဖြစ်ပါတယ်။ ဌာနဆိုင်ရာတွေတော့ ဒီမနက် လာကြည့်သွားတယ်။ ဘာလုပ်ပေးမယ်တော့ မသိသေးဘူး။ အချိန်မီ မပြုပြင်နိုင်ရင် ကျောင်းသား/သူတွေ စာသင်ဖို့နဲ့ ကျောင်းတက်ဖို့ အဆင်ပြေမှာ မဟုတ်ပါဘူး"လို့ပြောပါတယ်။
ညောင်တန်းကျေးရွာ မူလတန်းကျောင်းမှာ ကျောင်းသားကျောင်းသူ ၅၃ ဦးရှိပြီး စာသင်ကျောင်းကို အချိန်မီပြုပြင်ပေးဖို့ မျှော်လင့်နေကြပါတယ်။
သတင်း - မေသွယ်











