
တိုက်ကြီးမြို့နယ် ဥက္ကံမြို့ အရှေ့ဘက် ရှမ်းတကူဆိပ်ကျေးရွာမှာ ရန်ကုန်ဆိုင်ကယ် ချစ်သူများအဖွဲ့မှ မေလ ၂၇ ရက်နေ့က လူနာတင်ယာဉ်တစီး လာရောက်လှူဒါန်းခဲ့ပါတယ်။
ရန်ကုန်ဆိုင်ကယ်ချစ်သူများအဖွဲ့မှ အဆိုတော် ထူးအယ်လင်းက “ကျနော်တို့ ဆိုင်ကယ် ချစ်သူများအဖွဲ့မှာ ဒီရွာက အကိုတယောက်ပါတယ်။ သူနဲ့တိုင်ပင်ပြီး လွန်ခဲ့တဲ့ တလလောက်က ရွာအတွက် နာရေးကူညီမှု အဆောက်အဦနဲ့ လူနာတင်ယာဉ်လှူဖို့ စီစဉ်ခဲ့ပြီး ကျနော်တို့အဖွဲ့နဲ့ ၇ ရက်သားသမီးများက စုပေါင်းပြီး လှူဒါန်းခဲ့တာပါ။ ပြည့်နေတဲ့ နေရာတွေမှာ လှူတာထက် အခုလို တကယ်လိုအပ်တဲ့ နေရာတွေမှာ လှူရတာ ပိုပီတိဖြစ်ပါတယ်။ အရင်ကလည်း လိုအပ်တဲ့ နေရာတွေမှာ ဘုရားတည် ကျောင်းဆောက်လှူဒါန်းတာတွေ ရှိပါတယ်။ နောက်လည်း ကျနော်တို့ တကယ်လိုအပ်တဲ့ နေရာတွေမှာ ဆက်လှူသွားပါဦးမယ်။ တဦးတယောက်တည်း လှူတာထက် အခုလို လူအများက စုလှူတာဖြစ်တော့ လူပိုပီသတယ်လို့ ယူဆထားပါတယ်"လို့ပြောပါတယ်။
ကျေးရွာသားတဦးက “ကျနော်တို့ ကျေးရွာတွေမှာ အရင်က လမ်းပန်းဆက်သွယ်ရေး မကောင်းတော့ ကျန်းမာရေးတို့ ပညာရေးတို့ဆို မြို့ကိုရောက်ဖို့ ခက်ခဲပါတယ်။ အခုဆို လမ်းလည်း ကောင်းသွားပြီ၊ အလှူရှင်တွေက ကျန်းမာရေးအတွက် ကားလာလှူတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ကျနော်တို့ တရွာတည်းအတွက် မဟုတ်ပါဘူး။ တခြားရွာတွေအတွက်လည်း အဆင်ပြေသွားတော့ အလှူရှင်တွေကို ကျေးဇူးအရမ်းတင်ပါတယ်" လို့ ပြောပါတယ်။
သတင်း - မေသွယ်











