
ပလတ်စတစ်ညစ်ညမ်းမှုအကြောင်း အသိပေးလှုံ့ဆော်ပြီး ရန်ကုန်မြို့ထဲမှာ သန့်ရှင်းရေး လှုပ်ရှားမှုတခုကို ဇွန် ၂ ရက်နေ့ လုပ်သွားမယ်လို့ ပလတ်စတစ် တိုက်ဖျက်ရေးလုပ်ဆောင်နေတဲ့ သန့်မြန်မာအဖွဲ့က ဆိုပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မြန်မာနိုင်ငံအခြေစိုက် ဥရောပနိုင်ငံတွေက ကိုယ်စားလှယ်တွေ၊ ပြင်သစ်သံရုံး ရွှေတောင်အဖွဲ့၊ Trash Hero Myanmar တို့နဲ့ ပူးပေါင်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ဇွန်လ ၂ ရက်၊ နေ့လယ် ၁ နာရီခွဲအချိန် Junction City မှာ အနုပညာရှင် ဒွန်ရိုက်ရဲ့ ‘ညစ်ညမ်းမှုလှိုင်း’ ဆိုတဲ့ ပလတ်စတစ်ပုလင်းနဲ့ အိတ်တွေကိုပဲ သုံးထားတဲ့ အနုပညာကို တင်ဆက်ပြသမှာပါ။
ဒီဖန်တီးမှုက မြန်မာနိုင်ငံရဲ့ မြစ်တွေနဲ့ ပင်လယ်တွေကို ညစ်ညမ်းစေတဲ့ ပလတ်စတစ်အကြောင်း မီးမောင်းထိုးပြဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
ဒွန်ရိုက်က “ကျနော့်အနေနဲ့ ရန်ကုန်မြို့မှာ ၆ နှစ်တာ နေခဲ့ပြီးနောက် သတိထားမိတာက ဒီဒေသမှာရှိတဲ့ ပလတ်စတစ်ညစ်ညမ်းမှုတွေဟာ တနှစ်ထက် တနှစ် တိုးလာတာကိုပါပဲ။ ဒီဖန်တီးမှုမှာ ကျနော်တို့ရဲ့ ရေ အသုံးပြုရာနေရာတွေကို ညစ်ညမ်းမှု လှိုင်းတွေက ဘယ်လို စီးဆင်းလာပြီး ညစ်ညမ်းစေသလဲဆိုတာကို တင်ဆက်ထားပြီးတော့ မိမိတို့ရဲ့ မြစ်များ၊ ပင်လယ်များ သန့်ရှင်းစေရန်အတွက် ကျနော်တို့ရဲ့ ပလတ်စတစ်စွန့်ပစ်မှုကို လျှော့ချဖို့လည်း ပြသထားပါတယ်” လို့ ပြောပါတယ်။
အဲဒီနောက် Junction City ရဲ့ ဝင်ပေါက်မှာ လူစုပြီး ရွှေတိဂုံဘုရားလမ်းနဲ့ ဗိုလ်တထောင် ဆိပ်ကမ်းကြားက လမ်းတွေမှာ တတ်နိုင်သလောက် သန့်ရှင်းရေး လုပ်ကြမှာဖြစ်ပြိး အချိန် ရသလောက် ပါဝင်သွားဖို့လည်း သန့်မြန်မာက နှိုးဆော်ထားပါတယ်။
လာမယ့် ဇွန်လ ၅ ရက်နေ့ဟာ ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ထုတ်ခြင်း (Beat Plastic Pollution) အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဖြစ်ပါတယ်။











