
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့မှာ မေ ၂၆ ရက် ညနေ ၅ နာရီခွဲက မိလ္လာကျင်းတူးရာမှ ဒုတိယကမ္ဘာစစ်လက်ကျန် အမြောက်ကျည်ဆန် ထိပ်ဖူးတခု တွေ့ရှိခဲ့တယ် လို့ မြို့မစခန်းမှူးက ပြောပါတယ်။
ညောင်လေးပင်မြို့ မြို့မ ၅ ရပ်ကွက်ဘုရားလေးလမ်းနေ ဦးတင်ဝင်းဦး နေအိမ်ခြံဝင်း အတွင်း မိလ္လာကျင်းတူးရာမှ မြေကြီးအနက် တပေပတ်လယ်လောက်မှာ အရှည် ၁၅ လက်မ၊ လုံးပတ် ၃ လက်မလောက်ရှိတဲ့ အမြောက်ကျည်ဆန်ထိပ်ဖူးတလုံး တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
မြို့မရဲစခန်းမှူး ဒုရဲမှူးဌေးဝင်းက “ကျေနာ် နယ်မြေခံတပ်ရင်းကို အကြောင်းကြားပြီး တွေ့ရှိခဲ့တဲ့နေရာကို သွားရောက်စစ်ဆေးခဲ့ပါတယ်။ နယ်မြေခံတပ်က ပြောတာကတော့ ဒုတိယ ကမ္ဘာစစ်က အမြောက်ကျည်ဆန်ထိပ်ဖူးသာဖြစ်တယ်၊ အန္တရယ်မရှိဘူးလို့ သုံးသပ်ပြောဆိုတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။
အဆိုပါ အမြောက်ကျည်ဆန်ထိပ်ဖူးကို နယ်မြေခံတပ်ရင်း ဖြစ်တဲ့ ခမရ ၂၀ က လာရောက်စစ်ဆေးပြီး သိမ်းဆည်းသွားခဲ့တယ်လို့ သိရပါတယ်။
သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်











