
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ်မှာ ဆီတင်ရေယာဉ် ၁ စီးနဲ့ ငါးဖမ်းစက်လှေ ၁ စီး မီးလောင်မှု မေလ ၂၅ ရက်နေ့မှာ ဖြစ်ပွားခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မေလ ၂၅ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်က တာချီလိတ်မြို့နယ်၊ လွန်းကျိုင်းကျေးရွာနဲ့ ခုတ်ဝ ကျေးရွာကြား ဘုရားလေးရေဆိပ်အနီး မဲခေါင်မြစ်မြန်မာဘက်ကမ်း ရွှေတြိဂံပါရာဒိုက် ဟိုတယ်ရှေ့ မဲခေါင်မြစ် အတွင်း ရေလယ်ကျွန်းမှာ ဆိုက်ကပ်ထားတဲ့ ဆီတင်ရေယာဉ်နဲ့ ငါးဖမ်းစက်လှေတို့ မီးလောင်ကျွမ်းခဲ့တာပါ။
ပိုင်ရှင်(စိစစ်ဆဲ)အလျား ၁၂၀ ပေ၊ အနံ၂၀ ပေ၊ ရေစူး ၃ ပေ ခန့်ရှိ ဆီတင်ရေယာဉ် ၁ စီးနဲ့အတူ ချည်နှောင်ထားတဲ့ အလျား ၂၀ ပေ၊အနံ ၆ ပေ၊ ရေစူး ၃ ပေခန့်ရှိ ငါးဖမ်းစက်လှေရဲ့ စက်ခန်းမှ မီးစတင်လောင်ကျွမ်းပြီး ဆီတင်ရေယာဉ်ကို ကူးစက်ခဲ့တာပါ။
ဆီတင်ရေယာဉ်နဲ့ ငါးဖမ်းစက်လှေပေါ်မှာ ပဲ့နင်း ဦးစိုင်းစီ (၄၀)နှစ် အပါအ၀င် လှေသား ၃ ဦး ပါရှိခဲ့ပြီး ရေယာဉ် ၂ စီးကို မီးငြှိမ်းသတ်နေစဉ် ကမ်းခြေမှာ ချည်နှောင်ထားတဲ့ ကြိုးတွေ ပြတ်တောက်ကာ မဲခေါင်မြစ်အတိုင်း အောက်ဘက်ကို ရေစီးနဲ့ မျောပါသွားပြီး နတ်တောကြီးအရှေ့ ရေပြင်မှာ သောင်တင်ပြီး မီးဆက်လက်လောင်ကျွမ်းခဲ့ပါတယ်။
ရေကြောင်းရဲတပ်ဖွဲ့ (ဝမ်ပုံ)မှ စက်လှေတွေပေါ်ပါသွားတဲ့ ပဲ့နင်းနဲ့ လှေသား ၃ ဦးကို ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်နေပြီး ရေယာဉ်ငယ် ၂ စီးနဲ့ မီးငြှိမ်းသတ်ခဲ့ရာ ၁၁ နာရီ ၅၅ မိနစ်မှာ မီးငြိမ်းသွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။











