DVB Logo
Home
မေးမြန်းခန်း
ရခိုင်ပြည်နယ်တွင်းက ဘင်္ဂါလီတွေကို တတိယနိုင်ငံပို့ရေး ရခိုင်ပါတီတင်ပြ
DVB
·
June 27, 2012
ရခိုင်ပြည်နယ်တွင်းက ဘင်္ဂါလီတွေကို တတိယနိုင်ငံပို့ရေး ရခိုင်ပါတီတင်ပြ
Donate to DVB

ရခိုင်ပြည်နယ်ထဲက ဘင်္ဂါလီ လူမျိုးတွေကို ရခိုင် လူမျိုးတွေနဲ့ နီးကပ်မှု မရှိအောင် သင့်တော်ရာမှာ ယာယီနေရာချထားရေးနဲ့ သူတို့တတွေကို တတိယနိုင်ငံတွေဆီ ရွှေ့ပြောင်းနေထိုင်ရေးကို လိုလားတယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ကြေညာလိုက်ပါတယ်။

 

ဇွန် ၂၆ ရက်နေ့ထုတ် ပါတီသဘောထား ကြေညာချက်မှာ ဖော်ပြခဲ့တာဖြစ်ပြီး အဲဒါတွေကတော့ ရခိုင်ပြည်နယ်တွင်းက ရခိုင်ပြည်သူတွေ  လတ်တလော လုံခြုံမှုအတွက် အစိုးရနဲ့ ရခိုင်ပြည်သူတို့ ပူးပေါင်းပြီး လုံခြုံရေးအစီအစဉ်တွေ ချမှတ်လုပ်ဆောင်ဖို့၊ ရခိုင်ပြည်နယ်တွင်းရှိမြို့ရွာတွေမှာ ရခိုင်လူမျိုးများနှင့် ဘင်္ဂါလီလူမျိုးတွေ နီးနီးကပ်ကပ် ရောနှောနေထိုင်မှု မရှိရအောင် ဘင်္ဂါလီလူမျိုးများအား သင့်တော်ရာမှာ ယာယီသီးခြားနေရာချထားဖို့၊ ဘင်္ဂါလီဝင်ရောက်မှုကို ဟန့်တားရေးအတွက် ပြည်ထောင်စုတိုင်းရင်းသားအားလုံးက ၀ိုင်းဝန်းပါဝင် ဆောင်ရွက်ဖို့၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာမှ ညှိနှိုင်းမှုရယူပြီး မြန်မာနိုင်ငံသားမဟုတ်တဲ့ ဘင်္ဂါလီတွေကို ကာလတိုတခုသတ်မှတ်ပြီး တတိယနိုင်ငံတွေဆီကို ရွှေ့ပြောင်း နေထိုင်သွားစေဖို့ ဆိုတာတွေ ဖြစ်ပါတယ်။

ပါတီရဲ့ ကြေညာချက်မှာ ဘင်္ဂါလီလူမျိုးတွေဟာ ခေတ်အဆက်ဆက် တရားမ၀င် နည်းလမ်းတွေနဲ့ ရခိုင်ပြည်တွင်းကို ၀င်ရောက်နေထိုင်ရာမှာ လက်ရှိဘင်္ဂါလီဦးရေဟာ ရခိုင်ပြည်သူနဲ့ ကျန်တိုင်းရင်းသားတွေအတွက် အထူးစိုးရိမ်ရတဲ့ အခြေအနေဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

မြန်မာနိုင်ငံသားတွေနဲ့ ဘဂါင်္လီလူမျိုးတွေအကြား ၁၉၄၂  ခုနှစ် အဓိကရုဏ်း နောက်ပိုင်း ၁၉၈၈၊ ၁၉၉၆ နဲ့ ၂၀၀၀ ခုနှစ်တွေမှာလည်း ထပ်ဖြစ်ခဲ့ပေမယ့် ၂၀၁၂ အဖြစ်အပျက်ဟာ တနိုင်ငံလုံးရဲ့ အမျိုးသားအကျိုးစီးပွားကိုပါ ထိပါးတဲ့ အခြေအနေရောက်ပြီလို့ ရှုမြင်တဲ့အကြောင်း ဖော်ပြထားပါတယ်။

ရခိုင်ပြည်သူတရပ်လုံးရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုနဲ့ တနိုင်ငံလုံးရဲ့ လုံခြုံရေးအတွက် အပြီးသတ်အဖြေထုတ် ဖြေရှင်းဖို့ လိုအပ်တယ်လို့ ပါတီက ရှုမြင်တဲ့ အကြောင်း  ကြေညာချက် က ဖော်ပြထားပြီး ဒီအမျိုးသားရေးဆိုင်ရာ အခက်အခဲကို တိုင်းရင်းသားပြည်သူတရပ်လုံးက ၀ိုင်းဖြေရှင်းကြဖို့ လိုတယ်လို့ တိုက်တွန်းထားပါတယ်။

ဒီကြေညာချက်နဲ့ ပတ်သက်လို့ ပါတီအတွင်းရေးမှူး ဦးခိုင်ပြည်စိုးကို မေးထားပါတယ်။

ကြေညာချက်က အဓိက ၂ ချက်ပဲတွေ့တယ်။ ရခိုင်ပြည်နယ်ထဲမှာ ရခိုင်နဲ့ ဘင်္ဂါလီတွေနဲ့ အတူထားလို့ မရတော့ဘူး၊ ယာယီ သူတို့ကို နေရာချထားပြီး တတိယနိုင်ငံပို့ရေးဆိုတဲ့ ၂ ချက်တွေ့ တယ်။ ကြေညာချက်နဲ့ ပတ်သက်လို့ ပါတီက ဘယ်လိုမျိုး သဘောထား ထွက်လာလဲ ဆိုတာကို ပြောပြပါလား။

“ဒီသဘောထားနဲ့ ပတ်သက်လို့ ကျနော်တို့ ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပြဿနာတွေကိုလည်း အဲဒီမှာ ဖော်ပြထားတယ်။ အဲဒီပြဿနာထဲမှာ. ဒီနေ့ဖြစ်တဲ့ ပြဿနာက အဆိုးဝါးဆုံး ပြဿနာလို့ ကျနော်တို့မြင်တယ်။ အဲဒီတော့ အဆိုးဝါးဆုံး ပြဿနာဖြစ်တဲ့ အတွက်ကြောင့် နီးနီးစပ်စပ် ထားလို့ရှိရင် ဒီထက်ပိုပြီး ဆိုးဝါးလာနိုင်တယ်။ ဒီအခြေအနေကို နဂိုက ရှိနေပြီးဖြစ်တဲ့ အခြေအနေ တရပ်ကို ပြန်ရောက် လာနိုင်စရာ အကြောင်း မရှိတော့ဘူးလို့ ကျနော်တို့က သုံးသပ်တယ်။ အဲဒီလိုမြင်တဲ့အတွက် ကျနော်တို့က ဒီနေ့ပြည်သူလူထုရဲ့ သဘောထား၊ ရဟန်းသံဃာတော်တွေရဲ့ သဘောထားတွေကို အခြေခံပြီးတော့ ကျနော်တို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ပြည်သူတွေနဲ့ ရဟန်းသံဃာတော်တွေကို တသားတည်းကျအောင် ကျနော်တို့ သဘောထားကို ထုတ်ပြန်ရတာပါ။”

ရခိုင်ပြည်နယ်ထဲမှာ ရောက်နေတဲ့. ဥပမာ ရိုဟင်ဂျာပဲဖြစ်ဖြစ်၊ ဘင်္ဂါလီလည်းခေါ်တယ်။ ရခိုင်ထဲမှာ ဖြစ်ပြီးတော့ ပဋိပက္ခဖြစ်တယ်၊ အကြမ်းဖက်မှုတွေဖြစ်တယ်၊ ထိခိုက်မှုတွေဖြစ်ပြီးတော့ ဆက်ကူးပြီး ဘင်္ဂလားဘက်သွားရင် ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း ဒါက မြန်မာပြည်သားတွေ လို့ ပြောတယ်။ သူတို့လည်း လက်မခံဘူးဆိုတော့ ဒီလူတွေက ဘယ်မှာသွားနေမလဲ။

“နိုင်ငံတကာ အမြင်တွေနဲ့ နိုင်ငံတကာက ကုလသမဂ္ဂ အဖွဲ့အစည်းတွေကနေ ဒီကိစ္စတွေကို ၂ ဦး၊ ၂ ဖက် နိုင်ငံတွေနဲ့ ပူးပေါင်းပြီးတော့ ဖြေရှင်းပေးရမယ့် ကိစ္စဖြစ်တယ်။ ဘာလို့လဲဆိုတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကလည်း သူတို့နိုင်ငံသား မဟုတ်ဘူး။ မြန်မာနိုင်ငံကလည်း မြန်မာနိုင်ငံက မဟုတ်ဘူးဆိုတဲ့ အချက်တွေမှာ အခြေခံ ဇစ်မြစ်က ဘယ်ကဆင်းသက်လာလဲဆိုတာကို သိဖို့လိုတယ်။ ဥပမာ ရခိုင်တွေက ထိုင်းနိုင်ငံမှာ နေနေကြတယ်။ ဘာပဲဖြစ်ဖြစ် ဒီရခိုင်တွေ ထိုင်းနိုင်ငံမှာပဲ နေနေ၊ အိန္ဒိယမှာပဲနေနေ၊ အမေရိကန်မှာပဲ နေနေ၊ ဒီဟာက ရခိုင်ပြည်နယ်က ပေါက်ဖွားလာတဲ့လူတွေ။ အဲဒီတော့ အဲဒီလူတွေက တဖက်နိုင်ငံမှာ နိုင်ငံသား ဖြစ်ပိုင်ခွင့် ဥပဒေအရ နိုင်ငံသား ဖြစ်နေပြီ ဆိုလို့ရှိရင် တမျိုးပေါ့။ နေ့စဉ်နဲ့ အမျှ ခိုးဝင်နေတဲ့ ဘင်္ဂါလီတွေက ကျနော်တို့ဆီမှာက သိန်းနဲ့သန်းနဲ့ချီပြီး ရှိနေတယ်။ ဒါတွေက နိုင်ငံသား စိစစ်ရေး ကတ်ပြားလည်း မရှိဘူး။ နိုင်ငံသားအနေနဲ့လည်း အခု ဒီမှာထားလို့မရဘူး ဆိုတဲ့အခါမှာ မြန်မာနိုင်ငံအနေနဲ့ ကျနော်တို့ မြန်မာနိုင်ငံက မဟုတ်ဘူးဆိုတာ အခိုင်အမာ ပြောနိုင်ပါတယ်။”

ရခိုင်နဲ့ ဘင်္ဂါလီနဲ့ လုံးဝကို ပြန်ပြီးညှိနှိုင်းလို့ မရတော့ဘူးလား။ ဘာသာရေး ခေါင်းဆောင်တွေလည်း မရတော့ဘူး။ လူမှုရေး ခေါင်းဆောင်တွေလည်း မရတော့ဘူး။ အစိုးရကကော ညှိလို့မရတော့ဘူးလား။

“ကျနော်တို့ အမြင်ကတော့ လောလောဆယ် ညှိနှိုင်းလို့ ရနိုင်မယ့်အနေအထား မရှိနိုင်ဘူးလို့ တွက်တယ်။ ဘာလို့လဲဆိုတော့ ရခိုင်တွေက စလိုက်တဲ့ပြဿနာ မဟုတ်ဘူး။ ပြဿနာကိုက သမားရိုးကျဖြစ်တဲ့ ပြဿနာမဟုတ်ဘူး၊ ဥပမာ ကုလား ၁၀ ယောက်နဲ့ ရခိုင် ၁၀ ယောက်နဲ့ ခုတ်သေကြတယ်ဆိုရင် ဒါက ညှိနှိုင်းလို့ရတယ်။ နောက်တခါ ရခိုင်အယောက် ၁၀၀ နဲ့ ကုလား အယောက် ၁၀၀၊ တရွာနဲ့ တရွာ ပဋိပက္ခ ဖြစ်တာမျိုးဆိုရင် ညှိနှိုင်းလို့ရနိုင်တယ်လေ။ သူတို့ရဲ့ ကြေညာချက်တွေတချို့ကို ကျနော်တို့လည်း ဖတ်ရတယ်။ သူတို့ရဲ့ ပြောဆိုသံကိုလည်း ကျနော်တို့ ကြားရတဲ့အခါမှာ သူတို့က ရခိုင်ဒေသကို၊ သူတို့က အဓိက ပိုင်နက်နယ်မြေ တခုအနေနဲ့ လုပ်ဖို့ကြံစည်တဲ့ ရည်ရွယ်ချက်ဗျ။ အဲဒါကြောင့် ဒီရည်ရွယ်ချက်မှာ ဘယ်လိုမှ ညှိနှိုင်းလို့ရစရာ အကြောင်းမရှိဘူးလို့ ကျနော်တို့က အဲဒီလိုပဲ ဆိုချင်တယ်။”

အခုရည်ရွယ်ချက်အတိုင်း ဒီလူတွေကို ခွဲထားမယ်၊ ခွဲထားပြီး တတိယနိုင်ငံတွေကို ကုလသမဂ္ဂတို့က ပို့ခွင့်ရပြီဆိုပါစို့၊ ဘူးသီးတောင် မောင်တော တ၀ိုက်မှာ တဖက်နိုင်ငံနဲ့ နီးစပ်နေတယ်ဆိုတော့ ထပ်ဝင်လာရင်၊ ဒါမှမဟုတ်၊ နိုင်ငံသားအဖြစ် ရှိပြီးသားလူတွေက ဘယ်လိုလုပ်မလဲ။

“နိုင်ငံသားအဖြစ် ရှိပြီးသားလူတွေက တပိုင်းပေါ့၊ ဒီမှာရှိတဲ့လူတွေက ၁၀၀ မှာ ၇၅ ယောက်လောက်၊ ၉၀ လောက်က နိုင်ငံသား လက်မှတ်ကိုင်ဆောင်ထားတဲ့သူတွေ မဟုတ်ဘူး။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013