DVB Logo
Home
မြန်မာသတင်း
ယာယီတဲစခန်းနေ ဟိန္ဒူကလေး ၃၀၀ ကျော် ပညာသင်ကြားခွင့်ရရေး မျှော်လင့်
DVB
·
May 26, 2018
ယာယီတဲစခန်းနေ ဟိန္ဒူကလေး ၃၀၀ ကျော် ပညာသင်ကြားခွင့်ရရေး မျှော်လင့်
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့ ထွေအုပ်ရုံးအနီး တန်းလျားနဲ့ ယာယီတဲစခန်းမှာ နေထိုင်ကြတဲ့ ဟိန္ဒူကလေး ၃၀၀ ကျော်ဟာ ပညာသင်ကြားခွင့် ဆုံးရှုံးနေပြီး လာမယ့်မိုးရာသီမှာ ပညာသင့်ခွင့်ရဖို့ မျှော်လင့်နေကြပါတယ်။

အခုလက်ရှိအချိန်မှာ အဲ့ဒီယာယီတဲစခန်းမှာနေတဲ့ ကလေးတွေရဲ့ ပညာရေးဟာ ဆုံးရှုံးနေကြရတယ်လို့ စခန်းတာဝန်ရှိသူတွေဖြစ်ကြတဲ့ ဦးနီးမော်လ်ကပြောပါတယ်။

“လောလောဆယ်တော့ ကျနော်တို့ ဒီစခန်းကပဲ စာတတ်ပေတတ်တဲ့သူတွေကို ခေါ်ပြီးသင်ရမလားလို့ပါ။ ဒီမှာက ကလေးတွေ ပညာရေးတွေ ဆုံးရှုံးနကြတယ်။ အမိုးအကာတွေက မလုံလို့ ပြင်လည်ပြုပြင်ဖို့ လုပ်နေကြတယ်။ သက်ဆိုင်ရာကတော့ ကလေးတွေအတွက် ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုတာ ဘာမှတော့ မပြောဘူး။”

ပြည်နယ်ပညာရေးဌာနအနေနဲ့ ခွဲခြားဆက်ဆံတာတွေ မရှိသလို ကျောင်းဝတ်စုံနဲ့ ကျောင်းစာအုပ်တွေပါ အခမဲ့ပေးထားတယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှကပြောပါတယ်။

“ရခိုင်ပြည်နယ်ပညာရေးဌာနက ခွဲခြားဆက်ဆံတာတွေမရှိပါဘူး။ သူတို့တက်ဖို့အတွက် မူလွန် ၁၊ ၂ ရှိတယ်။ ကျောင်းရှိတဲ့နေရာမှာပဲ သူတို့အတွက် စခန်းချပေးထားတာပါ။ တက်၏ မတက်၏ကတော့ သူတို့အပိုင်းပေါ့လေ။ ဆရာကြီးတို့ဘက်တော့ ကျောင်းဝတ်စုံလား၊ စာအုပ်လား အခမဲ့ပေးပြီးသားပါ။”

လက်ရှိ မောင်တော ဟိန္ဒူကယ်ဆယ်ရေးတဲ့စခန်းမှာတော့ တန်းလျားနဲ့နေထိုင်ကြတာ ဖြစ်ပြီး တန်းလျှား ၁၅ ခုရှိပါတယ်။ ဒါ့အပြင် အဲ့ဒီတဲစခန်းမှာ ဆေးပေးခန်းတွေမရှိတဲ့အတွက် အခက်အခဲဖြစ်နေကြတယ်လို့ မောင်တောကယ်ဆယ်ရေးစခန်းက ဟိန္ဒူခေါင်းဆောင် ဦးမောင်က ပြောပါတယ်။

“ဒီမှာက ဆေးပေးခန်းတွေမရှိဘူး။ နေမကောင်းဖြစ်ရင်တောင် ဆေးရုံသွားပြဖို့ ပိုက်ဆံကမရှိ။ တော်တော်လေးကို ဒုက္ခရောက်နေကြရတယ်”လို့ပြောပါတယ်။

၂၀၁၇ သြဂုတ်လ ၂၅ ရက် ARSA အကြမ်းဖက်သမားတွေရဲ့ ဘေးရန်ကြောင့် စစ်တွေမြို့ ဓညဝတီ အားကစားကွင်းမှာ ဟိန္ဒူတွေ ထောင်နဲ့ချီ ခိုလှုံနေထိုင်ခဲ့ကြတာဖြစ်ပြီး အဲ့ဒီကနေ့တဆင့် အစိုးရအစီအစဉ်နဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်က မောင်တောဒေသကို အားလုံးအပြီး ထွက်ခွာသွားခဲ့ကြတာဖြစ်ပါတယ်။

မောင်တောမြို့ ထွေအုပ်ရုံးအနီး တန်းလျှားတဲစခန်းတွေမှာ နေထိုင်ကြတဲ့ ဟိန္ဒူတွေ ကတော့ လှတောကျေးရွာ၊ ၄ မိုင်၊ ရွှေးစားကျေးရွာ၊ ကြိမ်ချောင်းကျေးရွာ၊ အင်းဒင်၊ ကျောက်ပန်းတူ၊ တွေအပါအဝင် နေရာအသီးသီးက ဟိန္ဒူတွေ ၁၀၀၀ ကျော်နေထိုင်ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013