DVB Logo
Home
မြန်မာသတင်း
သက်ငယ်မုဒိမ်းကျင့် သတ်ဖြတ်မှုများကို မလွဲမသွေသေဒဏ်ချမည်ဟု တရားလွှတ်တော်ချုပ်ပြော
DVB
·
May 26, 2018
သက်ငယ်မုဒိမ်းကျင့် သတ်ဖြတ်မှုများကို မလွဲမသွေသေဒဏ်ချမည်ဟု တရားလွှတ်တော်ချုပ်ပြော
Donate to DVB

အရွယ်မရောက်သေးသူတွေအပေါ် ကျူးလွန်တဲ့ မုဒိမ်းမှုတွေကို ခရိုင်တရားရုံးက စစ်ဖို့ ညွှန်ကြားထားပြီး မုဒိမ်းကျင့် သတ်ဖြတ်တယ်ဆိုရင်တော့ သေဒဏ်ကို မလွဲမသွေ ချမှတ်ရမယ်လို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးသာဌေးက ပြောပါတယ်။

မနေ့က ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ကိုယ်စားလှယ်တွေက မေးမြန်းတာကို ဖြေကြားခဲ့တာပါ။

အုတ်တွင်းမဲဆန္ဒနယ် ကိုယ်စားလှယ် ဒေါ်ချိုချိုက သက်ငယ် မုဒိမ်းဖြစ်ပွားနေတာကို လျော့နည်း ပပျောက်အောင် ဆောင်ရွက်ဖို့ အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပြီး မရမ်းကုန်းမဲဆန္ဒနယ်က ကိုယ်စားလှယ် ဒေါက်တာဒေါ်မေဝင်းမြင့်က သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို ထိရောက် ပြင်းထန်ပြီး အမြန်ဆုံး အပြစ်ပေးနိုင်ရေးနဲ့ သက်ငယ်မုဒိမ်းမှု လျော့ကျရေး ဘယ်လို အစီအစဉ်တွေနဲ့ အရေးယူနေတာကို သိလိုတယ်လို့ မေးမြန်းခဲ့တာပါ။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးသာဌေးက မုဒိမ်းမှုနဲ့ ပတ်သက်ပြီး ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ ပြစ်မှုကျူးလွန်တဲ့ တရားခံကို ထောင်ဒဏ် အနှစ် ၂၀ ထိဖြစ်စေ၊ ၁၀ နှစ်ထိ ထောင်ဒဏ်ဖြစ်စေ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် တရားခံက အရွယ်မရောက်သေးသူ ကလေးသူငယ်ကိုဖြစ်စေ၊ အရွယ်ရောက်ပြီးသူကို ဖြစ်စေ မုဒိမ်းပြုကျင့်ပြီး မုဒိမ်းပြုကျင့်ခံရသူကို သတ်ဖြတ်ခဲ့တယ်ဆိုရင်တော့ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁) (ဂ) အရ သေဒဏ်ကလွဲလို့ တခြားပြစ်ဒဏ်တွေ မချမှတ်နိုင်တော့တာကြောင့် သေဒဏ်ကိုပဲ မလွဲမသေ ချမှတ်မယ်လို့ ပြောပါတယ်။

ပြီးတော့ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုများလာတာကို တွေ့ရလို့ အဲဒီအမှုတွေကို (ပြစ်ဒဏ်အမြင့်တွေ ချမှတ်နိုင်တဲ့) ခရိုင်တရားရုံးက လက်ခံစစ်ဆေးဖို့ ညွှန်ကြားထားတယ်လို့လည်း ပြောပါတယ်။

ဒါကြောင့် အရွယ်မရောက်သေးသူ ကလေးသူငယ်အပေါ် ကျူးလွန်တဲ့ သက်ငယ်မုဒိမ်းမှုတွေကို ဥပဒေအရ ခွင့်ပြုတဲ့ ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်ပြီး မုဒိမ်းမှုတွေ လျော့နည်း ပပျောက်စေဖို့ တရားရုံးက ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးကလည်း သက်ငယ်မုဒိမ်းမှုတွေ အပါအဝင် မုဒိမ်းမှုတွေ လျော့နည်းကျဆင်းရေးအတွက် ကြိုတင်ကာကွယ်ရေး အရေးယူမှုအနေနဲ့ ညစ်ညမ်းရုပ်ရှင်ပြသတာ၊ ရောင်းချတာတွေကို ဥပဒေနဲ့ အညီ ဝင်ရောက်ရှာဖွေဖမ်းဆီးတာ၊  လိုင်စင်မဲ့ အရက်ချက် လုပ်ရောင်းချသူ၊ မူးယစ်ဆေးဝါးရောင်းဝယ်သူနဲ့ သုံးစွဲသူတွေ ဖော်ထုတ်အရေးယူတာ၊ မိန်းကလေးငယ်တွေကို ကာအိနြေ္ဒပျက်ပြားအောင် ထိခိုက်နှောင့်ယှက်သူတွေကို ဥပဒေအရ အရေးယူတာ၊ ခွင့်ပြုချက်မရှိတဲ့ လိင်ပိုင်းဆိုင်ရာဆေးဝါးတွေ ရောင်းချတာကို ဥပဒေနဲ့အညီ ဖော်ထုတ်ဖမ်းဆီး အရေးယူတာတွေကို လုပ်နေတယ်လို့လည်း ပြောပါတယ်။

ပြီးတော့ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ဧပြီလအထိ သက်ငယ်မုဒိမ်းမှု စုစုပေါင်း ၁၉၀၀ ကျော် ဖြစ်ခဲ့ပြီး  နှစ်အလိုက် ပိုတိုးလာတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013