DVB Logo
Home
မြန်မာသတင်း
ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားကူညီရေးအဖွဲ့ကို လူအုပ်စုက ဝိုင်းဝန်းရိုက်နှက်
DVB
·
May 25, 2018
ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားကူညီရေးအဖွဲ့ကို လူအုပ်စုက ဝိုင်းဝန်းရိုက်နှက်
Donate to DVB

ထိုင်းနိုင်ငံရောက် အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ မဟာချိုင်အခြေစိုက် အေအေစီ မဟာမိတ်အဖွဲ့ဟာ မနေ့ညနေပိုင်းက ဖစ်ခ်ျပူရီခရိုင် ဖစ်ခ်ျပူရီမြို့ကို သွားရောက်စဉ်  အင်အား ၂၀ လောက်ရှိတဲ့ လူတစ်အုပ်ရဲ့ ၀ိုင်ဝန်းရိုက်နှက်တာ ခံခဲ့ရပါတယ်။

သူတို့အဖွဲ့ဟာ နောက်လကျရင်  ရွှေ့ပြောင်းအလုပ်သမားတွေ အပန်းဖြေဖို့ မြန်မာပြည်က အဆိုတော်တွေ ဖိတ်ကြားပြီး တေးဂီတဖျော်ဖြေပွဲလုပ်ဖို့ စီစဉ်ထားကြောင်း၊ ပွဲကုန်ကျစရိတ် ရန်ပုံငွေအတွက် မြန်မာလုပ်သားတွေထောင်နဲ့ချီရှိတဲ့ ဖစ်ခ်ျပူရီရှိ စက်ရုံတရုံမှာ ဦးထုတ်တွေ သွားရောက်ရောင်းချစဉ် အင်အား ၂၀ လောက်ရှိတဲ့ လူအုပ်ကြီးက ၀င်ရောက်တိုက်ခိုက်ရိုက်နှက်ခဲ့တာလို့ အေအေစီအဖွဲ့ တာဝန်ခံ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။

“မနေ့ညနေ ၅ နာရီခွဲလောက်၊ စီဒီပြားစက်ရုံက အလုပ်သမားတွေ အလုပ်ဆင်းတဲ့အချိန်ပေါ့။ ကျနော်တို့အဖွဲ့လာတာသိတော့ အလုပ်သမားတွေကအုံပြီးတော့ ဦးထုပ်လာယူကြတယ်၊ အလှူငွေတွေလည်း ထည့်ကြတယ်ပေါ့။ အဲဒီအခါမှာ ကျနော်တို့နဲ့ ဟိုးအရင်က အလုပ်သမားကိစ္စနဲ့ ပတ်သက်ပြီး ပြဿနာဖြစ်ခဲ့ဖူးတဲ့ အမ်အိုယူအေဂျင်စီပွဲစား အမျိုးသမီးက လူအုပ်ကြီးနဲ့ရောက်လာပြီး အလုပ်သမားတွေ မောင်းထုတ်တယ်။ ဒီမှာ ဦးထုတ်ယူတဲ့လူတွေ အလုပ်ဖြုတ်ပစ်မယ်လို့လည်း ကြိမ်းမောင်းတယ်၊ ပြီးတော့ ကျနော်တို့အဖွဲ့ကို နင်တို့ ငါ့နယ်မြေမှာ ဘာလာလုပ်လဲ၊ ဘာဖြစ်ချင်လဲဆိုပြီး မောင်းထုတ်တယ်၊ ပြီးတော့ ၀ိုင်းရိုက်ကြတယ်။ အရင်ဆုံး ကျနော့်ကိုလာချတယ်၊ ကျနော်တို့အဖွဲ့ဝင်တွေက ကျနော့်ကိုဝင်ကာထားတော့ လုပ်လို့မရဘူး၊ မျက်နှာမှာပဲ နည်းနည်းထိသွားတယ်။ သူတို့က အနားမှာရှိတဲ့ ပလတ်စတစ်ထိုင်ခုံတွေနဲ့ ပေါက်တယ်၊ တုတ်တွေနဲ့ ၀င်ရိုက်တယ်၊  ကျနော်တို့လည်း ပြန်ခုခံရတာပေါ့။ ကျနော်တို့ဘက်က လူသုံးလေးယောက်လောက် ဒဏ်ရာရတယ်၊ သူတို့ဘက်ကလည်း ဒဏ်ရာရတယ်။ ကြီးကြီးမားမားတော့ မဟုတ်ဘူး။ ခဏနေတော့ ရဲတွေရောက်လာပြီး ကျနော်တို့ကို ရဲစခန်းခေါ်သွားတယ်။”

ရဲစခန်းကို အေအေစီအဖွဲ့ဝင် အမျိုးသား ၇ ဦးနဲ့ စေတနာဝန်ထမ်းအမျိုးသမီး ၄ ဦး ပေါင်း ၁၁ ဦး လိုက်သွားရကြောင်း၊ သူတို့ကို ၀ိုင်းရိုက်တဲ့  အဖွဲ့တွေတော့ ရဲက မခေါ်ဘူးလို့ သူကဆက်ပြောပါတယ်။

ရဲစခန်းမှာ သူတို့ရဲ့ မှတ်ပုံတင်အထောက်အထားတွေစစ်ဆေးပြီး အလုပ်သမားတွေကို အကူအညီပေးနေတဲ့ အဖွဲ့ဖြစ်တာကြောင့် နောက်နောင်ရန်မဖြစ်ဖို့ ၀န်ခံချက်နဲ့ ပြန်လွှတ်ပေး ခဲ့ကြောင်း၊ တဘက်က သူတို့လူတွေ နာသွားလို့ ရိုက်နှက်မှုနဲ့ အေအေစီအဖွဲ့ကို တရားစွဲထား လို့ သူတို့လည်း တန်ပြန် ပြန်စွဲထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အေအေစီအဖွဲ့ဟာ အလုပ်သမားတွေစည်းရုံးပြီး ပြဿနာဖြစ်အောင်ဖန်တီးနေလို့ ဖမ်းဆီးနှိမ်နင်းဖို့ ယခင်အလုပ်သမား သံအရာရှိဟောင်း လက်မှတ်နဲ့ တိုင်စာလက်ခံရရှိထားတဲ့အကြောင်း၊ အဆိုပါတိုင်စာမိတ္တူကို သူတို့ကိုဝိုင်းရိုက်တဲ့အဖွဲ့က ရဲစခန်းဆီပို့ပေထားတယ်လို့ ရဲကပြောပါတယ်။

အေအေစီအဖွဲ့ကလည်း အဆိုပါတိုင်စာဟာ အစစ်မဟုတ်ကြောင်း၊ သူတို့ဟာ ထိုင်းရာဇ ၀တ်မှုနှိမ်နင်းရေးအဖွဲ့၊ ဒီအက်စ်အိုင်အဖွဲ့နဲ့ အမြဲပူးပေါင်းဆောင်ရွက်နေလို့ တိုင်စာက စွပ်စွဲ တဲ့အတိုင်း မှန်ကန်ရင် အဖမ်းခံရတာကြာပြီလို့ ပြန်ပြောခဲ့ပါတယ်။

သူတို့ကို ၀ိုင်းရိုက်ဖို့ လူအုပ်ကြီးခေါ်လာသူမှာ မြန်မာပြည်ဘက်ကနေ အလုပ်သမားတွေခေါ်ပြီး ထိုင်းနိုင်ငံမှာ အလုပ်သွင်းပေးနေသူ အမျိုးသမီးတဦးဖြစ်ကြောင်း၊ သူတို့ခေါ်လာတဲ့ အမ်အိုယူအလုပ်သမားတွေက ထွက်ပြေးလာပြီး အေအေစီအဖွဲ့ကို တိုင်ကြားလို့ ပွဲစားခ သိန်းနဲ့ချီပြန်လျော်ပေးခဲ့ရဖူးကြောင်း၊ ဒါ့အပြင် လွန်ခဲ့တဲ့ ၃ နှစ်က အလုပ်သမား ၅၀၀ ကျော်  ပိတ်လှောင်ထားတဲ့ကိစ္စ သူတို့ MAT အလုပ်သမားကူညီရေးအဖွဲ့က ၀င်ရောက်ကူညီရာမှာ အဲဒီကိစ္စအပေါ် မကျေနပ်လို့ အငြိုးအတေးထားတာလည်း ဖြစ်နိုင်တယ်လို့ ကိုရဲမင်းက ပြောသွားပါတယ်။

Photo : Ko Owen

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013