DVB Logo
Home
မြန်မာသတင်း
သက်ငယ်မုဒိမ်း ဖြစ်ပွားမှု ၆၈ ရာခိုင်နှုန်းအထိ မြင့်တက်လာ
DVB
·
May 25, 2018
သက်ငယ်မုဒိမ်း ဖြစ်ပွားမှု ၆၈ ရာခိုင်နှုန်းအထိ မြင့်တက်လာ
Donate to DVB

မြန်မာနိုင်ငံတဝန်း သက်ငယ်မုဒိမ်း ဖြစ်ပွားမှုဟာ အခုနှစ်မှာ  ၆၈ ရာခိုင်နှုန်းအထိ မြင့်တက်လာနေပြီး ကျေးရွာတွေမှာ အများဆုံး ဖြစ်ပွားနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီးက ဒီကနေ့ လွှတ်တော်မှာ ပြောကြားလိုက်ပါတယ်။

မေလ ၂၅ ရက်နေ့ ပြည်သူ့လွှတ်တော်မှာ အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နဲ့ အုတ်တွင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့က သက်ငယ်မုဒိမ်းနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ မေးမြန်းခဲ့ပါတယ်။

အဲဒီမေးခွန်းတွေအပေါ် ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးတို့က တာဝန်ရှိသူတွေ လာရောက်ဖြေဆိုခဲ့ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက “၂၀၁၈ ခုနှစ်မှာတော့ အသက် ၂ နှစ်ကနေ အသက် ၁၆ နှစ်အတွင်း ကျူးလွန်ခံရတဲ့ သက်ငယ်မုဒိမ်းမှုဟာ ၆၈ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်။ ကျူးလွန်သူတွေဟာ အသက် ၁၉ နှစ်ကနေ ၅၀ အရွယ်ရှိသူတွေ အများဆုံးဖြစ်ပြီး အသက် ၁၆ နှစ်အောက် ကလေးငယ်တွေနဲ့ ဖခင်တွေကိုယ်တိုင်လည်း ပါဝင်နေတယ်”လို့ ပြောပါတယ်။

၂၀၁၆ခုနှစ်က မုဒိမ်းမှုပေါင်း ၁၁၀၀ မှု ဖြစ်ခဲ့တဲ့အနက် သက်ငယ်မုဒိမ်းမှု ၆၇၁ မှု ရာခိုင်နှုန်းအားဖြင့် ၆၁ ရာခိုင်နှုန်း ဖြစ်ပွားခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ မုဒိမ်းမှုပေါင်း ၁၄၀၅ မှု ဖြစ်ပွားရာမှာ သက်ငယ်မုဒိမ်းမှုက ၈၉၇ မှု ရာခိုင်နှုန်းအားဖြင့် ၆၄ ရာခိုင်နှုန်း ဖြစ်ပွားခဲ့တယ် ဆိုပါတယ်။

၂၀၁၈ ခုနှစ်မှာတော့ ဧပြီလအထိ မုဒိမ်းမှုပေါင်း ၅၃၃ မှု ဖြစ်ပွားရာမှာ သက်ငယ်မုဒိမ်းမှုက ၃၆၀ မှုဖြစ်ပွားပြီး ရာခိုင်နှုန်းအားဖြင့် ၆၈ ရာခိုင်နှုန်း ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

သက်ငယ်မုဒိမ်းမှုတွေ လျော့ကျလာအောင် လုပ်ဆောင်ဖို့အတွက် တခုတည်းသော နည်းလမ်းဟာ နိုင်ငံတော်က သတ်မှတ်ပေးထားတဲ့ အမြင့်ဆုံးပြစ်ဒဏ်တွေ ပေးဖို့သာ ဖြစ်တယ်လို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးကလည်း ဖြေဆိုခဲ့ပါတယ်။

၂၀၁၈ ခုနှစ်အတွင်း သက်ငယ်မုဒိမ်း ကျူးလွန်သူတွေထဲက ၄၆ ဦးကို တရားရုံးက အမိန့်ချမှတ် အပြစ်ပေးထားပြီး အဲဒီထဲက တဦးကိုတော့ သေဒဏ်ချမှတ်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဆိုပါတယ်။

သက်ငယ်မုဒိမ်း ကျူးလွန်သူတွေကို ထောင်ဒဏ်အစား သေဒဏ်ပေးဖို့ ဆန္ဒဖော်ထုတ် တောင်းဆိုတာတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013