DVB Logo
Home
မြန်မာသတင်း
ထီးချိုင့်-ရွှေကူ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဧရိယာ တိုးချဲ့မည်
DVB
·
May 25, 2018
ထီးချိုင့်-ရွှေကူ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဧရိယာ တိုးချဲ့မည်
Donate to DVB

ဧရာဝတီလင်းပိုင်တွေကို ထီးချိုင့်ဘက်တွင် အများဆုံး တွေ့လာရတဲ့အတွက် ထီးချိုင့်မြို့မှ ရွှေကူမြို့အကြား ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဧရိယာ တိုးချဲ့သွားမယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးဌေးဝင်းက ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့မှာ ဒီနေ့မနက် ပြုလုပ်တဲ့ ထီးချိုင့်မြို့မှ ရွှေကူမြို့အကြား ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဧရိယာ တိုးချဲ့နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲမှာ စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးဌေးဝင်းက ထည့်သွင်းပြောဆိုခဲ့တာပါ။

ဦးဌေးဝင်းက “ဧရာဝတီလင်းပိုင်ငါးမျိုးဟာ ဧရာဝတီမြစ်ရဲ့ အသက်သွေးကြောလည်း ဖြစ်တယ်။ ရှားပါးပြီးတော့ အသိဉာဏ်မြင့်မားတဲ့ နို့တိုက်သတ္တဝါ တမျိုးပါ။ ဒါကိုတိုးချဲ့ပြီး ထိန်းသိမ်းနိုင်ဖို့အတွက်ကို ရည်ရွယ်ပြီးတော့ ထီးချိုင့်မြို့မှ ရွှေကူမြို့အထိ ကီလိုမီတာ ၁၁၈ ဒသမ ၇၉ ကို ထိန်းသိမ်းရေးဧရိယာအဖြစ် ဆောင်ရွက်ဖို့ ရေလုပ်သားတွေရဲ့ အကြံဉာဏ်တွေကော၊ ဒေသခံတွေရဲ့ အကြံဉာဏ်တွေကော အားပေးကူညီမှုလည်း ရအောင် သူတို့ရဲ့ အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီး အကောင်းဆုံးဖြစ်အောင်၊ ဒီလုပ်ငန်းစဉ်မှာ ပါဝင်နိုင်အောင် ကျင်းပရခြင်း ဖြစ်တယ်” လို့ ပြောပါတယ်။

ဧရာဝတီမြစ်အတွင်း ၂၀၀၅ ခုနှစ်မှာ မန္တလေးကနေ ကျောက်မြောင်းအထိ ပထမထိန်းသိမ်းရေး ဧရိယာ ဆောင်ရွက်ခဲ့ပြိးနောက် အခုတိုးချဲ့ပြီး ထီးချိုင့်ကနေ ရွှေကူမြို့အထိ ထိန်းသိမ်းရေးဧရိယာ ဆောင်ရွက်ရတာလို့ ဆိုပါတယ်။

ယခင်က ဧရာဝတီလင်းပိုင်တွေဟာ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းနယ်စပ် ဧရာဝတီမြစ်ရိုးတလျှောက်မှာ အများဆုံး တွေ့ရပြီး အခု ထီးချိုင့်ဘက်မှာ တွေ့လာရတာလို့ ဦးဌေးဝင်းက ပြောပါတယ်။

“တဖြည်းဖြည်းနဲ့ ဧရာဝတီ လင်းပိုင်တွေဟာ ထီးချိုင့်ဘက်မှာ အများဆုံး တွေ့လာရတဲ့ အနေအထားတွေ ရှိတယ်။ သူတို့ရဲ့ အစားအစာဖြစ်တဲ့ ငါးပေါများတဲ့ နေရာကို ရွှေ့ပြောင်းလာတဲ့ အနေအထားတွေ သုံးသပ်တွေ့ရှိရတဲ့အတွက် သူတို့ ရွှေ့ပြောင်းတဲ့ နေရာတွေကို လိုက်ပြီး ထိန်းသိမ်းနိုင်အောင် ဧရိယာ တိုးချဲ့ရတဲ့သဘောပါ။ နောက်တချက် ဒီဘက်မှာ သူတို့အတွက် အဆင်ပြေတဲ့သဘောတွေ ရှိနေလား မသိဘူး။ ဒီဘက်မှာ ၃၇ ကောင်လောက်အထိ တွေ့ရတယ်။ ရွှေကူဘက်မှာ ၂၇ ကောင်လောက်ပဲ ကျန်တော့တယ်။ ဒီဘက်က အများဆုံးဖြစ်တဲ့အတွက် ဒီဘက်ကို တိုးချဲ့ဖို့ ဌာနကလည်း တိုက်တွန်းတယ်။ သားငှက်ထိန်းသိမ်းရေးအဖွဲ့ မြန်မာနိုင်ငံ အစီအစဉ်ကလည်း အများကြီး ကူညီပေးတယ်”လို့ ဆိုပါတယ်။

ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ သားငှက်ထိန်းသိမ်းရေးအဖွဲ့ အစီအစဉ်က ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေး ဧရိယာ တိုးပွားထူထောင်ခြင်းဖြင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေကို တင်ပြခဲ့ကြသလို တက်ရောက်လာသူတွေဆီက အကြုံပြု ဆွေးနွေးချက်တွေ ရယူခဲ့ကြပါတယ်။

အလုပ်ရုံဆွေးနွေးပွဲကို ဒေသခံ ရေလုပ်သားတွေနဲ့ စိတ်ပါဝင်စားသူ အယောက် ၅၀ လောက် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း - ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013