
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း မြန်မာ့တပ်မတော်ရဲ့ တပ်သား ၃ ဦးကို ဖမ်းဆီးထားတယ်လို့ ရက္ခိုင့်တပ်မတော်(အေအေ) က ပြောပါတယ်။
ဒုတပ်ကြပ်တဦးနဲ့ တပ်သား ၂ ဦးကို ဖမ်းမိထားတာဖြစ်ပြီး သူတို့ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(အိုင်စီအာစီ)ကတဆင့် ပြန်လွှဲပြောင်းပေးဖို့ရှိတယ်လို့ အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။
“လွန်ခဲ့တဲ့ ၂၀ ရက်နေ့ ဘူးသီးတောင်မြို့နယ်အတွင်းမှာ ဖြစ်တဲ့ တိုက်ပွဲကာလတုန်းက ဖမ်းမိထားတာ။ အရင်တုန်းက ဖမ်းမိတဲ့ သုံ့ပန်းတွေကို အိုင်စီအာစီကတဆင့် လွှဲပြောင်းပေးဖူးတာ ရှိတယ်၊ ဆိုတော့ အခုလည်းပဲ အိုင်စီအာစီဘက်ကနေ လိုလိုလားလား ရှိတယ်ဆိုရင် ကျနော်တို့ အိုင်စီအာစီကို လွှဲနိုင်အောင် ဒီဘက်က လုပ်ဆောင်ဖို့ ရှိတာပေါ့။”
ဒုတိယတပ်ကြပ် မောင်ပြား ကိုယ်ပိုင်နံပါတ် တ/၄၂၃၁၅၅၊ တပ်သား တနင်္လာ ကိုယ်ပိုင်နံပါတ် တ/၄၄၃၁၆၁၊ တပ်သား ချစ်ရဲသူ ကိုယ်ပိုင်နံပါတ် တ/၅၂၆၈၉၀ တို့ ၃ ဦးကို အေအေက ဖမ်းထားတာဖြစ်ပြီး ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားတယ်လို့လည်း ခိုင်သုခက ပြောပါတယ်။
၂၀၁၈ ခုနှစ်၊ မေ ၂၀ ရက်နေ့တိုက်ပွဲအတွင်း တပ်မတော်ရဲ့ စကခ ၁၅ လက်အောက်ခံ၊ ခလရ ၂၆၃ တပ်ရင်းထံက သိမ်းဆည်းရမိတဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ၊ လက်နက်ခဲယမ်းတွေနဲ့ ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေဆိုပြီး ရက္ခိုင့်တပ်မတော် သတင်းနှင့်ပြန်ကြားရေး အင်တာနက်စာမျက်နှာမှာလည်း ဖော်ပြထားပါတယ်။
ဒီသတင်းနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က တစုံတရာ ထုတ်ပြန်ထားတာတော့ မတွေ့ရသေးပါဘူး။
ဓာတ်ပုံ - ရက္ခိုင့်တပ်မတော် သတင်းနှင့် ပြန်ကြားရေးဌာန











