DVB Logo
Home
မြန်မာသတင်း
မြောက်ဦးဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က ဥပဒေမဲ့ အင်အားအလွန်အကျွံသုံးခဲ့တာ ရှိ၊ မရှိ စစ်မေးမည်
DVB
·
May 25, 2018
မြောက်ဦးဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က ဥပဒေမဲ့ အင်အားအလွန်အကျွံသုံးခဲ့တာ ရှိ၊ မရှိ စစ်မေးမည်
Donate to DVB

မြောက်ဦးမြို့မှာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က အင်အားအလွန်အကျွံသုံးခဲ့တာ ရှိ၊ မရှိနဲ့ ဥပဒေနဲ့အညီလူစုခွဲခဲ့တာ ရှိ၊ မရှိ ပေါ်လွင်အောင် စစ်ဆေးမယ်လို့ ဖမ်းဆီးခံထားရသူတွေရဲ့ အကျိုးဆောင် ရှေ့နေတွေက ပြောပါတယ်။

စာပေဟောပြောပွဲ ပိတ်ပင်ခံရပြီးနောက် မြောက်ဦးမှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲနဲ့ ပတ်သက်လို့ ဖမ်းဆီးခံထားတဲ့ လူငယ် ၈ ဦးကို စစ်တွေမြို့နယ်တရားရုံးမှာ ဒီကနေ့  ၁၀ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးရာမှာ ပြောကြားလိုက်တာပါ။

မြောက်ဦးဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က အင်အားအလွန်အကျွံသုံးခဲ့မှု ရှိခဲ့သလား၊ အဓိကရုဏ်း နှိမ်နင်းတာနဲ့ ရုန်းရင်းဆန်ခတ်မှုတွေကို လူစုခွဲဖြိုခွင်းတဲ့အခါမှာ ဥပဒေနဲ့အညီ လုပ်ခဲ့သလားဆိုတာ ပေါ်လွင်အောင် စစ်ဆေးမယ်လို့ ဖမ်းဆီးခံသူတွေရဲ့ အကျိုးဆောင် ရှေ့နေတွေက ပြောပါတယ်။

ဒါ့အပြင် လူငယ်တွေမှာ ရရှိထားတဲ့ ဒဏ်ရာတွေက ပြင်းထန်တာကြောင့် ဆေးကုသခွင့်ရရှိဖို့ကို ရုံးတော် တင်ပြသွားမယ်လို့ အကျိုးဆောင်ရှေ့နေတွေက ဆိုပါတယ်။

ဒီနေ့ ရုံးချိန်းမှာတော့ တရားလိုပြသက်သေ မြောက်ဦးမြို့နယ်စခန်းမှူး  ဒုရဲမှူးသိန်းနိုင်အေးနဲ့ ခရိုင်ထွေ အုပ်ဝန်ထမ်း ဦးသန့်ဇင်တို့ကို စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးထွက်ဆိုချက်တွေနဲ့ပတ်သက်လို့ တရားလိုပြသက်သေ ဒုရဲမှူးသိန်းနိုင်အေးကို သတင်းထောက်တွေက မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ပြန်လည်ဖြေဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။

ဖမ်းဆီးခံထားရသူ ၈ ဦးကို အများပြည်သူပိုင် ကာကွယ်ရေးအက်ဥပဒေပုဒ် ၆၁နဲ့ ရဲတပ်က ဖမ်းဆီးတရားစွဲဆိုထားတာဖြစ်ပြီး သူတို့ကို လာမယ့် ဇွန် ၅ ရက်နေ့ကို ထပ်မံ ရုံးချိန်းဆိုလိုက်ပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲမှာ အလယ်တန်းနဲ့ အထက်တန်းကျောင်းသားတွေလည်း ပါဝင်ပြီး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုနေကြပါတယ်။

ရက္ခိုင့်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း ၂၃၃ နှစ်မြောက် အထိမ်းအမှတ် စာပေဟောပြောပွဲကို အာဏာပိုင်တွေက ပိတ်ပင်ခဲ့ပြီးနောက် ဇန်နဝါရီ ၁၆ ရက်က မြောက်ဦးမြို့မှာ ဒေသခံထောင်ချီ ဆန္ဒပြခဲ့ရာမှာ ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်လူစုခွဲခဲ့လို့ အရပ်သား ၇ ဦး သေဆုံးခဲ့ပြီး အမြောက်အမြား ဒဏ်ရာရခဲ့ပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013