DVB Logo
Home
Lead Story
ဝဋ်နာ ကံနာ
DVB
·
May 25, 2018
ဝဋ်နာ ကံနာ
Donate to DVB

အခါတပါးတုန်းက ဇနပုဒ်ရွာကြီးတရွာမှာ သနားကြင်နာတတ်ပြီး အလွန်အားနာတတ်တဲ့ လူရိုးကြီးတယောက် ရှိသတဲ့။ ခင်မင်တတ်၊ ဖော်ရွေကူညီတတ်ပြီး ပျော်ပျော်ရွှင်ရွှင် နေတတ်သူ ဖြစ်ပေမယ့် သူတပါးပြောရင် အလွယ်တကူလည်း ယုံလွယ်တတ်သတဲ့။

ဘိုးစဉ်ဘောင်ဆက်က အမွေတွေရတော့ ဘဝအစပိုင်းမှာ ချမ်းသာပေမယ့် ဆရာတင် မှားခဲ့မိပြီး မစီမံတတ်၊ မထိန်းသိမ်းတတ်လေတော့ တစတစ ဆင်းရဲလာပေမယ့် အဲဒီလူရိုးကြီးဟာ သူ့ဘိုးဘေးတွေ ဘယ်လို ကြီးကျယ်ခမ်းနားခဲ့ကြကြောင်း၊ ရွှေထီးဆောင်းခဲ့ရကြောင်း၊ ရွာနီးချုပ်စပ်နဲ့ သူတို့နယ်တရိုးမှာ ခန့်ညားခဲ့ရကြောင်း အမြဲစားမြုံ့ပြန်ရင်း ဂုဏ်ယူကျေနပ်နေလေ့ ရှိသတဲ့။

သူကိုယ်တိုင်ကလည်း ရောင့်ရဲတတ်တာရယ်၊ မလုပ်တတ် မကိုင်တတ်တဲ့အပြင် သီလမကောင်းတဲ့ဆရာနဲ့ ကပ်ရပ်ချူယူသူတွေကြောင့် ရှိတဲ့ပစ္စည်းလေးတွေ ခန်းခြောက်လာပြီး မွဲသထက် မွဲလာပေမယ့် အတိတ်ကံမကောင်းတာကြောင့် ဖြစ်တာပဲလို့ အမြဲတမ်း ဖြေတွေးပြီး ဒုံးပေကတ်သတ် နေလာခဲ့သတဲ့။

ဒီလိုနဲ့ ဖြစ်သလိုအိပ်၊ ဖြစ်သလိုစား၊ ဖြစ်သလိုသွားလို့ ကမောက်ကမဘဝနဲ့ နေလာရင်း ကျန်းမာရေးချို့ယွင်းလာပြီး တနေ့တော့ ကျောမှာ အနာကြီးတလုံး ပေါက်လာသတဲ့။ တဖြည်းဖြည်းချင်း ဖူးရောင်နေတဲ့ အနာကြီးကို ကြည့်ပြီး သူ ကိုးကွယ်မိတဲ့ ဆရာက အပမှီတာပါ ... မပူနဲ့လို့ ပြောပြီး ပယောဂကုတဲ့ ဆရာတယောက် ခေါ်လာသတဲ့။

ထိုးကွင်းမင်ကြောင်နဲ့ ဗလတုတ်တုတ် ပယောဂဆရာကလည်း အုန်းပွဲ၊ ကန်တော့ပွဲတွေတင် ဖယောင်းတိုင်ထွန်း လူရိုးကြီးကို ကြိုးနဲ့တုပ်ပြီးတော့ ကျောကို ကြိမ်နဲ့ တရစပ် ရိုက်ကုတော့သတဲ့။ လူရိုးကြီးရဲ့ နာလွန်းလို့ မချိမဆံ့ အော်ဟစ် ညည်းတွားသံတွေကို တရွာလုံးက ကျောချမ်းအောင် ကြားခဲ့ကြရသတဲ့။

ပထမတယောက်နဲ့ မပျောက်တော့ နောက်ပယောဂဆရာတွေ တယောက်ပြီးတယောက် ပြောင်းလို့ ကြိမ်နဲ့ရိုက်ကုလိုက်၊ ဆေးဖယောင်းစက်တွေ ချကုလိုက်နဲ့ နည်းလမ်းစုံအောင် ကုပေမယ့်လို့ ကျောက အနာက မပျောက်တဲ့အပြင် သွေးတရွှဲရွှဲ ပြည်တစိုစိုနဲ့ ပိုလို့ ပိုလို့ ဆိုးလာတော့သတဲ့။

သည်းမခံနိုင်တဲ့ အဆုံးမှာတော့ လူရိုးကြီးလည်း ဒေါသတွေ ပေါက်ကွဲပြီး ပယောဂဆရာတွေနဲ့ သူ ဆရာတင်မိတဲ့ ပုဂ္ဂိုလ်ကြီးကို အော်ဟစ် မောင်းထုတ်တော့သတဲ့။ အဲဒီမှာ လေသံပျော့ပျော့လေးနဲ့ အပြောချိုတဲ့ နောက်ထပ် ပယောဂဆရာတယောက်က ဒီတခါတော့ ကြိမ်နဲ့ ရိုက်မကုတော့ပါဘူး၊ ယတြာနဲ့ကုမယ်ဆိုပြီး ဓာတ်ဆင်ဓာတ်ရိုက်လုပ်ပြီး အနာကိုမကုဘဲ လူရိုးကြီးရဲ့ လက်ကျန်ပစ္စည်းဥစ္စာလေးတွေ ချူယူပြန်သတဲ့။

ပြုံးပြုံး.. ပြုံးပြုံးနဲ့ အပျော့ဆွဲ ဆွဲတတ်တဲ့ ပယောဂဆရာနဲ့ကုတာ အတော်လေး ကြာလာတော့ အနာရောဂါက မသက်သာတဲ့အပြင် အိမ်မှာရှိတဲ့ လက်ကျန်ငွေကြေးနဲ့ ဥစ္စာပစ္စည်းတွေ ပြောင်တလင်းခါတော့မှ အကြိမ်ကြိမ်အဖန်ဖန် အလိမ်ခံရတဲ့ လူရိုးကြီးက အပြောချိုပေမယ့် စေတနာလိုတဲ့ ပယောဂဆရာကို နှင်ထုတ်ခဲ့ပြန်သတဲ့။

နောက်တော့ သူတို့နယ်တရိုးမှာ ဆေးစွမ်းတယ်လို့ နာမည်ကြီးတဲ့အပြင် ရပ်ရွာက လေးစားရတဲ့ သမားတော်ကြီးတဦးထံ ချဉ်းကပ်ပြီး သူ့ကျောက အနာကြီးကို ကုသပေးဖို့ တောင်းပန်ခဲ့တော့သတဲ့။

သမားတော်ကြီးက လူရိုးကြီးရဲ့ကျောက အနာ့ပဆုပ်နာကြီးကို သေသေချာချာ ကြည့်ရှုပြီးတော့ ရောဂါ တကယ်ပျောက်ချင်သလားလို့ မေးသတဲ့။ ဘယ်လိုပြောလိုက်ပါလိမ့် သမားတော်ကြီးရယ် ... နာလွန်းလို့ ... ခုချက်ချင်းကို ပျောက်ချင်ပါတယ်လို့ လူရိုးကြီးက မဆိုင်းမတွဖြေသတဲ့။

အဲဒီမှာ သမားတော်ကြီးက ပြန်ပြောသတဲ့၊ ချက်ချင်းတော့ ပျောက်အောင်ကုလို့ မရဘူး။ အချိန်ယူ ကုရမယ်။ လူနာကိုယ်တိုင် အနေအထိုင် ပြောင်းရမယ်၊ အစားအသောက် ဆင်ခြင်ရမယ်။ ဒဏ်ခံနိုင်ရမယ်။ ဆေးမှန်မှန်သောက်ဖို့ လိုတယ်လို့ ပြောသတဲ့။

လူရိုးကြီးက ပျောက်မယ်ဆိုရင် သမားတော်ကြီး ညွှန်ကြားတာ ဘာမဆို လိုက်နာပါ့မယ်။ ကုသာ ကုပါတော့လို့ ပြောသတဲ့။ ဒါနဲ့ သမားတော်ကြီးလည်း လူရိုးကြီးရဲ့ ပြည်သွေးပုပ် တစိုစိုနဲ့ ဖူးရောင်နေတဲ့ အနာကို ဖန်ရေဆေး၊ ဓားထက်ထက်နဲ့ ခွဲပြီး ပြည်တွေ ညှစ်ထုတ်တာ ဖလားငယ်တလုံးစာတောင် ရသတဲ့။

အဲဒီမှာ မောင်းထုတ်ခံရပေမယ့် စားရကောင်းမှန်းသိတော့ လူရိုးကြီးအိမ်နားမှာ ရစ်သီရစ်သီ လုပ်နေသေးတဲ့ ပယောဂဆရာတသိုက်က ဝိုင်းပြီး အော်ဟစ်ပြောကြသတဲ့။ ကြည့်ကြစမ်းဟေ့၊ သမားတော်သာ ပြောတယ်၊ ဆေးလည်း မကုတတ်ဘူး။ လူနာရဲ့ အနာကြီးက ဟောင်းလောင်းပေါက်ကြီး အနက်ကြီး ဖြစ်သွားပြီ။ လူနာသေအောင် လုပ်နေတာလို့ အကောက်ကြံ စွပ်စွဲပြောဆိုကြသတဲ့။ နံဘေးက အိမ်နီးနားချင်းတချို့ကလည်း အဲ့သလို အနာကို ဓားနဲ့ခွဲကုတာကို မမြင်ဘူးကြတော့ ကြောက်လန့်ပြီး ပယောဂဆရာတွေ ပြောတာကို အဟုတ်မှတ်ကြပြန်သတဲ့။

သမားတော်ကြီးကတော့ ဘာမှပြန်မပြောဘဲ လုပ်စရာရှိတဲ့ အနာအပေါက်ကြီးကို စင်ကြယ်အောင်၊ ပိုးမဝင်အောင် ဖန်ရေဆေးကြောပြီး ဟောင်းလောင်းပေါက်ကြီးထဲ ဆေးရည်စိမ်ထားတဲ့ ဂွမ်းလိပ်တွေ တဖြည်းဖြည်းချင်း ထိုးသိပ်ထည့်တော့သတဲ့။

လူရိုးကြီးလည်း နာကျင်လွန်းလို့ ညည်းတွားရင်း ဘေးက ပယောဂဆရာတွေ သွေးထိုးတာ ကြားဖန်များတော့ သမားတော်ကြီးကို မယုံမရဲဖြစ်လာပြီး အနာက ပိုဆိုးသွားပြီလား၊ ကျနော် သေမှာလား ...သမားတော်ကြီးရယ်လို့ မေးသတဲ့။

အဲဒီမှာ ဘေးကနေ အကွက်ချောင်းနေတဲ့ ပယောဂဆရာတသိုက်က ... မင်းအနာက ဝဋ်နာကံနာဟ ... အထက်ပုဂ္ဂိုလ်ကြီးတွေ ပင့်ကုမှရမှာ၊ အဲ့သလိုကုလို့ မပျောက်နိုင်ဘူး၊ မင်းအနာကြီး ပိုကြီးလာပြီး မင်း သေလိမ့်မယ်လို့ ခြိမ်းခြောက်သွေးဆောင်ပြန်သတဲ့။

သမားတော်ကြီးကတော့ ဒီအနာမျိုးကို အနာ့ပဆုပ်နာလို့ ခေါ်တယ်။ ယုံယုံကြည်ကြည်နဲ့ ကုသမှုကို ခံယူပါ။ ဒီလိုပဲ ကုမှ ပျောက်မှာပါလို့ တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောသတဲ့။

ဒီလို ဖြစ်နေတာကြာတဲ့ ရောဂါမျိုးဆိုတာ ချက်ချင်းတော့ မပျောက်နိုင်ဘူး။ ဆေးဂွမ်းလိပ်တွေ လဲထည့်ပြီး အသားနုတက်လာအောင် အချိန်ယူ ကုရမှာ၊ အနာပျောက်ချင်ရင် ဆေးမှန်မှန်သောက်ရမယ်၊ သန့်သန့်ရှင်းရှင်း နေရမယ်။ အနေအထိုင်တွေ ပြင်ရမှာနော်လို့ ပြောသတဲ့။

ဒါပေမယ့် လူရိုးကြီးက သမားတော်ကြီးပေးတဲ့ ဆေးတွေ မှန်မှန်မသောက်တဲ့အပြင် ယုံလွယ်တတ်တော့ အိမ်နောက်ဖေးပေါက်ကနေ ဝင်လာပြီး ဖြားယောင်းတတ်တဲ့ ပယောဂဆရာတွေ ပေးခဲ့တဲ့ ဆေးတွေကိုလည်း တွဲသောက်သတဲ့။ အနေအထိုင်လည်း မပြင်၊ အစားအသောက်လည်း မဆင်ခြင်ဘဲ၊ ညစ်ညစ်ပတ်ပတ် ဆက်နေရင်း အနာ မြန်မြန်ပျောက်ချင်ကြောင်း အမြဲပြောနေတော့တာပဲတဲ့။

နာတာရှည်လူမမာ လူရိုးကြီးကို အဲဒီအရပ်ကတော့ ကိုရွှေလို့ ခေါ်ကြပါတယ်။ စာဖတ်ပရိသတ်ကြီးခင်ဗျာ.. ကိုရွှေတယောက် အပြင်းအထန် ခံစားနေရတဲ့ အနာရောဂါကြီး အမြန်ဆုံး ပျောက်ကင်းချမ်းသာအောင် ဝိုင်းအကြံပေးကြပါဦး၊ ကူညီကြပါဦးနော်။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013