ရုရှား-ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ နီးလာပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။
ရုရှားသမ္မတ ပူတင်ရဲ့ သံတမန်နဲ့ နိုဝင်ဘာ ၅ ရက်က တွေ့ခဲ့စဉ် ယူကရိန်းအရေး ဆွေးနွေးခဲ့ပြီးနောက် ထရမ့်ပ်က အခုလို ပြောခဲ့တာပါ။
အမေရိကန်က ကြားဝင်ညှိနှိုင်းမှုနဲ့ နိုဝင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက်တို့မှာ ရုရှား၊ ယူကရိန်း ကိုယ်စားလှယ်တွေ အဘူဒါဘီမှာ ဆွေးနွေးမှာဖြစ်ပါတယ်။
ယူကရိန်းစစ်ပွဲပြီးဆုံးဖို့ နီးကပ်နေပြီဖြစ်ကြောင်းနဲ့ ဥရောပက အားလုံးပါဝင်ရမှာဖြစ်ပြီး ဒီကိစ္စ အဆုံးသတ်မှာ ဖြစ်တယ်လို့ ထရမ့်ပ်က သတင်းထောက်တွေကို အိမ်ဖြူတော်မှာ ပြောပါတယ်။
ထရမ့်ပ်က “ဒါက ကြီးမားတဲ့ သဘောတူညီမှု ဖြစ်လာမှာပါ။ ယူကရိန်းနိုင်ငံအပြင် တခြားနိုင်ငံတွေလည်း ပါဝင်ဖို့ လိုအပ်ပါတယ်။ ဥရောပနိုင်ငံအားလုံး ပါဝင်ရမယ်လို့ ကျနော် ပြောချင်တာပါ။ ဒါက ကြီးမားပြီး လှပတဲ့ သဘောတူညီမှုတခု ဖြစ်လာမှာပါ။ လူတိုင်းဝမ်းသာကြမှာပါ” လို့ ပြောပါတယ်။
အဲဒီနေ့မှာပဲ ထရမ့်ပ်ရဲ့ သမက်ဖြစ်သူကလည်း ဆိုရှယ်မီဒီယာ X မှာ အမေရိကန်ဟာ လက်တွေ့ကျပြီး အနာဂတ်ပဋိပက္ခတွေ ဖြစ်မှုကို လျော့ချပေးမဲ့ နှစ်ဦးနှစ်ဖက် သဘောတူညီမှုကို ဦးတည်ထားသလို အဘက်ဘက်က လုံခြုံရေးစိုးရိမ်မှုတွေကိုပါ ထည့်သွင်းထားတယ်ဆိုတဲ့ သဘောထားကို ဖော်ပြခဲ့ပါတယ်။
ကြာသပတေးနေ့မှာပဲ သမ္မတကတော် မယ်လာနီယာထရမ့်ပ်က ရုရှားနဲ့ ယူကရိန်း ကိုယ်စားလှယ်တွေကို အိမ်ဖြူတော်မှာ အတူတကွ တွေ့ဆုံခဲ့ပါသေးတယ်။
မယ်လာနီယာဟာ ပြီးခဲ့တဲ့လက ယူကရိန်းရဲ့ မြို့ငယ်လေးဖြစ်တဲ့ အိုလက်ကီမှာ အပစ်အခတ် ရပ်စဲရေးအတွက် ညှိနှိုင်းမှု ပြုလုပ်ပေးခဲ့ဖူးပါတယ်။
အောက်တိုဘာ ၂၃ ရက်က အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး အောက်တိုဘာ ၂၇ ရက်မှာ အသက်ဝင်ခဲ့ပါတယ်။
လူသားချင်းဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုက ပြည်သူတွေ ထွက်ပြေးလွတ်မြောက်ဖို့၊ အကူအညီပေးဖို့ ရည်ရွယ်တဲ့ သဘောတူညီမှုဖြစ်ပြီး နိုဝင်ဘာ ၁ ရက်နေ့မှာ ပြီးဆုံးခဲ့ပါတယ်။
ပိုမိုကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေးရဖို့ အလားအလာ ရှိတယ်လို့လည်း မယ်လာနီယာက ပြောထားပါတယ်။
Source: Reuters











