DVB Logo
Home
မြန်မာသတင်း
ဘုတလင်မြို့ ဆေးရုံအုပ်ကြီးနှင့် မောင်းထောင်ရွာတိုက်နယ်ဆရာဝန်တို့ကို စစ်ဆေးနေ
DVB
·
May 24, 2018
ဘုတလင်မြို့ ဆေးရုံအုပ်ကြီးနှင့် မောင်းထောင်ရွာတိုက်နယ်ဆရာဝန်တို့ကို စစ်ဆေးနေ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ရှိ ခုတင် ၅၀ ဆံ့ဆေးရုံအုပ်ကြီး ဒေါ်သန်းသန်းဌေးနဲ့  မောင်းထောင်စံပြကျေးရွာရှိ ၂၅ ခုတင်ဆံ့ တိုက်နယ်ဆေးရုံက ဆရာဝန် ဒေါက်တာနွဲ့ယဉ်ဝင်းတို့ကို တိုင်ကြားထားတာရှိတဲ့အတွက် တိုင်းကျန်းမာရေးဌာနက အဖွဲ့ဖွဲ့ပြီး စစ်ဆေးနေပါတယ်။

ဆေးရုံအုပ်ကြီး ဒေါ်သန်းသန်းဌေးကိုတော့ လူနာတွေအပေါ် ဆဲဆိုကြိမ်းမောင်းတာ၊ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတာအပြင် နိုင်ငံတော်ကပေးတဲ့ ဆေးတွေကို စစ်ဆေးရေးမရောက်ခင် မီးရှို့ဖျက်ဆီးခဲ့တာတွေကြောင့် တိုင်ကြားထားတာဖြစ်ပါတယ်။

မောင်းထောင်တိုက်နယ်ဆရာဝန် ဒေါက်တာနွဲ့ယဉ်ဝင်းကိုတော့ နိုင်ငံတော်က ပေးထားတဲ့ ဆေးတွေသုံးပြီး လူနာတွေဆီကနေ ဆေးဖိုးဝါးခ ပြန်တောင်းတာ၊ စာအုပ်လုပ်မပေး၊ ဘောက်ချာမပေးတာ၊ လူနာတွေကို တခြားဆေးရုံတွေကို အလွှဲများတာ စတဲ့ အကြောင်းပြချက်တွေနဲ့ ကိုယ်တွေ့ကြုံခဲ့ရသူတွေက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ကနေ တဆင့် တိုင်းအစိုးရထံကို တိုင်ကြားထားတာပါ။

ဘုတလင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်က “မောင်းထောင်တိုက်နယ်ဆေးရုံဆိုရင် အရင်ဆရာဝန်တွေလက်ထက်က အဲလိုမဖြစ်ဘူး။ အခု ဆရာဝန်လက်ထက်မှ နိုင်ငံတော်ကပေးတဲ့ဆေးတွေကို ငွေတောင်းနေတယ်။ ဘောင်ချာမပေးဘူး။ လွှဲတာတွေ များနေတယ် ဆိုပြီး လူနာရှင်တွေက ကျနော့်ဆီကို လာတိုင်တယ်။ နောက်ပြီး မြို့နယ်ဆေးရုံအုပ်ဆိုလည်း လူနာတွေကို နွေးနွေးထွေးထွေး မဆက်ဆံဘူး။ အော်တယ်၊ ငေါက်တယ်။ နိုင်ငံတော်ကပေးတဲ့ဆေးတွေကို စစ်ဆေးရေး မလာခင် မီးရှို့ဖျက်ဆီးတယ်။ ဒိတ်လွန်ရင်လည်း စစ်ဆေးရေးလာတဲ့အထိတော့ ဒီတိုင်းထားရမယ် ဆိုပြီး တိုင်စာတွေ ပို့ကြတယ်။ တိုင်တော့ ကျနော်က ပြည်သူတွေရဲ့ကိုယ်စား အစိုးရအဖွဲ့ကို တင်ပြပေးလိုက်တာ။ ပိုက်ဆံတောင်းတာကလည်း အနည်းဆုံး ကျပ်၃ ထောင်လောက်ကနေ သိန်းဂဏန်းထိ ရှိတယ် ပြောတယ်”လို့ ဒီဗွီဘီကိုပြောပါတယ်။

ဘုတလင်မြို့နယ်ဆေးရုံက ခုတင် ၅၀ ဆံ့ ဆေးရုံဖြစ်ပြီး နေ့စဉ် လူနာ ၃၀ ဝန်းကျင်လောက်သာ ရှိတယ်လို့ ဆိုပါတယ်။

စစ်ဆေးနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက “ဒီနေ့ပဲ တိုင်းကျန်းမာရေးက ၃ ဦးပါတဲ့ ဘုတ်အဖွဲ့နဲ့ သွားစစ်နေတယ်။ တိုင်ကြားချက်တွေက မှန်၊ မမှန် ဆိုတာတော့ စစ်ချက်၊ ထွက်ဆိုချက်တွေအပေါ်မှာ မူတည်မှာပဲ။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ပဲ အပြစ်ပေး အရေးယူမှုဆိုတာ လုပ်လို့ရမှာ။”လို့ ပြောပါတယ်။

ဆေးရုံတွေနဲ့ပတ်သက်ပြီးမမှန်မကန်လုပ်မှုတွေ  စစ်ကိုင်းတိုင်းအတွင်းမှာ ၂၀၁၆ ခုနှစ်နောက်ပိုင်း ဝက်လက်မြို့နယ်မှာလည်း တကြိမ် ဖြစ်ပွားခဲ့သလို မနှစ်ကလည်း ကျွန်းလှမြို့နယ်မှာ တကြိမ် ဖြစ်ပွားခဲ့ပါသေးတယ်။

တိုင်းအစိုးရနဲ့ ကျန်းမာရေးဌာနတွေ ပေါင်းပြီး ပြည်သူတွေ အလေးထားရတဲ့ ဆေးရုံ ဆေးခန်းတွေဖြစ်ဖို့ စံပြထူးချွန်ဆုတွေကိုလည်း မကြာသေးခင်က ဆုချီးမြှင့်ပွဲ ပြုလုပ်ခဲ့သလို လူနာတွေကို နွေးနွေးထွေးထွေး ဆက်ဆံကြဖို့ကိုလည်း ဝန်ကြီးက တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013