DVB Logo
Home
မြန်မာသတင်း
အိုင်စီစီတွင်မရှိသည့် လုပ်ထုံးလုပ်နည်းသစ်များဖြင့်လုပ်ဆောင်လာပါက မြန်မာလက်မခံ  
DVB
·
May 24, 2018
အိုင်စီစီတွင်မရှိသည့် လုပ်ထုံးလုပ်နည်းသစ်များဖြင့်လုပ်ဆောင်လာပါက မြန်မာလက်မခံ  
Donate to DVB

 

အပြည်ပြည်ဆိုင်ရာဇဝတ်ခုံရုံး (အိုင်စီစီ)ရဲ့ စီရင်ထုံးတွေမှာ မရှိတဲ့ လုပ်ထုံးလုပ်နည်း အသစ်အဆန်းတွေနဲ့ မြန်မာနိုင်ငံကို လုပ်လာရင်လက်ခံမှာမဟုတ်ဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကပြောပါတယ်။

မေ ၂၃ ရက်နေ့ အစိုးရရဲ့ ဒုတိယ တနှစ်တာကာလ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ  မီဒီယာတွေရဲ့ မေးမြန်းချက်တွေကို အခုလို ပြန်လည်ဖြေဆိုသွား တာပါ။

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရကို အပြည်ပြည် ဆိုင်ရာရာဇဝတ်ခုံရုံးကို လွှဲပြောင်းပေးဖို့ တောင်းဆိုမှုတွေရှိနေတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ဟာ အိုင်စီစီ မှာ လက်မှတ်ထိုးထားတဲ့ နိုင်ငံမဟုတ်ဘဲ စာချုပ်ဝင်နိုင်ငံက လက်မှတ်ထိုးပြီး အတည်ပြုထားမှ အဲဒီနိုင်ငံအပေါ် စာချုပ်ရဲ့ သဘောတူညီချက်က သက်ရောက်မှာ ဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

“နံပါတ် ၁ မြန်မာနိုင်ငံက အိုင်စီစီအဖွဲ့ဝင် မဟုတ်ဘူး။ လက်မှတ်ထိုးထားတာလည်း မရှိဘူး။ ဝင်မထားဘူးပေါ့။ ဝင်မထားတဲ့အတွက် အိုင်စီစီ က မြန်မာနိုင်ငံကို အရေးယူလို့မရဘူး။ နံပါတ် ၂ က ဒီဘက်ကဖြစ်တဲ့ ပြဿနာတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ရွှေ့ပြောင်း သွားတယ်၊ ရောက်သွားတယ်။ ဘင်္ဂလားဒေ့ရှ်က အိုင်စီစီအဖွဲ့ဝင် ဖြစ်တယ်။ အဲတော့ အဖွဲ့ဝင် ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်က အိုင်စီစီကို တင်စေချင်တဲ့ သဘောပေါ့။ အဲသဘောနဲ့ လုပ်မယ်ဆိုရင် လုပ်လို့ ရ၊ မရဆိုတဲ့ ဥပဒေလုပ်ထုံးလုပ်နည်းအသစ် ဖြစ်လား။ တခြား ဒုက္ခသည်ပြဿနာဖြစ်တဲ့ နိုင်ငံတွေမှာလည်း ဒါမျိုး အိုင်စီစီမတင်ခဲ့ဘဲ မြန်မာနိုင်ငံကျမှ ဘင်္ဂလားဒေ့ရှ်က အိုင်စီစီ အဖွဲ့ဝင်ဖြစ်လို့  အိုင်စီစီတင်လို့ရမလားဆိုတော့ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းမှာ၊ အိုင်စီစီ ရာဇဝင်မှာ တခါမှ မရှိဘူး။ မရှိဖူးတဲ့အတွက် မြန်မာနိုင်ငံက လက်ခံမှာလည်း မဟုတ်ဘူး” လို့ ဆိုပါတယ်။

သက်ဆိုင်ရာနိုင်ငံက စုံစမ်းစစ်ဆေးအရေးယူမှုတွေမလုပ်ချင်၊ မလုပ်နိုင်၊ တာဝန်ယူမှု မရှိတဲ့ အခြေအနေတွေဖြစ်မှ  အိုင်စီစီဝင်လို့ရတဲ့သဘော ဖြစ်တယ်ဆိုတာကို ယူကေ သံအမတ်ကြီးက ပြောထားပြီးသားဖြစ်သလို လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တွေ့ဆုံတုန်းကလည်း အထောက်အထားတွေရှိရင် ပေးပို့ဖို့နဲ့ ကြိုဆို ဖိတ်ခေါ်ကြောင်း ပြောဆိုခဲ့တယ်လို့ ပြောပါတယ်။

“ကျနော်တို့အစိုးရ မလုပ်နိုင်တာလည်း မဟုတ်ဘူး။ မလုပ်ချင်တာလည်း မဟုတ်ဘူး။ ဒါတွေကို အရေးယူမယ်လို့ ပြောထားပြီးသား ဖြစ်တဲ့အတွက် အိုင်စီစီပို့လို့မရဘူး။ သက်ဆိုင်ရာ နိုင်ငံက စုံစမ်းစစ်ဆေးနေတဲ့ ကိစ္စတခုကို နိုင်ငံတကာတရားရုံးတို့၊ နိုင်ငံတကာက ၀င်ရောက် စွက်ဖက်လုပ်လို့မရဘူး။ သူ့နိုင်ငံလုပ်ငန်းစဉ် ပြီးမှကို ကျန်တာတွေ ဆက်စဉ်းစားရတယ်။ ဒါ နိုင်ငံတကာလုပ်ထုံးလုပ်နည်း၊ သို့သော် ကမ္ဘာမှာ မရှိဘူး။ အိုင်စီစီ တရားရုံးရဲ့ စီရင်ထုံးတွေမှာ မရှိခဲ့တဲ့ အသစ်အဆန်းတွေ လုပ်လာရင် လက်မခံဘူး” လို့ ဦးဇော်ဌေးက ဆိုပါတယ်။

ARSA အကြမ်းဖက်အဖွဲ့နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ပြည့်ပြည့်စုံစုံနဲ့ ခိုင်မာအောင် ပြုစုနေပြီး ပြီးသွားရင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေကို ပေးပို့သွားမယ်လို့လည်း ပြောပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013